Wednesday, December 17, 2014

ပြည်ခိုင်ဖြိုးရဲ့ အကွဲအပြဲဇာတ်လမ်း

ပါတီတွင်းအကွဲအပြဲမှာ မူဝါဒပေါ်မူမတည်ဘဲ လူပေါ်မူတည်နေကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်နေကြသည်။ သမ္မတဦးသိန်းစိန်နှင့် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းတို့ကို အောက်တိုဘာ၃၁ရက်က (၁၄)ပွင့်ဆိုင် ဆွေးနွေးပွဲမတိုင်မီ တွေ့ရစဉ်/ဓာတ်ပုံ−လင်းဘိုဘို/အီးပီအေ
 ပြည်ထောင်စုလွှတ်တော်တွင် ပြည်ခိုင်ဖြိုးပါတီမှအမတ်က အရေးကြီးအဆိုတင်သွင်းခဲ့ပြီး အတည်ပြုခဲ့သော ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးအဆိုကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က ၁၂ ပွင့်ဖြင့် အစားထိုးလိုက်သည်။ ၁၂ ပွင့်ဆိုင် တွေ့ဆုံရေး တိုင်းဒေသကြီးလွှတ်တော်တွင် အရေးကြီးအဆိုတင်သွင်းသူမှာ ပြည်ခိုင်ဖြိုးပါတီမှ မဟုတ်သော်လည်း မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံသူအများစုမှာ ပြည်ခိုင်ဖြိုးအမတ်များ ဖြစ်နေသည်။

‘‘သာမန်လူတွေကတော့ သတိထားမိမှာမဟုတ်ဘူး။ ခြောက်ပွင့်တို့၊ ၁၂ ပွင့်တို့ဆိုတာ ပါတီထဲမှာ ညီညီညွတ်ညွတ်မရှိဘူးဆိုတဲ့လက္ခဏာ’’ဟု ရခိုင်အမျိုးသားပါတီမှ ဗဟိုကော်မတီဝင် ဦးဦးလှစောက သုံးသပ်သည်။

ပင်မတိုင်းရင်းသားမျိုးနွယ်စုခုနစ်စု ပါဝင်နိုင်ရန် ၁၂ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးအတွက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် အရေးကြီးအဆိုတင်သွင်းခဲ့သူမှာ ကရင်ပြည်သူ့ပါတီမှ ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီးဖြစ်သည်။

ထိုအဆိုနှင့်ပတ်သက်၍ တိုင်းလွှတ်တော်၌ ၁၄ ဦးဆွေးနွေးရာတွင် သုံးဦးကကန့်ကွက်ပြီး ၁၁ ဦးက ထောက်ခံသည်။ သို့သော် မဲခွဲဆုံးဖြတ်ရာတွင်မူ ထောက်ခံမဲ ၉၉ မဲ၊ ကန့်ကွက်မဲကိုးမဲသာရရှိသဖြင့် လွှတ်တော်ကအတည်ပြုခဲ့သည်။

မဲခွဲဆုံးဖြတ်သည့်နေ့တွင် လွှတ်တော်အစည်းအဝေးတက်ရောက်သူမှာ ၁၁၀ ဦးရှိပြီး အများစုမှာ ပြည်ခိုင်ဖြိုးပါတီနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့တို့မှ ဖြစ်သည်။ တခြားသောပါတီနှင့် တစ်သီးပုဂ္ဂလိကအမတ်တို့ပေါင်း လွှတ်တော်ကိုယ်စားလှယ်မှာ ၁၇ ဦးသာရှိသည်။ ထို့ကြောင့် ၁၂ ပွင့်ဆိုင်အဆိုကို ပြည်ခိုင်ဖြိုးပါတီအမတ်များကပင် ထောက်ခံခဲ့သည့်သဘောဖြစ်နေသည်။

