Written by - မြေနီသစ္စာ
“ဖေဖေဟာ ကျွန်မ ဖေဖေအဖြစ်သာ မဟုတ်ပါဘူး။ ကျွန်မရဲ့စံပြခေါင်းဆောင်လည်း ဖြစ်ပါတယ်”ဟု လူထုခေါင်းဆောင် ဒေါ်စု (ဒေါ်အောင်ဆန်းစုကြည်)က မကြာခဏ ပြောခဲ့ဖူး၏။ ယင်းသို့ ဘာကြောင့်ပြောနိုင်ရပါသနည်း၊ ဘာကြောင့်ပြောနိုင်သည်ကိုကော မလေ့လာသင့်ပေဘူးလား၊ မသုံးသပ်သင့်ပေဘူးလား၊ ယင်းအချက်ကို မိမိတို့ လက်လှမ်းမီသမျှ ဝေဖန်ကြည့်မိပါသလား။
ဒေါ်စုက သူ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းကို “စံပြခေါင်းဆောင်”ဟု ပြော၏။ ဒေါ်စုက စံပြခေါင်းဆောင်ဟု ဦးထွတ်တင်ကာ ပြောလာရသော ဗိုလ်ချုပ်အောင်ဆန်း၏ စံပြုစရာအကြောင်းတို့ကို ဘာကြောင့် လေ့လာသင့်ရပါသလဲ။
စင်စစ် ဗိုလ်ချုပ်တွင် စံပြခေါင်းဆောင်ဖြစ်ရသော စံပြုစရာအချက်အလက်များစွာ ရှိ၏။ ဗိုလ်ချုပ်သည် နိုင်ငံရေးတစ်ခုတည်းသာ လုပ်၏။ အသက်မွေးဝမ်းကျောင်းဆို၍ ဘာအလုပ်တစ်ခုမှ မလုပ်။ ရှင်း၏။ သူသည် ဝင်ငွေရသော အလုပ်တစ်ခုမျှ မလုပ်သဖြင့် မွဲ၏။ တစ်ခါတစ်ရံ ငတ်၏။ ပြတ်လတ်၏။ သို့သော် ဗိုလ်ချုပ်သည် မွဲ၍၊ ငတ်၍၊ ဝတ်ထည် နွမ်းပါးပြတ်လပ်၍ သူ့ယုံကြည်ချက် သူ့ခံယူချက်ကို နောက်မဆုတ်။ စားဝတ်နေရေး မပြေလည်သည်ကို အမှုမထား၊ သူ့ဦးတည်ချက်အတိုင်း ဖြောင့်ဖြောင့်တန်းတန်း ရှေ့သို့ ဦးတည်၏။ မကောက် အဖြောင့်ဖြင့် ရွေ့၏။
ကောင်းပြီ။ ဗိုလ်ချုပ်၏ သူ့ယုံကြည်ချက်၊ သူ့ခံယူချက်သည် ဘာများပါလဲ၊ ကျွန်သပေါက် ဘဝရောက်နေသော အမိမြန်မာနိုင်ငံတော်ကြီး မုချလွတ်လပ်ရမည်။ မုချလွတ်လပ်ရေးအတွက် အသက်ပေးရသည့်တိုင် ဦးမညွတ်နောက် မဆုတ်ဘဲ ဆက်လက်ချီတက်ပါမည်ဟူသော သန္နိဠာန်ပင်ဖြစ်သည်။ သန္နိဠာန်အတိုင်း ဦးတည်ရာလမ်းကြောင်းအတိုင်း မစောင်းမရွဲ့ ဗိုလ်ချုပ်ချီတက်၏။ ယင်းသို့ဆိုလျှင် ဗိုလ်ချုပ် သို့မဟုတ် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဖြစ်လာသော သခင်အောင်ဆန်းသည် သူ၏စံပြခေါင်းဆောင်တစ်ဦးဟု လူထုခေါင်းဆောင်ဒေါ်စုက လက်ခံပြောဆိုခြင်းသည် စင်စစ်အမှန် ဖြစ်မဖြစ် ဆန်းစစ်ကြည့်နိုင်ပေသည်။
