ချင်းမိုင် (မဇ္ဈိမ) ။ ။ အစိုးရ စစ်တပ်နှင့် တိုင်းရင်းသား မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တို့ ဒီဇင်ဘာလ ၁၃ ရက်တွင် တိုက်ပွဲ ပြန်လည် ဖြစ်ပွားနေကာ မွန်းလွဲပိုင်းတွင်လည်း အစိုးရစစ်တပ်ဘက်မှ လက်နက်ကြီး ပစ်ခတ်နေသည်ဟု TNLA ၏ ပြန်ကြားရေးတာဝန်ခံ မိုင်းအိုက်ကျော်က ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဆလပ်ကျေးရွာနှင့် နားတီးကျေးရွာအကြား နံနက် ၁၁ နာရီကျော်မှ ၁၂ နာရီခွဲထိ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ကချင်လွတ်မြောက်ရေး တပ်မတော်(KIA) နှင့် MNDAA(ကိုးကန့်တပ်မတော်)တို့
လှုပ်ရှားနေသော တောင်ကုန်းသို့ အစိုးရစစ်တပ်က လက်နက်ကြီး အကြိမ်ပေါင်း ၄၀ ကျော် ပစ်ခတ်ခဲ့သည်ဟု သူက မဇ္ဈိမကို ပြောသည်။
“ဒီနေ့နေ့လည် ၁၂ ခွဲထိ တိုက်ပွဲဖြစ်တယ်။ ကျွန်တော်တို့ တပ်ပေါင်းစုနေတဲ့ တောင်ကုန်းကို အစိုးရတပ်တွေက လက်နက်ကြီးနဲ့ အချက်ပေါင်း ၄၅ ကြိမ်လောက်ရှိတယ်”ဟု မိုင်းအိုက်ကျော်က ပြောသည်။
တစ်ဖက်တွင်လည်း ဒီဇင်ဘာလ ၁၁ ရက်က တာမိုးညဲမြို့နယ်ခွဲ ဆိုက်ခေါင် ကျေးရွာနှင့် ဟိုပုံကျေးရွာအကြား ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် အစိုးရ စစ်တပ်မှ တပ်ခွဲမှူးအဆင့် တစ်ဦး အပါအဝင် ၁၂ ဦး ကျဆုံးပြီး ဒု-စစ်ကြောင်းမှူး တစ်ဦး အပါအဝင် ၂၀ ဦး ဒဏ်ရရှိခဲ့သည်ဟု TNLA က ထုတ်ပြန်ထားသည်။
ဒီဇင်ဘာလ ၁၁ ရက် ညနေက အစိုးတပ် ခမရ (၂၁၃)သည် နယ်မြေလုံခြုံရေး ဆောင်ရွက်စဉ် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)မှ အင်အား ၆၀ခန့်က ချုံခိုတိုက်ခိုက်ခြင်း၊ စစ်ကူလိုက်သွားသည့် ခမရ (၂၁၅)ကို ကေအိုင်အေနှင့် ပူးပေါင်းအင်အား ၅၀၀ခန့်က ရှမ်းပြည်နယ်မြောက်ပိုင်း မုန်းပေါ်လေးနှင့် နမ့်ကျွဲကျေးရွာအကြား တိုက်ခိုက်ခဲ့သည်ဟု တပ်မတော် အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ ဒီဇင်ဘာ ၁၃ရက်ထုတ် 7Day သတင်းစာတွင် ဖော်ပြထားသည်။
ယင်းတိုက်ပွဲနှင့် ပတ်သက်၍ သတင်းမရရှိသေးကြောင်း မိုင်းအိုက်ကျော်က မဇ္ဈိမကို ပြောသည်။
အစိုးရ စစ်တပ်က အင်အားတိုးချဲ့ခြင်းနှင့် ထိုးစစ်ဆင်ခြင်းကြောင့် ဒီဇင်ဘာလအတွင်း ၈ ကြိမ်ထိ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီ ဖြစ်ပွားခဲ့သဖြင့် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ တွေ့ဆုံဆွေးနွေးမှု နှောင်နှေးကြန့်ကြာမည်ဟု သူက ပြောသည်။
Credit - Mizzima News
No comments:
Post a Comment