Tuesday, December 16, 2014

ဗုဒ္ဓဆင်းတုတော်နှင့် ဆံထုံး

မေး-ရဟန်းတွေ ဘာကြောင့်ခေါင်းရိတ်လဲ။ ဗုဒ္ဓဆင်းတုတော်မှာ ဘာကြောင့် ဆံပင်ရှိ သလဲ။ ပဉ္စဝဂ္ဂီငါးဦးရဲ့ ရုပ်သွင်က ဘယ်လိုပါလဲ။ လျှောက်ထားပါရစေ အရှင်ဘုရား။

(၁) ဗုဒ္ဓဘာသာရဟန်းတော်များ အဘယ်ကြောင့် ဆံပင်ကိုရိတ်ပြီး ဦးပြည်းခေါင်းတုံး ပြုကြပါသလဲဘုရား။

(၂) မြတ်စွာဘုရားဆင်းတုတော်များမှာ ရဟန်းသံဃာတွေနှင့် ခြားနားပြီး ဆံပင်မရိတ်ဖြတ်ဘဲ ဆံထုံးပုံနှင့်တွေ့ရခြင်းမှာ ဘာကြောင့်ပါလဲဘုရား။


(၃) ပဉ္စဝဂ္ဂီရဟန်းငါးဦးပုံကို ဆံပင်၊ မုတ်ဆိတ်၊ ပါးသိုင်းမွေးများနှင့် သရုပ်ဖော်ခြင်းမှာ သင့်မြတ်ပါသလား။

(၄) နှုတ်ကြမ်းသည့်ရဟန်းတစ်ပါးနှင့် အမှတ်မထင်ဆုံပါသည်။ သံဃာကို လေးစားပါသည်။ ငရဲကိုလည်း ကြောက်ပါသည်။ တပည့်တော် ဘယ်လို ပြုမူရပါမည်လဲဘုရား။

(စိုင်းစိုးလှိုင်)

ဖြေ- ဗုဒ္ဓမပွင့်မီကပင် စိတ်ပိုင်းဘဝဖြူစင်မှုနဲ့ မောက္ခ(လွတ်မြောက်မှု)ကိုရဖို့ ရှေး ခေတ် အိန္ဒိယပညာတတ် လူတန်းစားအချို့ဟာ ဆံမုတ်ဆိတ်ကိုပယ်၊ ဖန်ရည်ဆိုးအ ဝတ်ကို ဝတ်ပြီး လူ့ဘောင်ကိုစွန့်(တောထွက်)လေ့ရှိကြပါတယ်။

(ကေသမဿြုံ သဟာ ရိတွာ ကာသာယာနိ ဝတ္ထာနိ အစ္ဆာဒေတွာ အဂါရသမာ အနဂါရိယံ အဇ္ဈာဝသတိ။) ဒါကြောင့် ဗုဒ္ဓသာသနာအစပိုင်းမှာ မြတ်ဗုဒ္ဓနဲ့တွေ့လို့ ရဟန်းပြုကြသူ အများစုဟာ ရင့်ကျက်ပြီးသူတွေဖြစ်လို့ ရဟန်းအသွင်မျိုး ရှိပြီးဖြစ်မယ်လို့ ယူဆရပါတယ်။

ဗုဒ္ဓဖြစ်ပြီးနောက် ဒုတိယနှစ် ၂ဝ အတွင်းနဲ့ အဲဒီနောက်ပိုင်း ဗုဒ္ဓထံမှာမရင့် ကျက်ဘဲ ရဟန်းပြုလာကြတဲ့ ဆဗ္ဗဂ္ဂီအုပ်စုဝင်ရဟန်းတွေဟာ ဆံပင်ရှည်ရှည်ထားလို့ လူအများက ''ကာမသုံးဆောင် လူ့ဘောင်က ငါတို့တွေလိုပါပဲလား''လို့ ကဲ့ရဲ့ကြတဲ့ အခါမှာ ဗုဒ္ဓက ''ရဟန်းတို့၊ (ကာလအားဖြင့်) နှစ်လရှိသောဆံပင်၊ (ပမာဏအားဖြင့်) လက်နှစ်သစ်ရှိသော ဆံပင်ကိုခွင့်ပြု၏ (ဝိ ၄၊ ၂၄ဝ)''လို့ မိန့်ပါတယ်။

