![]() |
ပြည်ခိုင်ဖြိုးပါတီ၏ လူငယ်တွေ့ဆုံပွဲနှင့် လူငယ်စွမ်းရည်မြှင့်တင်ရေး အစည်းအဝေးပွဲ၌ ပြည်ခိုင်ဖြိုးပါတီဝင်များကို ၂၀၁၃ ခုနှစ်က တွေ့ရစဉ် (ဓာတ်ပုံ-စိုးမင်းထိုက်) |
(၁)
ဒီရက်ပိုင်းမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုး) ရဲ့ ပါတီတွင်း လှုပ်ရှားမှုတွေကို ခပ်စိပ်စိပ် တွေ့လာရပါတယ်။ အထူးသဖြင့် ပါတီဗဟို အတိုင်ပင်ခံ ဦးအောင်သောင်း၊ ပါတီဒုတိယဥက္ကဋ္ဌ သူရဦးအေးမြင့်၊ ရခိုင်ပြည်နယ်တာဝန်ခံ ပါတီအတွင်းရေးမှူး ဦးသိန်းဆွေ၊ ပါတီတွဲဖက် အထွေထွေအတွင်းရေးမှူး ဦးသိန်းဇော် စတဲ့ ပြည်ခိုင်ဖြိုးထိပ်ပိုင်း အဖွဲ့ဝင်တွေဟာ သက်ဆိုင်ရာ ဒေသတွေမှာ သူတို့ရဲ့ ပါတီဝင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီလို တွေ့ဆုံကြချိန်မှာ ပြည်ခိုင်ဖြိုးပါတီရဲ့ လက်ရှိအခြေအနေ၊ လုပ်ဆောင်ပေးမှုတွေနဲ့ အနာဂတ် အခြေအနေတွေကို ရှင်းပြပါတယ်။ ဒေသခံတွေက ပါတီစည်းရုံးရေး အခြေအနေတွေကို ပြန်ပြီးပြောပြကြပါတယ်။ သတင်းတွေမှာ ဖော်ပြခဲ့ကြတာက ဒီလောက်ပါပဲ။
ဒါပေမဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်က ရန်ကုန်မှာလုပ်ခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးသိန်းဇော်နဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်းက တိုင်း/ခရိုင်/မြို့နယ်ပါတီ ကော်မတီဝင်တွေရဲ့ တွေ့ဆုံပွဲမှာ ဦးသိန်းဇော်ပြောခဲ့တဲ့ အသံဖိုင်ကို ရခဲ့ပါတယ်။ ၃၇ မိနစ်ကြာတဲ့ ဒီအသံဖိုင်မှာ ပြည်ခိုင်ဖြိုးရဲ့ လက်ရှိအခြေအနေကို ထင်ဟပ်စေတဲ့ အကြောင်းအရာတွေ ပါရှိခဲ့ပါတယ်။ ဦးသိန်းဇော်ရဲ့ သဘောထား ဆိုတာထက် ပြည်ခိုင်ဖြိုးပါတီရဲ့ သဘောထားကို အသံဖိုင်မှာ တွေ့ရှိရပါတယ်။
(၂)
ဦးသိန်းဇော်ရဲ့ ပြောကြားချက်တွေကို ပြန်ကြည့်တဲ့အခါ ပြည်ခိုင်ဖြိုး ဘာလုပ်နေသလဲဆိုတာကို သိဖို့ ပါတီတစ်ခုတည်းကို ကြည့်လို့မရဘူးလို့ ဆိုပါတယ်။
ပါတီကတစ်ဆင့် ဖြစ်လာခဲ့တဲ့ အစိုးရ၊ လွှတ်တော်တွေရဲ့ လုပ်ဆောင်ချက်ကို အကဲဖြတ်မှသာ ပါတီကို ရောင်ပြန်ဟပ်နိုင်မှာလို့ ဆိုပါတယ်။ နိုင်ငံသူ၊ နိုင်ငံသားတွေ အနေနဲ့ နိုင်ငံတော်ကို တာဝန်ယူဖို့ ပြည်ခိုင်ဖြိုးကို ရွေးချယ်ထားတယ်ဆိုတဲ့ အချက်ကိုလည်း ဦးသိန်းဇော်က အခိုင်အမာ ပြောခဲ့ပါတယ်။
