ဒီမိုကရေစီ လက်ပန်းကျချိန်ဟောင်ကောင်တွင် ဒီမိုကရေစီရေးအတွက် ဆန္ဒပြကျောင်းသားများ ရှုံးနိမ့်သွားခဲ့ပြီဟု တရုတ်
မီဒီယာများက ရေးကြသည။် မြို့လယ်ခေါငနေ ဆိုင်ခန်းပိုင်ရှင်များက သပိတ်စခန်း ဖွင့်ထားသော ကျောင်းသားများကို
ရှင်းပစ်လိုက်နိုင်သဖြင့် ဝမ်းသာနေကြသည်။ သူတို့ စီးပွားရေး ပြန်ကောင်းတော့မည်ဟု ဆိုကြသည်။ တရုတ်မီဒီယာ တစ်ခုဖြစ်သော တရုတ်နေ့စဉ်က 'အဆင့်မြင့် ကိုယ်ပိုင်အုပ်ချုပ်ရေးဆိုတာ အပြည့်အဝ ကိုယ်ပိုင်အုပ်ချုပ်ရေး မဟုတ်ဘူးဆိုတာ အခုတော့ ဟောင်ကောင်သားတွေ ကောင်းကောင်း သိသွားကြပါပြီ' ဟု ရေးခဲ့သည်။
မြန်မာနိုင်ငငံတွင်လည်း သပိတ်မှောက်ကြသည်။ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် ကျောင်းသားအခွင့်အရေး တွက် ဖြစ်သည်။ မြန်မာပြည်က တက္ကသိုလ် ကျောင်းသားများက အမျိုးသား ပညာရေးနှင့် ပတ်သက်ပြီး လုံးဝ လက်ခံနိုင်ကြသဖြင့် သပိတ်မှောက်ကြသည်။ လေးရက်ဆက်တိုက် ဆန္ဒပြပြီးနောက် အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်နိုင်ရေးအတွက် အစိုးရပါဝင်သည့် လေးပွင့်ဆိုင် ဆွေးနွေးရေးကို ကမ်းလှမ်းထားသည်။ ကြားကာလ ရက်ပေါင်း ၆၀ သတ်မှတ်ထားပြီး ရက်ပေါင်း ၆၀ ပြည့်၍မှ သင့်လျော်သည့် ကမ်းလှမ်းချက် မရလျှင် တိုက်ပွဲအရှိန် မြှင့်မည်ဟု ဆိုထားသည်။
မြန်မာတက္ကသိုလ် ကျောင်းသားများက ဟောင်ကောင် ကျောင်းသားများထက် အာဏာပိုင်များ၏ အင်အားနှင့် မိမိတို့၏ စွမ်းအားအကန့်အသတ်ကို ပို၍ချိန်ဆနိုင်စွမ်းရှိသည်ဟု သုံးသပ်နိုင်သည်။ မည်သည့်အချိန်တွင် မည်သည့်အင်အားဖြင့် မည်သည့်အရာကို လုပ်ဆောင်ကြ၍ မည်သည့်အကြောင်းအရာကို ပြောင်းလဲသင့်သည်ဆိုသည်မှာ နိုင်ငံရေးရေချိန်မြင့် ဆောင်ရွက်နိုင်မည့် အနေအထားဖြစ်သည်။ အင်အားကြီးသူများကို ယှဉ်နိုင်ရန်မှာ နည်းမျိုးစုံဖြင့် စဉ်းစားနိုင်မှဖြစ်သည်။
လက်ရှိတွင် ရန်ကုန်မြို့တော်ခန်းမရှေ့ ဂိတ်ပေါက်တစ်ခုကို မြေသိမ်းဆည်းခံ မိကျောင်းကန် ဆန္ဒပြသမားများက ပိတ်ဆို့ဆန္ဒပြနေကြသည်။ မိကျောင်းကန် ဆန္ဒပြသူများသည် ရန်ကုန်မြို့လယ်ခေါင်တွင် ဆန္ဒပြနေသည်မှာ ရက်ပေါင်း နှစ်ရာကျော် သုံးရာနီးလုပြီဖြစ်သည်။ အဖြေမထွက်သေးသောကြောင့် ပြင်းထန်သော ဆုံးဖြတ်ချက်ဖြင့် တော်လှန်ရေးအသွင် ဆောင်လာကြသည်။ အာဏာပိုင်များ