စံပြခေါင်းဆောင်ဟူသည် ထူးချွန်ထက်မြက်သော လူတကာထက် အစစအရာရာ သာလွန်သော ဒုက္ခဆင်းရဲခြင်းကို ခံနိုင်ရည်ရှိသော ပုဂ္ဂိုလ်မျိုးကိုသာလျှင် စံပြခေါင်းဆောင် ဟု ခေါ်ဆို၏။
ဗိုလ်ချုပ်သည် သူဖြတ်သန်းလာခဲ့ရာ နိုင်ငံရေးသမားဘဝ တစ်လျှောက်လုံးတွင် စံပြခေါင်းဆောင်အဖြစ် သတ်မှတ်နိုင်သော အချက်ခြောက်ချက်ကို လေ့လာတွေ့ရှိရသည်။
၁။ ဗိုလ်ချုပ်သည် ကိုယ်ကျိုးစွန့်၏။
၂။ ကြုံလာသမျှ ဒူပေနာပေခံနိုင်၏။ ဆင်းရဲဒုက္ခကို သဲသဲမဲမဲ ခံနိုင်ရည်ရှိ၏။
၃။ ကြုံရာကျရာဘဝမှာ ရောင့်ရဲတင်းတိမ်နိုင်၏။
၎။ နိုင်ငံရေးကိစ္စတစ်ခုတည်းကိုသာ ဦးတည်ဆောင်ရွက်၏။
၅။ အားနည်းချက်၊ အခက်အခဲ အကျပ်အတည်းကို အခွင့်အရေးအားသာချက် ဖြစ်အောင် လုံ့လဝီရိယ ဇွဲသတ္တိတို့ဖြင့် အောင်မြင်စွာ ကျော်တတ်၏။
၆။ မိမိမှားလျှင် ဝန်ခံတတ်ခြင်းကား နိုင်ငံရေးသီလပြည့်ဝသော ပုဂ္ဂိုလ်အဖြစ် တည်ကြည်ရိုးသားခြင်းပင် ဖြစ်၏။
ဗိုလ်ချုပ်ဖြတ်သန်းရာ နိုင်ငံရေးစင်္ကြန် လမ်းကြောင်းတစ်လျှောက်သည် နယ်ချဲ့နှင့် ဖက်ဆစ်တို့ချထားသော ဆူးငြောင့်ခလုတ်ကံသင်း အဟန့်အတားအမျိုးမျိုးတို့ဖြင့် ပြည့်နှက်ပြွမ်းတီးလျက် ရှိ၏။
ကျောင်းသားခေါင်းဆောင် ကိုအောင် ဆန်းဘဝတွင် ဖြောင့်မှန်သောယုံကြည်ချက်အတိုင်း တည့်တည့်လျှောက်၏။ နယ်ချဲ့တိုင်းတစ်ပါးသား အာဏာပိုင်တို့၏ အဖိအနှိပ်၊ အတားအဆီးတို့ကြောင့် ကျောင်းထုတ်ခံခဲ့ရ၏။ သို့တိုင် သူဦးမညွတ်။ နယ်ချဲ့ဆန္ဒကို ခေါင်းမညိတ်ခဲ့။
သူ့ဦးတည်ရာက မစောင်းမရွေ့ခဲ့။ ဖက်ဆစ်ဂျပန်ကာလကို ဖြတ်ကျော် ချိုးဖျက်နိုင်အောင် မြန်မာ့တော်လှန်ရေးကို ဦးဆောင်နိုင်ခဲ့၏။ ဖက်ဆစ်ဆန့်ကျင်ရေးကို တစ်နိုင်ငံလုံးရှိ လူထုကြီးပါဝင်လာအောင် မျိုးချစ်စိတ်ဓာတ်ဖြင့် ဦးဆောင်နိုင်ခဲ့၏။ အမျိုးသားညီညွတ်ရေးကို စွမ်းစွမ်းတမံ တည်ဆောက်နိုင်ခဲ့၏။
