Monday, December 15, 2014

စီးပွားရေး ပြုပြင်ပြောင်းလဲမှု အားရစရာ မရှိသေးဟု သူရဦးရွှေမန်း ဆို

ရန်ကုန် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံ၏ စီးပွားရေးပြုပြင်မှုများသည် မျှော်မှန်းထားသလောက် ကောင်းကျိုးများ မရရှိသေးဟု ပြည်ထောင်စု လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဒီဇင်ဘာ ၁၃ ရက်က လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီရုံး၌ ပြုလုပ်သည့် လူထုတွေ့ဆုံပွဲတွင် ပြောဆိုသည်။

Road-2
ရန်ကုန်မြို့၊ သိမ်ကြီးဈေးအနီးကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်သော်လည်း အောက်ခြေ လူတန်းစားအထိ သက်ရောက်မှု နည်းပါးနေခြင်း ဖြစ်သည်။



“အခု နိုင်ငံအခြေအနေက အရင်ကထက်စာရင် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေ အများကြီး လုပ်ဆောင်ရာမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုက အားရစရာတွေရှိနေပေမယ့် စီးပွားရေးနဲ့ လူမှုရေး ပြုပြင်ပြောင်းလဲမှုတွေက အားရစရာ မရှိသေးပါဘူး” ဟု ၎င်းက ဆိုသည်။

စီးပွားရေးစနစ်၌ အစိုးရ ဦးစီးဆောင်ရွက်မှုကြောင့် အောင်မြင်မှု ရှိ၊ မရှိ သုံးသပ်ပြီး အောင်မြင်မှုမရှိပါက စီးပွားရေးကောင်းရန် ပြည်တွင်း လုပ်ငန်းရှင်များ၊ အလုပ်သမားများနှင့် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်စေရန် အစိုးရက ပူးပေါင်းလုပ်ဆောင်သင့်သည်ဟုလည်း ၎င်းက ထင်မြင်သုံးသပ်သည်။

နိုင်ငံ့စီးပွားရေးအတွက် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်ရန် လိုအပ်သည်ဟုဆိုသော် လည်း အခြေခံ အဆောက်အအုံနှင့် လုပ်ထုံးလုပ်နည်းရှုပ်ထွေးမှုများကြောင့် နိုင်ငံတကာကော်ပိုရေးရှင်း ကြီးများလည်း ၀င်ရောက်မှု အားရစရာ မရှိသေးဟု စီးပွားရေး ပညာရှင် အသိုင်းအဝိုင်းက ပြောဆိုသည်။

စီးပွားရေးပညာရှင် ဦးမော်သန်းက“နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုက ကျွန်တော်တို့ကပဲ မျှော်လင့်ချက်များနေလို့ လားမသိဘူး။ အားရစရာ မရှိသေးဘူး။ ဒီ့ထက်ပိုပြီး ဝင်လာအောင် ဆွဲဆောင်မှုတွေ ပိုလုပ်ဖို့လိုတယ်လို့ မြင်မိတယ်” ဟု ဆိုသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုလာသော်လည်း လက်ရှိဝင်ရောက်သော လုပ်ငန်းများမှာ နိုင်ငံတကာစံနှုန်းများဖြင့် ချိန်ထိုးကြည့်ပါက အသေးစား၊ အလတ်စား နိုင်ငံတကာ လုပ်ငန်းအဆင့်လောက်သာ ရှိနေသည်ဟုလည်း ပြည်တွင်းအထည်ချုပ်လုပ်ငန်းရှင် ဦးအေးသောင်းက အဆိုပါပွဲတွင် ပြောသည်။

စီးပွားရေးတိုးတက်မှုနှင့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု အားနည်းနေခြင်းမှာ စီးပွားရေး ဆိုင်ရာမူဝါဒ အားနည်းချက်များ ရှိနေခြင်းနှင့် နိုင်ငံတကာ လုပ်ငန်းက မြန်မာနိုင်ငံ၏ စီးပွားရေးဆိုင်ရာ ဥပဒေလုပ်ထုံးလုပ်နည်းနှင့် နိုင်ငံရေး စိုးရိမ်မှုများကြောင့်လည်း ပါဝင်သည်ဟု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်း ဒု-ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောဆိုထားသည်။

Credit - Mizzima News

No comments:

Post a Comment