ဒါကြောင့် ရဟန်းတွေ ဆံပင်ကိုရိတ်ဖြတ်ကြရတာပါ။ ယခုခေတ် မြန်မာ ရဟန်းအများစုကတော့ နှစ်ပတ်တစ်ကြိမ် သို့မဟုတ် တစ်ပတ်တစ်ကြိမ် ဆံပင်ရိတ် ကြပါတယ်။ ယိုးဒယားနိုင်ငံမှာတော့ လပြည့်လကွယ်နေ့တိုင်း တစ်လနှစ်ကြိမ် တစ် နိုင်ငံလုံးရှိ ရဟန်းတော်တွေ ပြိုင်တူ(တစ်ပြိုင်နက်) ဆံပင်ရိတ်ကြပါသတဲ့။

ဗုဒ္ဓဆံပင်ပုံစံ
**************
ပညာမာန်တက်နေတဲ့ သိင်္ဂါရဝပုဏ္ဏားငယ် (မ ၂၊ ၄၂၄)၊ မီးကို ကိုးကွယ်သူ အဂ္ဂိဘာရာဒွါဇာ(သုတ္တနိ၊ ၂၉၇)တို့က မြတ်ဗုဒ္ဓကို ''မုဏ္ဍက (ဦးပြည်းခေါင်းတုံးစုတ်)'' လို့ နှိမ့်ချပြီး ခေါ်ဖူးတယ်။ ''ထိုငါသည် မိဘများမလိုလား၍ ငိုကြွေးကြစဉ် ဆံမုတ် ဆိတ်ကိုရိတ်ပယ်ပြီး ဖန်ရည်ဆိုး အဝတ်ကိုဝတ်၍ ရဟန်းပြုခဲ့၏''လို့ ဗုဒ္ဓရဲ့နှုတ်တော်မှ နိဂဏ္ဌတက္ကတွန်း၏သား သစ္စက(မ ၁၊ ၂ဝ၁)၊ သိင်္ဂါရဝပုဏ္ဏားငယ်(မ ၂၊ ၄၂၄)စတဲ့ ပုဂ္ဂိုလ်တွေကို မိန့်တော်မူဖူးပါတယ်။ ဒါကတော့ မူရင်းပါဠိတော်တွေမှာပါတဲ့ ဗုဒ္ဓ ဆံတော်နဲ့ပတ်သက်တဲ့ အတွေးအမြင်ကို ခန့်မှန်းကြည့်ဖို့ပါ။ ဒီစာအရ ဗုဒ္ဓဘုရားရှင် ဟာ ဆံပင်နဲ့ မုတ်ဆိတ်ကျင်စွယ်ကို ရိတ်ပယ်ထားတယ် ဆိုတာလောက်တော့ အသေ အချာ ဆိုနိုင်တယ်။

''မင်းသားသိဒ္ဓတ္ထသည် သန်လျက်ကိုထုတ်ပြီး လက်ယာလက်ဖြင့် သန်လျက် ကိုကိုင်ကာ လက်ဝဲလက်ဖြင့် သရဖူနှင့်တကွ ကျစ်ထားသည့်ဆံကို ဖြတ်၏။ ဆံတော် သည် လက်နှစ်သစ်မျှလောက်သာ အရှည်ကျန်ပြီး ညာဘက်သို့ရစ်ခွေလျက် ဦးခေါင်း ပေါ်၌ တည်နေ၏။ ဆံပင်များသည် အသက်ထက်ဆုံး ထိုထက်ပိုမရှည်တော့ဘဲ မုတ် ဆိတ်မွှေးများလည်း အနေတော်မျှသာကျန်၏။ နောက်ထပ် ဆံမုတ်ဆိတ်ကို ရိတ်ခြင်း ကိစ္စ မရှိတော့ချေ (ဇာ-ဋ္ဌ ၁၊ ၇၄)''။