ခြောက်ပွင့်ဆိုင်ကို ပြည်ထောင်စုလွှတ်တော်တွင် ထောက်ခံသူအများစုမှာ ပြည်ခိုင်ဖြိုးပါတီအမတ်များပင်ဖြစ်၍ ထိုအချက်ကို ကြည့်ခြင်းအားဖြင့် ပြည်ခိုင်ဖြိုးပါတီအတွင်း ညီညွတ်မှုခိုင်ခိုင်မာမာမရှိခြင်းကို ပြသရာရောက်သည်။ ပြည်ထောင်စုလွှတ်တော်တွင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းအနေဖြင့် ထိန်းချုပ်နိုင်သော်လည်း ပြည်ခိုင်ဖြိုးပါတီတွင်းနှင့် တိုင်းဒေသကြီးလွှတ်တော်တွင်မူ သူရဦးရွှေမန်း၏မူဝါဒများကို မနှစ်သက်သူများ ရှိနေသည့်အနေအထားဖြစ်နေသည်ဟုလည်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။

ထို့အပြင် မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် ၁၂ ပွင့်ဆိုင်အဆိုကို ထောက်ခံသည့် အဆိုတစ်ရပ်တင်သွင်းရန်အထိဖြစ်ခဲ့သဖြင့် ပါတီဌာနချုပ်မှ ထိုကိစ္စနှင့်ပတ်သက်၍ ဆက်လက်ဆွေးနွေးခြင်းမလုပ်ရန် စာထုတ်၍ ပြည်နယ်နှင့် တိုင်းဒေသကြီးဥက္ကဋ္ဌများအား ပေးပို့ခဲ့သည်။

ထို့အပြင် ထိပ်သီးခေါင်းဆောင်များတွေ့ဆုံမှုတွင် တိုင်းရင်းသားများအား ကိုယ်စားပြုတက်ရောက်မည့်သူများ၌ တိုင်းရင်းသားရေးရာဝန်ကြီးများပါ ထည့်သွင်းပေးရန် အရေးကြီးအဆိုကို ဒီဇင်ဘာ ၉ ရက်က ကျင်းပသည့် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး၌ ချင်းတိုင်းရင်းသားရေးရာဝန်ကြီးက တင်သွင်းပြန်ရာ ပြည်ခိုင်ဖြိုးအမတ်အများစုရှိသော လွှတ်တော်တွင် ကန့်ကွက်သူမရှိ အတည်ပြုခဲ့ပြန်သည်။

အချို့သော ပြည်နယ်တိုင်းဝန်ကြီးချုပ်များမှာ သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီးအတွင်းရှိ ပြည်ခိုင်ဖြိုးရုံးများသို့ မသွားကြတော့ပေ။

‘‘မင်းရွာတိုက်နယ်ဆေးရုံဖွင့်ပွဲမှာ မကွေးတိုင်းဝန်ကြီးချုပ်က ကြံ့ခိုင်ရေးတံဆိပ်ဖြုတ်ပြီးမှ အခမ်းအနားကိုတက်ပါလို့ ကျွန်တော့်ကိုပြောတယ်ဗျာ’’ဟု ပြည်ခိုင်ဖြိုးပါတီ အမျိုးသားလွှတ်တော်အမတ်ဦးလှဆွေက ဆိုသည်။

ထိုအခြေအနေမျိုးဖြစ်လာသည်မှာလည်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဟောင်းလည်းဖြစ်သော သမ္မတဦးသိန်းစိန်နှင့် လက်ရှိပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌကြား ပုဂ္ဂိုလ်ရေးအဆင်မပြေမှုများ ဖြစ်လာခြင်းကြောင့်ဖြစ်သည်။ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌမှ သမ္မတဖြစ်လာသော ဦးသိန်းစိန်အနေဖြင့် ဖွဲ့စည်းပုံအရ ပါတီမှနုတ်ထွက်ခဲ့ရသည်။ ထို့နောက်ပိုင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌရာထူးအား လက်ရှိပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက တာဝန်ယူထားသည်။

အလားတူ နိုင်ငံတော်သမ္မတက ခန့်အပ်တာဝန်ပေးပြီး အစိုးရအဖွဲ့ဝင်ဖြစ်လာသော ပြည်နယ်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်များမှာမူ ပြည်ခိုင်ဖြိုးပါတီဝင်များဖြစ်သော်လည်း သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌများ မဟုတ်ကြပေ။

