Tuesday, December 16, 2014

အရပ်ဘက်အဖွဲ့အစည်းတွေ ဘယ်လောက် အားကောင်းနေပြီလဲ

 ဒီဇင်ဘာ ၁၄ရက်နေ့စွဲဖြင့် မြန်မာပြည်သူ့ဖိုရမ်၂၀၁၄ ၏ထုတ်ပြန်လိုက်သည့် ထုတ်ပြန်ကြေညာချက် ကို ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ရရှိခဲ့သည်။ မနေ့ ကတည်းက ထိုဖိုရမ်အပြီးတွင် မည်သို့သော ကြေညာချက်များ ထုတ်ပြန်မည်လဲ ဟု သိချင်စိတ်စောရှိနေခဲ့ပါသည်။ အကြောင်းမှာ ထိုဖိုရမ် သည် အရပ်ဘက် အဖွဲ့အစည်းပေါင်းစုံ၏အမြင်များကို ကိုယ်စားပြုထားခြင်းကြောင့်ဖြစ်သည်။

ဒီဇင်ဘာ(၁၂)ရက်မှ (၁၄)ရက် အထိ ရန်ကုန်မြို့ တက္ကသိုလ်များစိန်ရတုခန်းမ တွင် ကျင်းပခဲ့ပြီး၊ အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများအပါအဝင် (၁၂၆)ဖွဲ့နှင့် တစ်သီးပုဂ္ဂလများပါ စုစုပေါင်း (၅၅၄)ဦး တက်ရောက်ခဲ့သည်ဟု သိ ရပါသည်။

ထိုဖိုရမ်၌ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေး၊ တရားမျှတ မှုနှင့် လူ့အခွင့်အရေး၊ ဒီမို ကရေစီပြုပြင်ပြောင်းလဲရေးဆိုင်ရာ ခေါင်းစဉ်လေးခုဖြင့် အလုပ်ရုံဆွေးနွေး ပွဲပေါင်း (၁၅) ခု ကျင်းပခဲ့ပြီး၊ ထိုအလုပ်ရုံဆွေးနွေးပွဲများမှ အကြံပြုတင်ပြချက် များအဖြစ် အေဖိုးဆိုက်ကိုးမျက်နှာတွင် အကြံပြုချက်ပေါင်း (၆၃)ချက် ဖော်ပြထားသည်ကို တွေ့ရပါသည်။

ယခုကျင်းပခဲ့သည့် မြန်မာပြည်သူ့ဖိုရမ်သည် ဒုတိယ အကြိမ် မြောက်ဖြစ်ပြီး ၊ ၂၀၁၃ခုနှစ်က ပထမအကြိမ် ကျင်းပခဲ့ခြင်း ဖြစ်ကာ ထိုစဉ်က ထုတ်ပြန်ကြေညာ ချက်တွင် အချက်ပေါင်း(၅၅)ချက် ပါဝင်ခဲ့ကြောင်း သိရသည်။

ထိုသို့ အရပ်ဘက်အဖွဲ့အစည်းများ၏ အမြင်ပေါင်းစုံကို ဖော်ထုတ်တင်ပြ နိုင်သည့် ဖိုရမ်မျိုးကျင်းပလာနိုင်ခြင်းသည် ကောင်းမွန်သော လက္ခဏာဟု ဆိုရပါမည်။ တစ်နည်းအားဖြင့် ထိုသို့သော ဖိုရမ်မျိုးကို ကျင်းပလာနိုင်ခြင်း သည် အရပ်ဘက်အဖွဲ့အစည်းများ အားကောင်းလာစေရန်အတွက် လမ်းစတစ်ခု လည်း ဖြစ်ပေသည်။ ထိုသို့ ဖြစ်မလာပါက မည်မျှပင် ဒီမိုကရေစီ၊ ပြည်သူ အခြေ ပြုအစိုး ရဟု ပြောနေပါစေ၊ ဒီမိုကရေစီ မပီပြင်သော ပြည်သူ အခြေပြုမဟုတ် သော သဘောကို ဆောင်နေမည် သာ ဖြစ်ပါသည်။