ပြည်သူလူထုရဲ့ လွှတ်တော်အပေါ် ထားရှိတဲ့ သဘောထား၊ အစိုးရအပေါ် ထားရှိတဲ့ သဘောထားဟာ ပါတီရဲ့ အနာဂတ်ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။ ဘာဖြစ်လို့လဲ ဆိုတာကို ဆက်ပြောတဲ့နေရာမှာ “ပါတီကို လူထုကပဲ ထပ်ပြီးရွေးချယ်ရမှာ” ဖြစ်တယ်လို့ ဆိုပါတယ်။
(၃)
၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးတဲ့ နေရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်လာဖို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်းက ရှေ့တန်းက ဆောင်ရွက်ခဲ့တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ဖို့ အသင်းကြီးကပဲ “ပြည်သူတွေကြားထဲကိုဆင်းပြီး ပြည်သူတွေ နားလည်အောင် လုပ်ခဲ့တာ” ဖြစ်တယ်လို့ ဦးသိန်းဇော်က ပြောပါတယ်။
အဲဒီအချိန်ထဲက တပ်မတော်ရဲ့ အမျိုးသားနိုင်ငံရေး ပါဝင်မှုကို အသိအမှတ်ပြုဖို့ ပြောခဲ့တယ်၊ ဒီမိုကရေစီကို သွားတဲ့အခါ ပြည်သူ့ဆန္ဒက ၇၅ ရာခိုင်နှုန်း၊ တပ်မတော်ရဲ့ ပါဝင်မှုက ၂၅ ရာခိုင်နှုန်းနဲ့ သွားပြီး နောင်ပိုင်းမှသာ တပ်မတော်ရဲ့ အခန်းကဏ္ဍကို လျှော့ချဖို့ ဆွေးနွေးခဲ့ပြီး ဖြစ်တယ်၊ ဒါတွေဟာ ‘မေ့ပစ်လိုက်လို့ မရတဲ့ သမိုင်းကြောင်းတွေပဲ’ လို့ သူကပြောပါတယ်။
၂၅ ရာခိုင်နှုန်းကိစ္စကို နိုင်ငံသူ၊ နိုင်ငံသားအားလုံး သဘောတူပြီးမှ လုပ်ခဲ့တယ်လို့ ဦးသိန်းဇော်က ပြောပါတယ်။
တစ်ဖက်မှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို လေ့လာခဲ့တယ် ဆိုပေမဲ့ လွှတ်တော်ထဲရောက်မှ ပိုမြင်လာတယ်။ လုပ်စရာ၊ ကိုင်စရာတွေကိုလည်း သဘောပေါက်လာတယ်လို့ သူက ဆိုပါတယ်။
ဒါပေမဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေအသစ် ပြန်ဆွဲဖို့ လုံးဝမလိုဘူးလို့ ခံယူတဲ့အကြောင်း ပြည်ခိုင်ဖြိုးကိုယ်စားပြုအဖြစ် ဦးသိန်းဇော်က ပြောပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဖို့ လိုတယ်ဆိုတဲ့ အချက်ကိုတော့ လက်ခံခဲ့ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်လာဖို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်းက ဦးဆောင်ခဲ့တာဖြစ်လို့ ပြင်တဲ့အခါမှာလည်း ပါတီကပဲ ဦးဆောင်ပြင်ဆင်သင့်တယ်လို့ ပါတီလူကြီးတွေမှာ သဘောထားရှိခဲ့တယ်၊ ဒီအတွက် ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ခဲ့တယ်၊ လွှတ်တော်ပြင်ပကနေ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ သူကပြောခဲ့ပါတယ်။