ယခင်က ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် အတွင်းရေးမှူးများသာထားရှိပြီး ဗဟိုကော်မတီဝင်များထဲမှ နယ်မြေများခွဲဝေတာဝန်ပေးထားခဲ့သည်။ ဥပမာအားဖြင့် ဧရာဝတီတိုင်းဒေသကြီး၏ နယ်မြေတာဝန်ခံအဖြစ် ဦးဌေးဦးအားလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၏ နယ်မြေတာဝန်ခံအဖြစ် ဦးအောင်သောင်းအားလည်းကောင်း တာဝန်ပေးခဲ့သည်။

သို့သော် ဦးရွှေမန်းဥက္ကဋ္ဌဖြစ်လာပြီး ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲပြီးချိန်မှစ၍ သက်ဆိုင်ရာပြည်နယ်တိုင်းဒေသကြီးများ၏ ဝန်ကြီးချုပ်များအား ပြည်နယ်နှင့်တိုင်းဒေသကြီးများ၏ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌအဖြစ် တာဝန်ပေးခဲ့သည်။

‘‘နှစ်ခြမ်းကွဲသွားမှာစိုးလို့ တာဝန်ပေးလိုက်တာ’’ဟု ပြည်ခိုင်ဖြိုးပါတီမှ ဗဟိုကော်မတီဝင်တစ်ဦးကဆိုသည်။

ယခင်က တာဝန်ပေးထားသော နယ်မြေခံများမှာ တိုင်းဒေသကြီးနှင့် ဗဟိုကော်မတီကြား ညှိနှိုင်းရေးမှူးအဖြစ်သာ တာဝန်ပေးအပ်ခဲ့သည်။

လက်ရှိ ရခိုင်နှင့် ကရင်ပြည်နယ်မှလွဲ၍ ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်များမှာ ပြည်ခိုင်ဖြိုးပါတီ၏ ပြည်နယ်နှင့် တိုင်းဥက္ကဋ္ဌများသာဖြစ်သည်။ ရခိုင်နှင့် ကရင်ပြည်နယ်ဝန်ကြီးချုပ်များမှာ တပ်မတော်သားများ ဖြစ်ကြသည်။

ထိုကဲ့သို့ ပြည်ခိုင်ဖြိုးပါတီ၏ ပြည်နယ်နှင့် တိုင်းဒေသကြီးဥက္ကဋ္ဌများဖြစ်လာသော်လည်း နိုင်ငံတော်သမ္မတက ခန့်အပ်သည့် အစိုးရအဖွဲ့ဝင်များဖြစ်နေကြသဖြင့် အများစုမှာ နိုင်ငံတော်သမ္မတဦးသိန်းစိန်အပေါ်တွင်သာ သစ္စာခံကြသည်။ သို့သော် မည်သူ့ဘက်မှမလိုက်ဘဲ ကြားနေပြီး စောင့်ကြည့်နေသူများလည်းရှိသည်။

ထို့ကြောင့်လည်း အများစုမှာ သမ္မတနှင့် ပြည်ထောင်စုလွှတ်တော်နာယကကြား ပုဂ္ဂိုလ်ရေးအားပြိုင်မှုများရှိလာချိန်တွင် သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်များမှာ သမ္မတဦးသိန်းစိန်ဘက်လိုက်သွားကြပြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့် ခပ်ခွာခွာဖြစ်လာကြသည်။ ထို့ကြောင့်လည်း တိုင်းဒေသကြီးလွှတ်တော်များတွင် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုခဲ့သည့် ခြောက်ပွင့်ဆိုင်အစား ၁၂ ပွင့်ဆိုင် ပြုလုပ်မည့်အဆိုကို ပြည်ခိုင်ဖြိုးပါတီအမတ်အများစုရှိသော တိုင်းဒေသကြီးလွှတ်တော်က အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီအတွင်း အခြားသဘောထားကွဲလွဲရသည့် အကြောင်းရင်းမှာ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌသူရရွှေမန်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ကြား ဆက်ဆံရေးကောင်းမွန်လာခြင်းတို့ဖြစ်သည်။