ယခု မြန်မာပြည်သူ့ဖိုရမ်သို့ ပါဝင်ဆွေးနွေးခဲ့ကြသည့် အရပ်ဘက်အဖွဲ့အ စည်းများသည် ပြည်သူများကြားမှ အမှန်တရား၊ ပြည် သူ များကြား မှ ခံစားချက်များ၊ ပြည်သူများ၏ စိတ်ဆန္ဒနှင့် ပြည်သူများ၏ လိုလားချက် ၊ မျှော်လင့်ချက်များကို ကိုယ်စားပြုထင်ဟပ်ထားသည့် အဖွဲ့အစည်း များဖြစ်ကြပေ သည်။

ယခုလို ဆွေးနွေးတင်ပြ အကြံပြုချက်များသည် သူတို့၏ လေ့လာဆန်း စစ်ချက် များ၊ မြေပြင်ကွင်းဆင်းရာမှရရှိလာ သည့် တွေ့ရှိချက် များနှင့် ယင်း တို့ကို ခွဲခြမ်းစိတ်ဖြာ ၍ ဒေတာအချက်အလက်များအဖြစ် ပြောင်းလဲထားသည့် အဖြစ်မှန်များဖြစ်ရာ အစိုးရအပါအဝင် သက်ဆိုင်ရာ ရည်ညွှန်းခံအဖွဲ့အစည်း များအနေဖြင့် ယင်းအကြံပြုချက်များအပေါ် လက်လွတ်စပယ်သဘောမထား ဘဲ၊ ရုပ်ပြသဘော မဟုတ်သော အလေးထားမှုများဖြင့် အကောင်အထည်ဖော် ရန် လိုအပ်လှပေသည်။ သို့မှသာ အရပ်ဘက်အဖွဲ့အစည်းများကို အားပေး ရာ ရောက်မည့်အပြင် အရပ်ဘက်အဖွဲ့အစည်းများ၏ ဩဇာလည်း သက်ရောက် နိုင် မည်ဖြစ်ပေသည်။

ထိုသို့မဟုတ်လျှင် အရပ်ဘက်အဖွဲ့အစည်းများ၏ ရပ်တည်မှုကို အင်အား ချည့်နဲ့သွားစေမည် ဖြစ်သည်။ မည်သည့်နိုင်ငံတွင် ဖြစ်စေ၊ အရပ်ဘက်အဖွဲ့ အစည်းများသည် နိုင်ငံအစိုးရများ မလုပ်နိုင်သော လုပ်ငန်းတာဝန်များကို နိုင်ငံ အစိုးရများကိုယ်စား ဝင်ရောက်ထမ်းကူ လုပ်ကိုင်ပေးကြခြင်းဖြစ်ပါသည်။ တစ်နည်း အားဖြင့် နိုင်ငံအစိုးရများနှင့် ပြည်သူလူထုအကြား ဆက်စပ်ပေးကြ သည့် အဖွဲ့ အစည်း များလည်း ဖြစ်ပါသည်။

သို့ဖြစ်ရာ အရပ်ဘက်အဖွဲ့အစည်းများ မည် မျှအားကောင်းသနည်းဟူသော အချက်သည် နိုင်ငံတစ်နိုင်ငံ၏ တိုးတက်မှု မည်မျှ ရှိသည်။ ဒီမိုကရေစီမည်သည့် အဆင့်အတန်းတွင် ရှိသည်။ တရားမျှတမှု မည်မျှ အားကောင်း၍ တည်ငြိမ်မှု မည်မျှရှိသည်ဟူသော အချက်များ အပေါ် တွင် မှီတည်လျက်ရှိပါကြောင်း ဒီမိုကရေစီတူဒေးသတင်းစာက သုံးသပ်ဖော်ပြ အပ်ပေသည်။

အယ်ဒီတာ (ဒီဇင်ဘာ ၁၅၊ ၂၀၁၄)

#‎DemocracytodayEditorial‬

No comments:

Post a Comment