(၄)
လွှတ်တော်ထဲမှာ ပြည်ခိုင်ဖြိုးပါတီကပဲ ဦးစီး၊ ဦးဆောင် လုပ်နေရတဲ့ အကြောင်းတွေကို ဦးသိန်းဇော်က ဆက်ပြောပါတယ်။ လွှတ်တော်အစည်းအဝေး ၁၂ ကြိမ်၊ အရေးပေါ် အထူးအစည်းအဝေး တစ်ကြိမ်၊ လေးနှစ်တာ ကာလအတွင်းမှာ ပြည်ထောင်စုလွှတ်တော်က အတည်ပြု၊ ရေးဆွဲပေးခဲ့တဲ့ ဥပဒေ စုစုပေါင်း ၁၂၅ ခုရှိခဲ့တယ်။ လွှတ်တော်ထဲမှာ ပြည်ခိုင်ဖြိုးပါတီဝင် အများဆုံး ရှိနေလို့ ဒီဆောင်ရွက်ချက်တွေက ပြည်ခိုင်ဖြိုးပါတီရဲ့ ကြိုးပမ်းချက်ကြောင့် ဖြစ်တယ်လို့ ဦးသိန်းဇော်က ပြောပါတယ်။
“ပြည်ခိုင်ဖြိုးပါတီက နိုင်ငံအတွက် အကောင်းဆုံး လုပ်ပေးနေတယ်။ လွှတ်တော်တွေက တစ်ဖက်ကနေ ဥပဒေတွေ ဆောင်ရွက်ပေးနေသလို တစ်ဖက်ကလည်း ပြည်သူ့ဆန္ဒ၊ ပြည်သူ့ဘဝတွေကို ထင်ဟပ်အောင် လုပ်ပေးနေတယ်” လို့ သူကဆိုပါတယ်။
ဒီအချက်ကို ပြောတဲ့နေရာမှာ လယ်သမားကဏ္ဍ လုပ်ဆောင်ပေးမှုတွေကို သာဓကထိုးပြီး သူက ပြောခဲ့ပါတယ်။
မီဒီယာအားကိုးနဲ့ အပြင်မှာ လူစွမ်းကောင်းလုပ်၊ သူရဲကောင်းလုပ်ပြီး တောင်သူလယ်သမား အကျိုးစီးပွားကို ဖော်ဆောင်နေတယ်၊ အလုပ်သမား အကျိုးစီးပွား ဖော်ဆောင်နေတယ်၊ နိုင်ငံ့ဝန်ထမ်း ဘဝတွေကို မြှင့်တင်ပေးနေတယ်ဆိုပြီး နည်းမျိုးစုံ လုပ်နေသူတွေ ရှိနေပေမယ့် လက်တွေ့တကယ် ဆောင်ရွက်ပေးနေတာက ပြည်ခိုင်ဖြိုးပါတီကပဲ ဖြစ်တယ်လို့ ဦးသိန်းဇော်က ပြောပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေကို လေ့လာခဲ့တယ် ဆိုပေမဲ့ လွှတ်တော်ထဲရောက်မှ ပိုမြင်လာတယ်။ လုပ်စရာ၊ ကိုင်စရာတွေကိုလည်း သဘောပေါက်လာတယ်လို့ သူက ဆိုပါတယ်။ ဒါပေမဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေအသစ် ပြန်ဆွဲဖို့ လုံးဝမလိုဘူးလို့ ခံယူတဲ့အကြောင်း ပြည်ခိုင်ဖြိုးကိုယ်စားပြုအဖြစ် ဦးသိန်းဇော်က ပြောပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဖို့ လိုတယ်ဆိုတဲ့ အချက်ကိုတော့ လက်ခံခဲ့ပါတယ် . . . . .