မျိုးချစ်စိတ်ဓာတ်နှင့် ပတ်သက်၍ ပြုစုပျိုးထောင်ခဲ့သည်ကို ဗိုလ်ချုပ်က ဒီလိုမှတ်တမ်းတင်ခဲ့ပေသည်။ မျိုးချစ်ဗမာ့တပ်မတော်ဟူ၍ မျိုးချစ်ဟူသောအမည်ကို ကျွန်ုပ်တို့တပ်သားများသည် တကယ်ပင် ခံယူထိုက်လောက်အောင် တော်လှန်ရေးကာလတွင် စွမ်းစွမ်း တမံ လက်တွေ့ဆောင်ရွက်ခဲ့ကြပေသည်။ ကျွန်ုပ်တို့သည် ခရီးလမ်း၏အစတွင် မှားချင်မှားခဲ့ပေမည်။ အတိတ်ကာလအတွင်းက ကျွန်ုပ်တို့သည် မှားယွင်းမှုများကို ပြုမူခဲ့ချင်လည်း ပြုမူခဲ့ပေလိမ့်မည်။ သို့သော်လည်း ဘယ်အချိန်ဘယ်အခါမှ မျိုးချစ်စိတ်ဓာတ်၏ ခရီးလမ်းကြောင်းက ရှောင်ဖယ်သွေဖည်၍ မသွားခဲ့ကြောင်း ကျွန်ုပ်သည် ရဲဝံ့စွာ ပြောကြားလိုပါသည်။ ယင်းသည် ဗိုလ်ချုပ်ကြီး လော့ဒ်မောင့်ဘက်တန် ဦးဆောင်သော မဟာမိတ်ပေါင်းစုက အရာရှိများကို ဗိုလ်ချုပ်ပြောကြားခဲ့ခြင်းပင်။ ပြောသည့်အတိုင်းလည်း မျိုးချစ်စိတ်ဓာတ်ဖြင့် ဖက်ဆစ်တို့ကို အမှန်တကယ် ချေမှုန်းသုတ်သင်နိုင်ခဲ့လေသည်။
ဖက်ဆစ်သည် အလဲလဲအကွဲကွဲဖြင့် နာလန်မထူနိုင်အောင် ကျဆုံးသွားသောအခါ နယ်ချဲ့လက်ဟောင်း မျက်နှာဖြူတို့နှင့် ရင်ဆိုင်ရပြန်တော့၏။ သို့တိုင် ဗိုလ်ချုပ်သည် နောက်ထပ်စစ်မျက်နှာသစ် ဖွင့်လာသည့် နယ်ချဲ့တို့၏ ပရိယာယ်ဝေဝုစ်နည်းဗျူဟာတို့ကို စည်းလုံးမှု တည်ဆောက်နိုင်သောစွမ်းအားဖြင့် အဖျက်ကို ဖြိုဖျက်လျက် အဖြစ်သစ်ကို တည်ဆောက်နိုင်ခဲ့၏။ အမျိုးသားစည်းလုံးညီညွတ်ရေးကို ရေရှည်တည်ဆောက်သွားနိုင်ရန် မျိုးချစ်တပ်မတော်နေရာတွင် အမျိုးသားတပ်မတော်ကြီးတစ်ခု လိုအပ်နေ၏။ ဗိုလ်ချုပ်သည် ည§ိနှိုင်းဆွေးနွေးမှုဖြင့် ရယူလိုသည်ကို ရယူနိုင်သောစွမ်းအားတို့ဖြင့် ယနေ့တည်ရှိနေသော တစ်ခုတည်းသော တပ်မတော်ကြီးကို တည်ဆောက်နိုင်ခဲ့၏။ မြန်မာနိုင်ငံရှိ အလုပ်သမား၊ လယ်သမားတို့အတွက်လည်း လောကနိဗ္ဗာန်တည်ဆောက်နိုင်ရန် ဆိုရန်တိုဗီလာစီမံကိန်းကို ချမှတ်ခဲ့၏။
ဗိုလ်ချုပ်သည် တက္ကသိုလ်ကျောင်းသားဘဝကစ၍ သူ့ဘဝတစ်လျှောက်လုံး မြန်မာပြည်သူတို့အရေးတွင် သူကွယ်လွန်သည့်နေ့အထိ ၁၆ နှစ်တိုင်တိုင် မြှုပ်နှံ၏။ ဘက်စုံအနစ်နာခံ၍ ဆောင်ရွက်၏။ ပြင်းပြင်းထန်ထန် ကိုယ်စွမ်းဉာဏ်စွမ်းဖြင့် အားထုတ်လုပ်ကိုင်ခဲ့၏။
ယင်းသို့သော ပုဂ္ဂိုလ်မျိုးကို စံပြပုဂ္ဂိုလ်ဟုမဆိုလျှင် မည်သို့သောပုဂ္ဂိုလ်သည် စံပြပုဂ္ဂိုလ်ဖြစ်လာနိုင်သနည်း။
Credit - Eleven Media Group
No comments:
Post a Comment