ရန်ကုန်၊ ဒီဇင်ဘာ ၁၆
လှိုင်သာယာမြို့နယ် ဒဂုံဧရာ အဝေးပြေး ယာဉ်ရပ်နားစခန်းအနီး ဝါဝါဝင်း ကုမ္ပဏီပိုင် မြေနေရာတွင် ဒီဇင်ဘာလ ၁၆ ရက် ညနေ ၆ နာရီက ယင်းမြေနေရာ အတွင်းရှိ ကျူးကျော်တဲများ မီးရှို့ ဖျက်ဆီးခံရသောကြောင့် ကျူးကျော် နေထိုင်သူများနှင့် ဝင်ရောက် ဖျက်ဆီးသူအဖွဲ့တို့ နှစ်ဖက် အပြန်အလှန် ခိုက်ရန် ဖြစ်ပွားခဲ့ကြောင်း မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။
“ကျူးကျော်တဲတွေကို ဖျက်နေတာက နှစ်ရက်လောက်ရှိပြီ။ ဒီနေ့ ညနေမှာ ဖျက်ဆီးတဲ့အဖွဲ့က တဲအိမ်သုံးလုံးကို မီးရှို့လိုက်ရာက နှစ်ဖက် ခိုက်ရန်ဖြစ်ကုန်တာ။ ရဲတပ်ဖွဲ့ကနေ အချိန်မီ ထိန်းသိမ်းပေးခဲ့တာကြောင့် နာရီဝက်အတွင်း အခြေအနေက ပုံမှန်အတိုင်း ပြန်ဖြစ်ခဲ့ပါတယ်” ဟု မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးမြင့်စိုးက ဆိုသည်။
အဆိုပါ ဝါဝါဝင်း ကုမ္ပဏီပိုင် မြေနေရာမှာ မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနမှ တရားဝင် ခွင့်ပြုချက် ရရှိထားသော မြေနေရာဖြစ်ပြီး လွန်ခဲ့သော တစ်လမှ စတင်ကာ ကျူးကျော်တဲများ ဝင်ရောက် ဆောက်လုပ်နေသောကြောင့် ဖယ်ရှားပေးရန် ကုမ္ပဏီဘက်က အကြိမ်ကြိမ် သတိပေးခဲ့သော်လည်း မဖယ်ရှားပေးသဖြင့် ဒီဇင်ဘာလ ၁၅ ရက်နေ့မှ စတင်ကာ လူ ၃၀၀ ကျော်က တုတ်၊ ဓားလက်နက်များ ကိုင်ဆောင်၍ ဝင်ရောက် ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း ယင်းစက်မှုဇုန်ဝင်းအတွင်း နေထိုင်သူများထံမှ သိရှိရသည်။
“ကုမ္ပဏီက လူမိုက်တွေကို နေ့စားနှစ်သောင်းနဲ့ ငှားပြီး ဖျက်ခိုင်းတာလို့ ကြားရတယ်။ ကြည့်မြင်တိုင် ဘက်ခြမ်းက လူမိုက်တွေ ငှက်ကြီးတောင်ဓားတွေနဲ့ တဲအိမ်တွေကို ဝင်ခုတ်တာ။ အခု အိမ်တွေပါ မီးရှို့ခံရတော့ နှစ်ဖက်အဖွဲ့ တုတ်ဓားတွေနဲ့ အပြန်အလှန် ခိုက်ရန်ဖြစ်ခဲ့တာ။ လူသေဆုံးမှုတော့ မရှိခဲ့ဘူး။ ဒါပေမဲ့ ထိခိုက်ဒဏ်ရာ ရသူတွေတော့ ရှိတယ်”ဟု ယင်းခိုက်ရန် ဖြစ်ပွားစဉ်က သွားရောက် ကြည့်ရှုခဲ့သောအတွင်း ပဒံကျေးရွာမှ အသက် ၄၀ ဝန်းကျင်ရှိ အမျိုးသားတစ်ဦးက ရှင်းပြသည်။
ယင်းနှစ်ဖက်အဖွဲ့ အပြန်အလှန် ခိုက်ရန် ဖြစ်ပွားခဲ့သောကြောင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီးတို့ ရောက်ရှိလာပြီး နယ်မြေ အေးချမ်းရေးအတွက် လုံခြုံရေးကို တင်းကျပ်စွာ ဆောင်ရွက်ရန် ညွှန်ကြားခဲ့ရာ အခင်းဖြစ်ပွားခဲ့သည့် ကျူးကျော်တဲများ တည်ရှိရာဇုန်ကို လုံခြုံရေးစည်းများ သတ်မှတ်ပြီး ဝင်ထွက်သွားလာခွင့် ယာယီ ပိတ်ပင်ထားကြောင်း လှိုင်သာယာမြို့မ ရဲစခန်းထံမှ သိရှိရသည်။
အဆိုပါ ကျူးကျော် နေထိုင်သူများမှာ ယခင်ရွှေသံလွင် စက်မှုဇုန်အတွင်း နေထိုင်ရာမှ ဖယ်ရှားခံရသောကြောင့် အနော်ရထာ စက်မှုဇုန်ဝင်းဘက် ပြောင်းရွှေ့နေထိုင်ခဲ့ရာ လတ်တလောတွင် ကျူးကျော်တဲ ၃၀၀၀ နီးပါး ရှိကြောင်း၊ ယင်းကျူးကျော်နေသူ တချို့တွင် မြေကွက်နေရာများဦးကာ အကွက်ရိုက် ရောင်းစားနေသူများ ပါဝင်ကြောင်း လှိုင်သာယာမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
Credit - The Voice Weekly
No comments:
Post a Comment