လယ်ယာမြေကဏ္ဍမှာ လယ်လုပ်သူ လယ်ပိုင်ခွင့် ရှိရမည်ဆိုတဲ့ အချက်မှာ လယ်ယာမြေကို လွှဲပြောင်းပိုင်ခွင့် ရှိမည်ဆိုတာ ထပ်ဖြည့်ပေးခဲ့တာကြောင့် လယ်မြေတန်ဖိုးတွေ တက်လာတယ်။ လယ်သမား ယာသမားတွေ ချမ်းသာသွားခဲ့တယ်။ ဒါကို “အလံထောင်ပြီး အော်နေတဲ့လူတွေက လုပ်ပေးနေတာလား။ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက လုပ်ပေးနေတာလား” ဆိုပြီး ဦးသိန်းဇော်က ဆိုပါတယ်။
“သတင်းမီဒီယာ ကဏ္ဍလည်း အမှောင်ချ ဖုံးလွှမ်းခြင်း ခံနေရတဲ့အတွက်” ပါတီရဲ့ လုပ်ဆောင်မှုတွေကို လူတွေမသိကြဘူးလို့ သူက ပြောပါသေးတယ်။
(၅)
နိုင်ငံ့ဝန်ထမ်းတွေအကြား လစာ၊ ချီးမြှင့်ငွေ မလောက်ငမှုကြောင့် အကျင့်ပျက်ခြစားမှု (Corruption) ဖြစ်နေတဲ့ အချက်ကိုတော့ ဦးသိန်းဇော်က လက်ခံခဲ့ပါတယ်။
“ခြစားမှုတွေ လုပ်တဲ့ အချိန်ကျတော့ ခြစားတဲ့ အချိန်ကျရင် ရိုးရိုးပြောမယ်ဆိုရင် ရတဲ့သူရတယ် မရတဲ့သူက မရဘူး။ ဝန်ကြီးဌာန အတွင်းမှာပဲ ရတဲ့သူနဲ့ မရတဲ့သူက ပြဿနာဖြစ်နေတယ်။ ရတဲ့သူက ဘယ်ကရလဲ၊ အပေါ်အလွှာက ရတယ်။ မရတဲ့သူက ဘယ်ကမရသလဲ၊ အောက်အလွှာက မရဘူး။ မရတော့ ဌာနထဲမှာ စည်းလုံးညီညွတ်မှု မရှိဘူး။ ဌာနထဲမှာ ဒီလိုဖြစ်ပြီဆိုမှတော့ ဝန်ကြီးဌာနတွေရဲ့ အောင်မြင်မှုက ဘယ်လောက်ရမလဲ။ ဘယ်လိုအောင်မြင်မှာလဲ။ ဝန်ကြီးဌာနတွေ ရဲ့ လုပ်ငန်းက အဲဒီလို မအောင်မြင်နိုင်ဘူး ဆိုရင်တော့ နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ရေး မရဘူး” လို့ ဦးသိန်းဇော်က ပြောပါတယ်။
နိုင်ငံ့ဝန်ထမ်းတွေ ကြားထဲမှာ အကျင့်ပျက်ခြစားမှုတွေ ရှိနေပေမဲ့ ဒီဝန်ထမ်းတွေကို မလိုချင်ဘူးဆိုပြီး ပစ်ပယ်လို့ မရဘူးလို့ သူက ပြောပါတယ်။
အကယ်၍ ပြည်ခိုင်ဖြိုးက အတိုက်အခံပါတီ ဖြစ်သွားတဲ့အခါ (ဒီအသုံးအနှုန်းကို ပြောတဲ့နေရာမှာ လွဲပါစေ၊ ဖယ်ပါစေဆိုတဲ့ စကားရပ်ကိုပါ ဦးသိန်းဇော်က တွဲဖက်သုံးစွဲခဲ့ပါတယ်) တက်လာတဲ့ ပါတီအစိုးရအဖွဲ့က ဝန်ထမ်းအမွေကို ဆက်ယူရမှာပဲ၊ တော်လှန်ရေးကောင်စီက တည်မြဲ၊ သန့်ရှင်း ဝန်ထမ်းတွေကို လက်ခံရသလို၊ ၈၈ ခုနှစ် တပ်မတော်အာဏာသိမ်းချိန်မှာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီရဲ့ ဝန်ထမ်းတွေကို ယူခဲ့ရသလို၊ တပ်မတော်ထံက နိုင်ငံတော်လုပ်ပိုင်ခွင့်ကို ပြည်ခိုင်ဖြိုးက ယူချိန်မှာလည်း ဝန်ထမ်းတွေကို ယူခဲ့ရတယ်လို့ ဦးသိန်းဇော်က ဆိုပါတယ်။