သက္ကတကျမ်းတွေဖြစ်ကြတဲ့ လလိတဝိတ္ထာရ (အင်္ဂလိပ်၊ ပြန်၊ စာ- ၂၁၂) နဲ့ မဟာဝတ္ထု(အင်္ဂလိပ်၊ ပြန် ၂၊ စာ- ၅၆)ကျမ်းတွေမှာလည်း ဆံတော်ကိုဓားနဲ့ဖြတ် ပြီး ကျန်တဲ့ဆံတော်တွေက ခေါင်းပေါ်မှာ အမြဲတမ်းရှိနေတယ်လို့ ဖော်ပြပါတယ်။ ဆန်ချီစေတီ တောင်ဘက်ဂိတ်ကျောက်တိုင်က ဆံတော်ပယ်ရုပ်ကြွ (ဘီစီ ၅ဝ)မှာလည်း ဆံတော်ကို ဓားနဲ့ဖြတ်ပြီး တစ်ဝက်ကျန်နေတဲ့ပုံကို တွေ့ရပါတယ်။ (A Guide to Sanchi, Sir John, Marshall, p.51)။ ဒါတွေအရဆိုရင် ဗုဒ္ဓရဲ့ဦးခေါင်းပေါ်မှာ ရစ် ခွေနေတဲ့ လက်နှစ်သစ်လောက် ဆံပင်ရှည်ရှိတယ်လို့ ဆိုနိုင်ပါတယ်။

ဗုဒ္ဓဆင်းတုပုံစံနှစ်မျိုး
***********************
ဗုဒ္ဓဝါဒဆိုင်ရာ ကျမ်းစာတွေကိုအခြေခံ၍ပင် ရှေးခေတ်တစ်ချိန်က ဗုဒ္ဓဆံ တော်နဲ့ပတ်သက်ပြီး အဓိပ္ပာယ်ကောက်ယူမှု နှစ်မျိုးဖြစ်သွားခဲ့ပုံရတယ်။

(၁) ရှေးအကျဆုံးပါဠိတော်ကျမ်းတွေ (၄င်းတို့နားလည်ပုံ)အရ ဗုဒ္ဓဟာ ဆံတော်ကို ရိတ်ပယ်ထားတယ် သို့မဟုတ် ဦးခေါင်တော်မှာ ဆံပင်ရှည်ရှည်မရှိဘူး။ မုတ်ဆိတ်မွေး လည်းမရှိဘူး။

(၂) နှောင်းခေတ်သက္ကတနဲ့ ပါဠိဘာသာမှတ်တမ်းတွေဖြစ်ကြတဲ့ လလိတဝိတ္ထာရ၊ မဟာဝတ္ထုနှင့် ဇာတကအဋ္ဌကထာနိဒါန်းတို့မှာ ဖော်ပြသလို ဗုဒ္ဓရဲ့ဦးခေါင်းပေါ်မှာ ရစ် ခွေနေတဲ့ ဆံပင်ရှည်ရှိတယ်။
ပန်းပုပညာ ထွန်းကားလာတဲ့ နှောင်းခေတ်မှာ အိန္ဒိယနိုင်ငံ မထုရာမြို့က ပန်းပုပညာရှင်တွေဟာ အဲဒီအစဉ်အလာနှစ်မျိုးနှင့်အညီ အပြိုင်အဆိုင် ဗုဒ္ဓဆင်းတုတွေ ထုတ်လုပ်ကြတယ်လို့ ဆိုပါတယ်။ ပထမအစဉ်အလာကို လိုက်နာတဲ့ ဆံထုံးမပါတဲ့ ဗုဒ္ဓဆင်းတုတွေကို မထုရာ(Mathur) မန်ကောရာ(Mankuar)နှင့် မိဂဒါဝုန်(Sarnath)တို့မှာ တွေ့ရ တယ်။ ယနေ့ခေတ် မြန်မာ၊ သီရိလင်္ကာ၊ ယိုးဒယားစတဲ့ ထေရ ဝါဒနိုင်ငံတွေမှာတော့ ဒုတိယအစဉ်အလာကိုလိုက်နာတဲ့ ရစ်ခွေ နေတဲ့ ဆံပင်ပုံစံနဲ့ဆင်းတုတော်တွေက လွှမ်းမိုးသွားပုံရပါတယ်။

