![]() | |
(၆၇)နှစ်မြောက် တပ်မတော်(လေ)နေ့ နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် လေယာဉ်များ သရုပ်ပြပျံသန်းမှုတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး Facebook) |
(၆၇)နှစ်မြောက် တပ်မတော်(လေ)နေ့ နှစ်ပတ်လည်အထိမ်းအမှတ် Flying Display အခမ်းအနားကို ဒီဇင်ဘာ ၁၅ ရက်က မိတ္ထီလာတပ်နယ် လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ်၌ ကျင်းပခဲ့ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့ကြောင်း နိုင်ငံပိုင်ရုပ်သံသတင်းထုတ်လွှင့်ချက်အရ သိရသည်။
အဆိုပါအခမ်းအနားတွင် သရုပ်ပြပျံသန်းမှု စတင်ကျင်းပပြုလုပ်ရာ ပထမဦးစွာ စွန်ရဲအုပ်ဖွဲ့ခေါင်းဆောင် တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီးက တပ်မတော်(ကြည်း)အလံကို ချိတ်ဆွဲပြီး ကျန်သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်နှစ်စီးက တပ်မတော်(ရေ/လေ) အလံများကို အသီးသီးချိတ်ဆွဲကာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ပျံသန်းအလေးပြု ခြင်းကို ဆောင်ရွက်ခဲ့သည်။
ထို့နောက် လေယာဉ်အမျိုးအစားအလိုက် အချိန်ကိုက်ပျံသန်းအလေးပြုခြင်း အစီအစဉ်များကို ပျံသန်းသရုပ်ပြရာ တံခွန်အုပ်ဖွဲ့တွင် ရဟတ်ယာဉ်နှစ်စီးက Trail Formation ဟု ခေါ်သည့် ရှေ့နောက်တန်းလျက် ပုံစံအုပ်ဖွဲ့ပျံသန်းခြင်း၊ အာကာအုပ်ဖွဲ့တွင် လေယာဉ်အမျိုးအစား မတူညီသော သယ်ယူပို့ဆောင်ရေးလေယာဉ်တစ်စီးနှင့် အမောင်းသင် လေယာဉ်နှစ်စီးတို့က Composite Formation ခေါ် အမျိုးအစားမတူညီကြသည့် လေယာဉ်သုံးစီး အုပ်ဖွဲ့ပျံသန်းခြင်း၊ ရန်နိုင်အုပ်ဖွဲ့တွင် အမောင်းသင် လေယာဉ်ငါးစီးက Arrow Head ဟုခေါ်သည့် မျှားခေါင်းပုံစံ အုပ်ဖွဲ့ပျံသန်းခြင်း၊ သူရိန်အုပ်ဖွဲ့တွင် မကွေးလေတပ်စခန်းဌာနချုပ်မှ တက်ရောက်ကာ အချိန်ကိုက်ပျံသန်းလာသော ကြားဖြတ်တိုက်ခိုက်ရေးယာဉ်ငါးစီးက Arrow Head ဟုခေါ်သည့် မျှား ခေါင်းပုံစံအုပ်ဖွဲ့ပျံသန်းခြင်းတို့ဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ပျံသန်းအလေးပြုခဲ့ကြသည်။
ထို့အတူ လေယာဉ်ကျွမ်းထိုး သရုပ်ပြအစီအစဉ်အား ဆက်လက်ပြသရာ ရဲမာန်အုပ်ဖွဲ့တွင် ဂျက်တိုက်လေယာဉ်သုံးစီးက Rolling Blend In ဖြင့် ပျံသန်းသရုပ်ပြကွက်၊ Half Lazy 8 ခေါ်သုံးစီးတွဲလျက် အင်္ဂလိပ်အက္ခရာ(၈) ပုံသဏ္ဍာန် သရုပ်ပြကွက်၊ Loop R/W Paralle ပြေးလမ်းနှင့်အပြိုင် နောက်ပြန်ကျွမ်းထိုး ပျံသန်းခြင်းပြကွက်၊ Loop R/W Cross ပြေးလမ်းအား ကန့်လန့်ဖြတ်လျက် နောက်ပြန်ကျွမ်းထိုးပျံသန်းခြင်းပြကွက်၊ Trail Fly Past ခေါ် လေယာဉ်သုံးစီးအား အပေါ်အောက်ထပ်လျက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား ကိုယ်စားပြုအရောင်များဖြစ်သည့် အဝါ၊ အစိမ်း၊ အနီရောင်တို့ကို Smoke Generator များ အသုံးပြုလျက် ဖြတ်သန်းပျံသန်းခြင်း ပြကွက်၊ Aileron Roll ခေါ် သုံးစီးတွဲလျက် ဘေးလှိမ့်ကျွမ်းထိုးသည့် ပြကွက်၊ Heart Loop & Cupid ခေါ် အသည်းနှလုံးကို မျှားစိုက်သည့်ပြကွက်တို့အား သရုပ်ပြပျံသန်းခဲ့မှုကို ဆောင်ရွက်ခဲ့သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည်(၆၇)နှစ်မြောက် တပ်မတော်(လေ)နေ့ နှစ်ပတ်လည်အထိမ်းအမှတ် ဇီဝိတဒါနငှက်လွှတ်ခြင်းအဖြစ် ငှက် ၆၇ ကောင်အား ဘေးမဲ့လွှတ်ပေးခဲ့ကြသည်။
ထို့ပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည်(၆၇)နှစ်မြောက်တပ်မတော် (လေ)နေ့ အထိမ်းအမှတ်အဖြစ် မိတ္ထီလာလေကြောင်း အတတ်သင်လေတပ်စခန်းဌာနချုပ်၌ Aeromedical Centre ရှိ Hypobaric Chamber ဖွင့်ပွဲသို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
Hypobaric Chamber သည်လေကြောင်းဆေးပညာဆိုင်ရာ ပျံသန်းရေးအထောက်အကူပြု စက်ပစ္စည်းများအနက် များစွာအသုံးဝင်ပြီး လေကြောင်းအတတ်ပညာ၊ လေကြောင်းအင်ဂျင်နီယာပညာ၊ ကွန်ပျူတာနည်းပညာနှင့် လေကြောင်းဆေးပညာတို့ ပေါင်းစပ်တီထွင်ထားသော လေယာဉ်ပျံသန်းရာတွင် အန္တရာယ်ကင်းရှင်းပြီး စွမ်းရည်မြင့်မားစေရေးအတွက် အထောက်အကူပြုကြောင်းနှင့် လေသူရဲများနှင့် လေယာဉ်ပေါ်လိုက်ပါမည့် လေယာဉ်သားများကို လေယာဉ်အမျိုးအစားအလိုက် တွေ့ကြုံနိုင်သော ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ခံစားမှုများကို ဖော်ထုတ်ရှင်းလင်း သင်ကြားပြသပေးနိုင်သည့် စက်ပစ္စည်းဖြစ်ကြောင်း သိရသည်။

Credit - Eleven Media Group
No comments:
Post a Comment