ဒါကြောင့် ဝန်ထမ်းတွေ နေထိုင်ဖို့ အိမ်ရာ၊ ဝန်ထမ်းတွေအတွက် လစာတိုးဖို့ ဒီအချက်တွေကို လွှတ်တော်မှာ ဆောင်ရွက်ပေးခဲ့ရတယ်။ ဒါကိုလည်း ပြည်ခိုင်ဖြိုးပါတီကပဲ လုပ်ပေးခဲ့တာလို့ သူက ပြောပါတယ်။
(၆)
ဦးသိန်းဇော်ရဲ့ ပြောကြားချက်တွေကို ခြုံကြည်တဲ့အခါ အစိုးရရဲ့ လုပ်ဆောင်ချက်တိုင်းသည် ပြည်ခိုင်ဖြိုးပါတီရဲ့ လုပ်ဆောင်ချက်၊ လွှတ်တော်ရဲ့ ဆောင်ရွက်ချက်တိုင်းသည် ပြည်ခိုင်ဖြိုးပါတီရဲ့ လုပ်ဆောင်ချက်လို့ ယေဘုယျ ယူဆနိုင်ပါတယ်။
ပြောစကားတွေမှာ အငြင်းပွားစရာတွေ ပါနေပေမယ့် အာဏာရပါတီတွေရဲ့ အစဉ်အလာအတိုင်း လူထုကို အကောင်းဆုံးလုပ်ပေးနေတယ်လို့ သူကဆိုလိုချင်ပုံ ရပါတယ်။ ဒီလေးနှစ်ကျော် ကာလထဲမှာ အပြောင်းအလဲများစွာ ဖြစ်ခဲ့ပေမယ့် ပြည်ခိုင်ဖြိုးအနေနဲ့ သဘောထားပြောင်းတဲ့ ပုံစံမျိုး မရှိသေးပါဘူး။ ဒါပေမဲ့ ပါတီကို ပြန်ဆန်းစစ်ဖို့ လိုတာကို ပြည်ခိုင်ဖြိုးက လက်ခံထားပါတယ်။
အငြင်းပွားမှုတွေ ရှိနေပေမယ့် ၂ဝ၁ဝ ပြည့်နှစ် ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးက အများဆုံး အနိုင်ရခဲ့တာ မှန်ပါတယ်။ လွှတ်တော်ထဲမှာ အများဆုံး နေရာယူနိုင်ပြီး အစိုးရ ဖွဲ့နိုင်ခဲ့တယ်ဆိုတဲ့ အချက်ကိုလည်း ငြင်းစရာမရှိပါဘူး။
OMI (Open Myanmar Initiative) ရဲ့ လွှတ်တော် လေ့လာစောင့်ကြည့်ရေး အစီရင်ခံစာကို ကြည့်ရင်လည်း လွှတ်တော်ထဲမှာ ပြည်ခိုင်ဖြိုးက မေးခွန်း/အဆို အများဆုံး တင်သွင်းခဲ့တာ မှန်ပါတယ်။
ပြည်သူ့လွှတ်တော် ပထမအကြိမ် အစည်းအဝေးကနေ ဆဌမအကြိမ် အစည်းအဝေးအထိ ကာလမှာတင် ပြည်ခိုင်ဖြိုးက တင်ခဲ့တဲ့ အဆို စုစုပေါင်း ၅၇၂ ခု၊ အမျိုးသားလွှတ်တော်မှာဆိုရင် စုစုပေါင်း ၄၇ဝ ရှိခဲ့တယ်လို့ OMI က ဆိုပါတယ်။ ဒီအရေအတွက်က ကျန်တဲ့ အခြားပါတီတွေနဲ့ယှဉ်ရင် အပြတ်အသတ် ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီအချက်အလက်တွေက စက္ကူပေါ်က အောင်မြင်မှုတွေ ဖြစ်ပါတယ်။ လက်တွေ့အခြေအနေအားဖြင့် ပြည်သူလူထုအတွက် ဘယ်လောက်ထိ အကျိုးဖြစ်ထွန်းမှု ရှိသလဲဆိုတာကို ပြည်ခိုင်ဖြိုး အနေနဲ့ ပြန်ဆန်းစစ်ရမှာပါ။
(၇)