‘‘ဦးရွှေမန်းက ပြည်ခိုင်ဖြိုးနဲ့ NLD ပူးပေါင်းဆောင်ရွက်မှ အနာဂတ်တိုင်းပြည်သာယာလှပမယ်လို့ ယုံကြည်ပြီးလုပ်တယ်။ ဒါကို ပြည်ခိုင်ဖြိုးဘက်မှာရော NLD ဘက်မှာရော မကြိုက်တဲ့လူတွေ ရှိတယ်။ ကန့်ကွက်တဲ့လူတွေရှိတယ်’’ဟု ဦးလှဆွေက ပြောသည်။ ၁၂ ပွင့်ဆိုင်အဆိုမှာ ပြည်ထောင်စုလွှတ်တော်တွင် ညီညီညွတ်ညွတ်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးရွှေမန်းတို့အား ပြည်ခိုင်ဖြိုးပါတီနှင့် တိုင်းဒေသကြီးအတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များက မနှစ်သက်သည့်သဘောဖြစ်သည်ဟုလည်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။

၂၀၁၃ ခုနှစ်တွင် ကျင်းပခဲ့သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးတွင် သူရဦးရွှေမန်းနှင့် ပါတီမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များကို တွေ့ရစဉ်/ဓာတ်ပုံ − DVB
 လက်ရှိ ပြည်ခိုင်ဖြိုးပါတီတွင် ဗဟိုကော်မတီဝင် ၄၄ ဦးရှိပြီး သူရဦးရွှေမန်း၊ မန္တလေးတိုင်းတာဝန်ခံ ဦးအောင်သောင်း၊ ဦးဌေးဦးတို့ အပါအဝင် အရေးပါသော ခေါင်းဆောင်လေးဦးခန့်ရှိသည်။ ထိုအထဲတွင် ဦးရွှေမန်းနှင့် ဦးအောင်သောင်းတို့မှာ အရေးအပါဆုံးသော ခေါင်းဆောင်များဖြစ်သည်။

ယခင်က သူရဦးရွှေမန်းနှင့် ဦးအောင်သောင်းတို့ကြား အဆင်မပြေမှုများရှိခဲ့ပြီး ဦးအောင်သောင်းက ဦးရွှေမန်းထက် သမ္မတဦးသိန်းစိန်ကို ထောက်ခံသည့်အနေအထားဖြစ်သည်။

သို့သော် ၂၀၁၄ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ ဦးအောင်သောင်းနှင့် ဦးရွှေမန်းကြား ဆက်ဆံရေး ပြန်လည်ကောင်းမွန်လာသည့် လက္ခဏာများ တွေ့လာရသည်။ ဇူလိုင် ၃ ရက်တွင် ၎င်းတို့နှစ်ဦးက သတင်းစာရှင်းလင်းပွဲ ပူးတွဲပြုလုပ်ခဲ့သည်။ ထို့အပြင် ဦးအောင်သောင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်အမတ်များနှင့်ပါ ဆက်ဆံရေးကောင်းမွန်လာသည့် အနေအထားဖြစ်သည်။

ထိုအခြေအနေတွင် အမေရိကန်အစိုးရက ဦးအောင်သောင်းကို အမည်ပျက်စာရင်းတင်သွင်းသည့်ကိစ္စနှင့်ပတ်သက်၍ အစိုးရအဖွဲ့မှ လုပ်ဆောင်သည်ဟု ဦးအောင်သောင်းနှင့် ပြည်ခိုင်ဖြိုးပါတီအကြီးအကဲအချို့က ထင်မြင်ခဲ့ကြသည်။

