သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ရှိ ကော်ဖီဆိုင်တွင် အစ္စလမ်စစ်သွေးကြွလက်နက်ကိုင်တစု သို့မဟုတ် တဦးက ဓားစားခံများ ဖမ်းဆီထားရာ ၁၂ နာရီခန့်ရှိလာပြီဖြစ်သော်လည်း မည်သူက မည်သည့်အတွက် ပြုလုပ်ကြောင်း ရှင်းလင်းစွာ မသိရှိရသေးပါ။
သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ရှိ ဘဏ်များ၊ အစိုးရရုံးများ တည်ရှိရာအရပ်ရှိ Lindt Chocolat Café အမည်ရ ကော်ဖီဆိုင် တွင် ဒေသစံတော်ချိန် နံနက် ၉ နာရီ ၄၅ မိနစ်ခန့်က အမည်မသိလက်နက်ကိုင် တဦး
သို့မဟုတ် တစုက လူတချို့က လူတချို့ကို ဓားစာခံ အဖြစ်ထိန်းသိမ်းထားခဲ့ခြင်းဖြစ်ရာ ထိုအထဲမှ ၅ ဦး လွတ်မြောက်လာခြင်းဖြစ်ကြောင်း သြစတြေး လျ တာဝန်ရှိသူများက ပြောသည်ကို အေဘီစီသတင်းက ဆိုသည်။
ပထမ ၃ ဦးလွတ်မြောက်လာပြီးနောက် နောက်ထပ် အမျိုးသမီး ၂ ဦးပါ လွတ်မြောက်လာခြင်းဖြစ်ပြီး ၄င်းတို့သည် လက်နက်ကိုင်သူက လွှတ်ပေးလိုက်ခြင်း သို့မဟုတ် ထွက်ပြေးလွတ်မြောက်လာခြင်းဆိုသည်ကို သဲကွဲစွာ မသိရသေး ပေ။
ကော်ဖီဆိုင်တွင်း ဓားစာခံများကို ထိန်းသိမ်းထားသူက သြစတြေးလျ ၀န်ကြီးချုပ်တိုနီအက်ဘော့နှင့် စကားပြောဆို လိုကြောင်း တောင်းဆိုထားသည်။ အခြား ရှင်းလင်းသည့် တောင်းဆိုမှုကိုလည်း မသိရသေးပေ။
အဆိုပါ ကော်ဖီဆိုင်မှန်ပြူတင်းအနီးတွင် ကော်ဖီဆိုင် စားပွဲထိုး ၀တ်စုံဝတ်ထားသည့် အမျိုးသမီး ၂ ဦးက အာရေဗျ ဘာသာဖြင့်ရေးသားထားသည့် ပိတ်စအနက်ကို ကိုင်စွဲထားသည်ကို တိုက်ရိုက်ထုတ်လွှင့်မှုများတွင် မြင်ရသည်။
ကနဦးက ISIS အလံဟု ထင်မှတ်ခဲ့သော်လည်း "“အလ္လာဟ် အရှင်မြတ်မှ တပါး ကိုးကွယ်ရာ အခြားမရှိ၊ မုဟမ္မဒ် သည် ဘုရားသခင် ၏ တမန်တော် ဖြစ်သည်” ဟု ရေးသားထားသော အဆိုပါအလံသည် အစ္စလာမ်နိုင်ငံများတွင် သာမာန်တွေ့မြင်နေကြအလံဖြစ်သောကြောင့် မည်သည့်အဖွဲ့နှင့် သက်ဆိုင်ကြောင်း ကောက်ချက်မဆွဲနိုင်သေးပေ။
သို့သော် အာရပ်ကမ္ဘာတွင် နာမည်ကြီးနေသော စစ်သွေးကြွအဖွဲ့ ISIS နှင့် ဆက်နွယ်မှု မရှိ ဟုလည်း မပြောနိုင်သေးကြောင်း သတင်းများက ဆိုသည်။
ကော်ဖီဆိုင်ထဲတွင် ဓားစာခံ အနည်းဆုံး ၁၂ ဦးခန့်ရှိမည်ဟု သြစတြေးလျ စုံထောက်များက ခန့်မှန်းထားပြီး ယခုထိ ဓားစာခံများနှင့်ပတ်သက်၍ ရှင်းလင်းသည့် သတင်းထုတ်ပြန်နိုင်မှု မရှိသေးပေ။
နယူးဆောက်သ်ဝေး ပြည်နယ်ရဲမင်းကြီးအဆိုအရ ကော်ဖီဆိုင်ထဲတွင် အနည်းဆုံး လက်နက်ကိုင်တဦး ရှိနေကြောင်း ဓားစာခံများနှင့် အဆက်အသွယ်ရရေး ကြိုးစားနေကြောင်း၊ ယခုဖြစ်ရပ်ကို ငြိမ်းချမ်းစွာ ဖြေရှင်းသွားမည်ဖြစ်ကြောင်း ပြောဆိုထားသည်။
နယူးဆောက်သ်ဝေးပြည်နယ် လက်ထောက် ရဲမင်းကြီးက ကနဦး ပြောဆိုမှုများတွင် လူ ၃ ဦးထွက်ပြေးသွားကြောင်း ဆိုသည်။
ယခုထိ လက်နက်ကိုင်တဦး သို့မဟုတ် တစုက ဓားစာခံများထိန်းသိမ်းထားရာ ကော်ဖီဆိုင်အနီး ပတ်ဝင်းကျင်ကို တား မြစ်ပိတ်ပင်ထားလိုက်ပြီး လုံခြုံရေးအပြည့်ယူထားလျှက်ရှိသည်။
သြစတြေးလျ ၀န်ကြီးချုပ်အပါအ၀င် ရဲမင်းကြီးများကလည်း တိုက်ရိုက်သတင်းစာရှင်းလင်းပွဲများလုပ်ကာ ဓားစာခံများ ၏ အခြေအနေများကို ၄င်းတို့ သိသမျှ ထုတ်ပြန်ပြောဆိုနေသည်။
သြစတြေးလျှနိုင်ငံရှိ မွတ်စလင် ခေါင်းဆောင်များက ယခုလုပ်ရပ်အား ပြင်းထန်စွာ ရှုတ်ချနေကြသည်။
ကော်ဖီဆိုင်အတွင်း ဓားစာခံများအား ထိန်းသိမ်းထားသူ လက်နက်ကိုင်သမားနှင့် ယခုထိ အဆက်အသွယ်မရ သေး ကြောင်းလည်း ရဲအရာရှိများက ဆိုသည်။
Credit - The Irrawaddy (Burmese Version)







No comments:
Post a Comment