ပြည်ထောင်စုလွှတ်တော်မှာ ဥပဒေပေါင်း ၁၂၅ ခု ရေးဆွဲ/အတည်ပြုခဲ့ပါတယ်။ ဒါပေမဲ့ ဒီဥပဒေတွေရဲ့ နောက်ဆက်တွဲ အသုံးချနိုင်မယ့် နည်းဥပဒေတွေ ပေါ်လာမှု မရှိသေးခြင်းက ပြဿနာ ဖြစ်နေတယ်ဆိုတဲ့ အချက်ကို အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့ လွှတ်တော်အစည်းအဝေးမှာ အရေးကြီးအဆို အနေနဲ့ တင်သွင်းခဲ့ပါတယ်။
လွှတ်တော်က ဆောင်ရွက်ပြီး ဖြစ်ပေမဲ့ အစိုးရအုပ်ချုပ်ရေးပိုင်းက ဆောင်ရွက်ဖို့ အားနည်းနေတာကို ထောက်ပြခဲ့တာ ဖြစ်ပါတယ်။ ဒီအချက်ကို VOA သတင်းဌာနနဲ့ သီးသန့်အင်တာဗျူးမှာလည်း ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြခဲ့ပါတယ်။
လယ်ယာမြေကိစ္စ ဖြေရှင်းမှုမှာလည်း ဒီအတိုင်း ဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်းထားတဲ့ “လယ်ယာမြေနှင့် အခြားမြေ သိမ်းမှုများကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်” ဆိုတာ လေးနှစ်တာကာလအတွင်း အလုပ်လုပ်ဆုံးအဖွဲ့ ဖြစ်ပါတယ်။ သူတို့ရဲ့ အစီရင်ခံစာက ထိရောက်မှုရှိပြီး နစ်နာမှုများစွာကို တင်ပြခဲ့ပါတယ်။
၂ဝ၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ ရှုံးခဲ့တာကို ကုစားဖို့အတွက် ပြည်ခိုင်ဖြိုးက လူစုခဲ့ပါတယ်။ ရပ်ကွက်၊ ကျေးရွာ တစ်ခုတိုင်းမှာ အနည်းဆုံး အမာခံလူငယ် ၃ဝ စီရအောင် စုခဲ့ပါတယ်။ ဒီအတိုင်း စုခဲ့မယ်ဆိုရင် ရပ်ကွက်အရေအတွက် မပါသေးဘဲ ကျေးရွာအရေအတွက် ၆၆ဝဝဝ နဲ့တင် အမာခံလူငယ် ၁ ဒသမ ၉ သန်း ရရှိမယ်လို့ ပြည်ခိုင်ဖြိုးက ယူဆခဲ့ပါတယ်။ ဒီထက်ပိုနိုင်တယ်လို့ . . . . .
လက်တွေ့အခြေအနေမှာ ကော်မရှင်က ဖော်ထုတ်တာကို အစိုးရ အုပ်ချုပ်ရေးပိုင်းက အပြည့်အဝ အကောင်အထည် ဖော်ပေးနိုင်စွမ်းမရှိတဲ့ အချက်ကို စက်တာဘာမှာ တင်သွင်းခဲ့တဲ့ ကော်မရှင်အစီရင်ခံစာမှာ ဖော်ပြပါတယ်။
ပြည်ခိုင်ဖြိုးပါတီရဲ့ အတွင်းရေးမှူး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ပြောခဲ့တဲ့ “ဆီးသီးဗန်း” မှောက်တဲ့ ကိစ္စမှာလည်း ဒီအတိုင်းပါပဲ။