အမည်ပျက်စာရင်းသွင်းမှုကို လွှတ်တော်က ဦးအောင်သောင်းဘက်က ရပ်တည်ခဲ့သဖြင့် လက်ရှိ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌသူရဦးရွှေမန်းနှင့် ဦးအောင်သောင်းတို့ကြား ဆက်ဆံရေးပိုမိုကောင်းမွန်လာခဲ့ကြောင်းလည်း မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဗဟိုကော်မတီဝင်တစ်ဦးက ပြောသည်။

‘‘ခြောက်ပွင့်ဆိုင်ကိစ္စမှာ ဦးအောင်သောင်းက ဦးရွှေမန်းဘက်ရပ်မယ်လို့ ပြောဖူးတယ်’’ဟု အထက်ပါပုဂ္ဂိုလ်က ဆက်ပြောသည်။

လက်ရှိ ပြည်ခိုင်ဖြိုးပါတီအတွင်း ဖြစ်ပျက်နေသော အခြေအနေများကို လေ့လာကြည့်ပါက မူဝါဒကွဲပြားခြင်းမျိုးမဟုတ်ဘဲ အုပ်စုဖွဲ့အားပြိုင်မှုများ ဖြစ်နေသည်ကိုတွေ့ရှိရကြောင်း နိုင်ငံရေးလေ့လာသူ ကိုကျော်လင်းဦးကသုံးသပ်သည်။

ပါတီအများစုတွင် အုပ်စုဖွဲ့အားပြိုင်မှုများရှိတတ်ပြီး မြန်မာနိုင်ငံရေးသမိုင်းတွင်လည်း လွတ်လပ်ရေးရယူပေးခဲ့သော ဖဆပလအဖွဲ့ကြီးတွင် အုပ်စုဖွဲ့အားပြိုင်မှုများဖြစ်ပေါ်ခဲ့သည်။ ထိုကဲ့သို့ အုပ်စုတွင်းအားပြိုင်မှုတွင် ပါတီခေါင်းဆောင်ဖြစ်သော ဦးနုက ဘက်တစ်ဖက်၌ ရပ်တည်လိုက်သဖြင့် ဖဆပလပါတီနှစ်ခြမ်းကွဲကာ တည်မြဲနှင့် သန့်ရှင်းဖြစ်လာခဲ့သည်။

လက်ရှိ ပြည်ခိုင်ဖြိုးပါတီတွင် တွေ့နေရသော အနေအထားမှာ သန့်ရှင်း၊ တည်မြဲကွဲမည့်ပုံစံမျိုးထိ မဟုတ်သော်လည်း ၂၀၁၅ ရွေးကောက်ပွဲတွင် သမ္မတဦးသိန်းစိန်နှင့် ပြည်ခိုင်ဖြိုးပါတီဝင်အချို့ ပြန်လည်အရွေးခံခြင်း ရှိ၊ မရှိပေါ် များစွာမူတည်ပေသည်။

နိုင်ငံတော်သမ္မတ၏ နိုင်ငံရေးအကြံပေးများက ၂၀၁၅ ခုနှစ်တွင် ပါတီအသစ်ထောင်၍ ရွေးကောက်ပွဲဝင်ရန် အကြံပြုထားကြောင်း အစိုးရနှင့်နီးစပ်သူများက ပြောသည်။ သို့သော် ယခုအချိန်ထိ သမ္မတဦးသိန်းစိန်မှာ တိကျသည့်ဆုံးဖြတ်ချက် မချရသေးသည့်အနေအထားဖြစ်သည်။

‘‘အခုအတိုင်းညီညွတ်မှုမရှိဘဲ ကွဲသွားမယ်ဆိုရင် ၂၀၁၅ မှာ ခွက်ခွက်လန်ရှုံးမှာပဲ’’ဟု ရခိုင်အမျိုးသားပါတီမှ ဦးဦးလှစောကသုံးသပ်သည်။

သို့သော် ၂၀၁၅ မရောက်မီမှာပင် ပြည်ခိုင်ဖြိုးပါတီတွင်း သဘောထားကွဲလွဲမှုမှာ တဖြည်းဖြည်း လူသိရှင်ကြားဖြစ်လာနေသည်။

Credit -  7DAY DAILY


No comments:

Post a Comment