(၃) ပဉ္စဝဂ္ဂီငါးဦးဟာလည်း ဗုဒ္ဓမပွင့်မီက မောက္ခကို ရှာမှီးကြ တဲ့ ရင့်ကျက်ပညာတတ်အုပ်စုဝင်ပုဂ္ဂိုလ်များဖြစ်လို့ အနီးစပ် ဆုံး ဆံမုတ်ဆိတ်ကို ရိတ်ပယ်ထားပြီး အဝါရောင် ဖန်ရည်ဆိုး အဝတ်ကို ဝတ်ထားတဲ့ ရသေ့ရဟန်းအသွင်မျိုးပဲ ဖြစ်နိုင်မယ်လို့ ထင်ပါတယ်။
ပန်းချီဆရာအချို့ သရုပ်ဖော်သလို အင်္ကျီဖြူဝတ်ပြီး ဆံပင်တစ်ထွာတစ်တောင်လောက်နဲ့ မုတ်ဆိတ်မွေးကို ပွတ်သပ် ပြီး ဓမ္မစကြာတရားဦးနာယူနေတဲ့ပုံစံမျိုးတော့ ပုံမဖော်ရဲပါ။ ဗုဒ္ဓခေတ် တောထွက်တဲ့ ရသေ့ရဟန်းအချို့ရဲ့ အသုံးအဆောင် (ပရိက္ခရာ)ထဲမှာ ဆံပင်ကိုပါရိတ်ဖြတ်နိုင်တဲ့ ဓားသေးသေးတစ် ချောင်း ပါလေ့ရှိတာကိုလည်း သတိပြုသင့်ပါတယ်။

ဒါပေမဲ့ 'ဇဋာဓာရိတာယ ဇဋိလာ(ဥဒါန-ဋ္ဌ၊ ၅၇)'အရ ဆိုရင်တော့ ဆံပင်မရိတ်တဲ့ ရသေ့ရဟန်းတစ်မျိုးလည်း ရှိနိုင် ပါတယ်။
(၄) ရဟန်းတစ်ပါးဟာ နှုတ်ထွက်ကြမ်း၊ အနေအထိုင် မသပ်ရပ် ပေမယ့် တစ်ခါတစ်ရံ သီလသိက္ခာကိုလိုက်နာပြီး ကောင်းကောင်း မွန်မွန် စာပေပရိယတ္တိသင်ကြားနေတဲ့ ပုဂ္ဂိုလ်ဖြစ်နေတတ်တယ်။ တကယ်လေးစားတယ်။ ငရဲကြီးမှာလည်း ကြောက်တယ်ဆိုရင် အသင့်နှလုံးသွင်း (ယောနိသောမနသိကာရ)မျိုး ထားသင့်ပါ တယ်။ ရဟန်းသံဃာအများစုဟာ သာမန်ပုထုဇဉ်မျှသာဖြစ်လို့ ပုထုဇဉ်အငွေ့အသက် တွေ့မြင်ရတာဟာ မျှတပါတယ်။ မွေးရာ ပါဝါသနာဗီဇကို ဘုရားကလွဲလို့ ရဟန္တာကြီးတွေတောင် မပယ် နိုင်တဲ့ သာဓကတွေရှိပါတယ်။

ဒါကြောင့် မိမိမကြည်ညိုရင် ငြိမ်ငြိမ်သာနေပါ။ သီလ သိက္ခာကျိုးပေါက်တာ မသေချာဘဲနဲ့ အဲဒီဘုန်းကြီးအကြောင်း ကို မကောင်းဆိုပြီး အကြည်ညိုပျက်အောင်လည်း သူများကို မဆွယ်ပါလေနဲ့။ စိတ်ထဲက ဒေါသငွေ့ငွေ့လေးတွေ နှုတ်ပေါ် ရောက်လာရာကနေ နီးရာလူတွေကို ရဟန်းတော်ဘက်မေးငေါ့ ပြီး 'ကြည့်... ကြည့်။ အဲဒီကိုယ်တော်ပဲပေါ့'လို့ ပြောဆိုဆဲမှာ ကုသိုလ်စိတ်တွေ ဖြစ်နိုင်မယ်လို့ ထင်ပါသလား။

#TheFlowerNews

Credit -  Yangon Media Group

 
 

No comments:

Post a Comment