အစိုးရသစ်လက်ထက်မှာ စီမံကိန်းတွေဆောင်ရွက်ဖို့ ဝန်ကြီးဌာနတွေက တင်ပြလာတဲ့ ဘတ်ဂျက်ကို လွှတ်တော်က အတည်ပြုပေးနေပေမယ့် အစိုးရဌာနတွေရဲ့ လာဘ်စားမှုကြောင့် တစ်ဝက်လောက်ပဲ အမှန်တကယ် အသုံးပြုနေတာကို ထောက်ပြပြီး “ပွဲဈေးတန်းမှာ ဆီးသီးဗန်းမှောက်ကျသလို ဟိုလူနှိုက်စား၊ ဒီလူနှိုက်စားနဲ့ ဝန်ကြီးဌာနတွေကို ချပေးတဲ့ ဘတ်ဂျက်ဟာလည်း တစ်ဝက်ပဲ ကျန်တော့တယ်” လို့ ဦးခင်အောင်မြင့်က ပြောခဲ့တာပါ။
(၈)
ဦးသိန်းဇော် အပါအဝင် ပြည်ခိုင်ဖြိုး ထိပ်ပိုင်းခေါင်းဆောင်တွေက ပါတီတွင်း စည်းရုံးရေးတွေ လုပ်တဲ့အခါ ပါတီဟာ ပြည်သူကို ကိုယ်စားပြုနေတယ်၊ အစိုးရနဲ့ လွှတ်တော်ရဲ့ ဆောင်ရွက်ချက်တွေက ပါတီရဲ့ ဆောင်ရွက်ချက်တွေပဲ ဖြစ်တယ်လို့ ပြောလေ့ရှိပါတယ်။
တစ်ဖက်မှာတော့ စက္ကူပေါ်က ရလာဒ်တွေကို ပြည်သူတွေ အပြည့်အဝ မခံစားရတာကို ပြည်ခိုင်ဖြိုး ပါတီဝင်တွေ ကိုယ်တိုင်က သိနေပါတယ်။ လွှတ်တော်ရဲ့ တင်ပြအစီရင်ခံမှုတွေကို အစိုးရအုပ်ချုပ်ရေးပိုင်းက လိုက်မလုပ်နိုင်တာတွေ ရှိနေပါတယ်။
အစိုးရအဖွဲ့ရဲ့ ဆောင်ရွက်မှုတွေက ပါတီကို ကိုယ်စားပြုတယ်ဆိုရင် အစိုးရအဖွဲ့ မအောင်မြင်မှုတွေကလည်း ပါတီကို ကိုယ်စားပြုနေတယ်လို့ ဆိုရမှာပါ။ လက်သုံးစကားတွေအတိုင်း ပြည်သူကို အမှန်တကယ် ကိုယ်စားပြုရေးက ပြည်ခိုင်ဖြိုးပါတီအတွက် စိန်ခေါ်မှုတစ်ခု ဖြစ်နေပါတယ်။
(၉)
၂ဝ၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်က ပြည်ခိုင်ဖြိုးအတွက် တုန်လှုပ်စရာ ဖြစ်ခဲ့ပါတယ်။ ၂ဝ၁၂ ခုနှစ်အရှုံးကို ခွက်ခွက်လန်တဲ့ အရှုံးလို့ ဦးသိန်းဇော်က သတ်မှတ်ခဲ့ပါတယ်။
“ရှုံးတာမှ ခွက်ခွက်ကိုလန်အောင် ရှုံးတာ။ အဲဒါလည်း အရှုံးကောင်းတယ်။ တကယ်လို့ ခွက်ခွက်မလန်ဘူးဆိုရင် ကိုယ်တို့ကလည်း ခပ်တည်တည်နဲ့ အော်နေဦးမှာ။ လှေခွက်ကြီးကျန် အလံမလဲတို့၊ ဘာတို့ညာတို့ပေါ့လေ။ အခုကတော့ လှေခွက်ကြီးလည်း မကျန်ဘူးဟေ့။ အလံကလည်း ကံကောင်းလို့ မလဲတလဲ တစောင်းလေးဖြစ်သွားတယ် ဆိုပြီးတော့ ဟုတ်တယ်မလား။ ဒီပုံနဲ့သာ သွားရင်တော့ တို့တစ်တွေ အခြေမလှဘူး။ အခြေမလှရင် တိုင်းပြည်ကြီးကို ဘယ်သူ့လက်ထဲ ထိုးထည့်မှာလဲ။ တို့အများကြီး စဉ်းစားပါတယ်။ ဒါတွေကို အချိန်အတိုင်းအတာနဲ့ တို့ပြန်လည် ကုစားရမယ် ဆိုပြီးတော့ ပါတီဌာနချုပ်က ဒီနေ့ဆောင်ရွက်လာတယ်” လို့ ဦးသိန်းဇော်က ပြောပါတယ်။
၂ဝ၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ ရှုံးခဲ့တာကို ကုစားဖို့အတွက် ပြည်ခိုင်ဖြိုးက လူစုခဲ့ပါတယ်။ ရပ်ကွက်၊ ကျေးရွာ တစ်ခုတိုင်းမှာ အနည်းဆုံး အမာခံလူငယ် ၃ဝ စီရအောင် စုခဲ့ပါတယ်။ ဒီအတိုင်း စုခဲ့မယ်ဆိုရင် ရပ်ကွက်အရေအတွက် မပါသေးဘဲ ကျေးရွာအရေအတွက် ၆၆ဝဝဝ နဲ့တင် အမာခံလူငယ် ၁ ဒသမ ၉ သန်း ရရှိမယ်လို့ ပြည်ခိုင်ဖြိုးက ယူဆခဲ့ပါတယ်။ ဒီထက်ပိုနိုင်တယ်လို့ ဦးသိန်းဇော်က ခန့်မှန်းပါတယ်။
ဒါပေမဲ့ လက်ရှိအချိန်မှာ ပြည်ခိုင်ဖြိုးအတွက် လိုအပ်နေတာက လူအရေအတွက် မဟုတ်ပါဘူး။ ပြည်သူကို ဘယ်လောက်လုပ်ပေးနိုင်သလဲဆိုတဲ့ အချက် ဖြစ်နေပါတယ်။ ဘယ်လောက်လုပ်ပေးနိုင်သလဲ ဆိုတာကို စက္ကူပေါ်က ရလဒ်တွေက အဖြေပေးမှာ မဟုတ်ဘဲ လက်တွေ့အခြေအနေတွေက အဖြေပေးမှာ ဖြစ်ပါတယ်။ လက်ရှိအစိုးရရဲ့ ဆောင်ရွက်ချက်တွေကလည်း ပြည်ခိုင်ဖြိုးရဲ့ အနာဂတ်ကို ပုံဖော်ပေးသလို ဖြစ်နေပါတယ်။
ပြည်ခိုင်ဖြိုးမှာ အုပ်စုကွဲနေတယ်ဆိုတဲ့ အယူအဆတွေလည်း ရှိနေပါတယ်။ ပါတီဗဟို အတိုင်ပင်ခံ ဦးအောင်သောင်း၊ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက တစ်အုပ်စု၊ ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်းတို့က တစ်အုပ်စု၊ သမ္မတဦးသိန်းစိန်နဲ့ တိုင်းနဲ့ပြည်နယ် အသီးသီးက ပါတီဥက္ကဋ္ဌတွေက တစ်အုပ်စုဆိုပြီး သတင်းတွေ ထွက်နေတာပါ။
အုပ်စုကွဲခြင်း၊ မကွဲခြင်း ဆိုတာထက် တစ်ဦးနဲ့တစ်ဦး ပြောစကားတွေ၊ ချဉ်းကပ်ပုံ ကွဲလွဲမှုတွေတော့ ရှိနေပါတယ်။ ပြည်ခိုင်ဖြိုးရဲ့ ပုံရိပ်ကို ပြန်မြှင့်တင်ဖို့ လုပ်နေသူတွေ ရှိသလို သဘောထားမပြောင်းပဲ စက္ကူပေါ်က အောင်မြင်မှုတွေနဲ့ ခရီးဆက်သွား လိုသူတွေလည်း ရှိနေပါတယ်။
သေချာတာကတော့ ပြည်ခိုင်ဖြိုးအနေနဲ့ သူတင်၊ ကိုယ်တင် ယှဉ်ပြိုင်ရမယ့် အထွေထွေရွေးကောက်ပွဲ တစ်ရပ်ကို ရင်ဆိုင်ရခြင်း မရှိသေးပါဘူး။
သမိုင်းမှာ တည်မြဲ ချန်ထားခံခဲ့ရသလို၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ချန်ထားခံခဲ့ရသလို၊ အစိုးရနဲ့ တပ်မတော် ကျောထောက်နောက်ခံပြု ပါတီတွေ ချန်ထားခံခဲ့ရသလို ပြည်ခိုင်ဖြိုး ချန်ထားမခံခဲ့ရဖို့ဆိုရင် ပြည်သူကို အမှန်တကယ် ဗဟိုပြုနိုင်ရေးက အဆုံးအဖြတ် ဖြစ်လာနိုင်ပါတယ်လို့ နိုင်ငံရေး အကဲဖြတ်တွေက သုံးသပ်ထားပါတယ်။

Credit - Eleven Media Group
No comments:
Post a Comment