ဘက်ကလည်း မှန်ကန်သော တုံ့ပြန်မှုမဟုတ်သည့် ဆောင်းဘောက်စ်များအသုံးပြု၍ သီချင်းများ ဖွင့်နေသည်။ တစ်ချိန်တွင်တော့ မိကျောင်းကန်ဆန္ဒပြသူများသည် ဟောင်ကောင်မှာလို ရှုံးနိမ့်သွားလေမည်လား ထင်မှတ်စရာ ရှိနေသည်။ အစိုးရသည် လက်ရှိနိုင်ငံရေး အကျပ်အတည်းတွင်ပင် အကွက်ချ၍ တစ်ကွက်ချင်း အသားစီးရအောင် ထိန်းသွားနေသလို ဖြစ်သည်။ မျက်မှောက်မြန်မာ့နိုင်ငံရေး
တွင် လိုအပ်ချက်တစ်ရပ်ဖြစ်သည့် လေးပွင့်၊ ငါးပွင့်၊ ခြောက်ပွင့်၊ ၁၂ ပွင့်၊ ၁၄ ပွင့် တွေ့ဆုံဆွေးနွေးရေးများမှာလည်း ရေရေရာရာ အဖြေမထွက်နိုင်သေး။ အတိုက်အခံ နိုင်ငံရေးအင်အားစုများမှာလည်း အစိုးရရွှေ့နေသည့်အကွက်အပေါ်တွင်သာ လိုက်ပါပြောင်းလဲ ကစားနေရသကဲ့သို့ ဖြစ်နေသည်။ မျက်မှောက်မြန်မာ့နိုင်ငံရေး အခြေအနေသည် မတင်မကျနှင့် ၂၀၁၅ တွင်းသို့ ချင်းနင်း ဝင်ရောက်သွား
ဖွယ်ရှိနေသည်။
ငြိမ်းချမ်းရေးကလည်း အမှန်တကယ် လက်ဆုပ်လက်ကိုင်ပြနိုင်သည့် အောင်မြင်မှုမရှိဘဲ နှစ်ဖက်ရင်ဆိုင် တိုက်ပွဲများ မကြာမကြာ ပြန်ဖြစ်ပြီး နေ့ကိုလစား အချိန်ကုန်လာသလို ဖြစ်နေသည်။ အစိုးရသွားနေသည့် လှိုင်းလှုပ်ရှားမှုများတွင် ယခုအခါ ပြည်သူ့ဗဟိုပြု တတိယလှိုင်းသွားနေသည်ဆိုသော်လည်း ပြည်သူများက အမှန်တကယ် ပါလာခြင်း မရှိသေးဘဲ ပြည်သူက သက်သက်၊ အစိုးရက သက်သက်
သဘောမျိုးသာ တွေ့နေရသည်။ မီဒီယာများအပါအဝင် ပြည်သူများမှာလည်း တစ်ရက်ကောင်းနိုး မျှော်လင့်ချက်ဖြင့် ရှင်သန်နေရသည်မှာ သမ္မတဦးသိန်းစိန် အစိုးရသက်တမ်းပင် ကုန်လုနီးဖြစ်လာနေသည်။ နောက်ဆုံးတစ်ရက် အကျပ်အတည်းများ၏ ထွက်ပေါက်အဖြစ် လမ်းပေါ်ထွက်နိုင်ငံရေးဘက်အသွင်ကိုသာ လှမ်းလေမည်မလားဟု သုံးသပ်ရသည်။
ဒီမိုကရေစီကို လျှောက်လှမ်းနေသည့် ခေတ်သစ်မြန်မာ (ဝါ) မြန်မာသစ်သည် ဒီမိုကရေစီ လက်ပန်းကျလာချိန်လားဟု မဇ္ဈိမက သုံးသပ်သည်။ ဒီမိုကရေစီလှိုင်းများကို ကူးခတ်နေရင်း သာယာပျော်ရွှင်စရာကောင်းသော အနာဂတ်ကမ်းစပ်ဆီ ရောက် သင့်သော်လည်း ပြည်သူများမှာ လက်ပန်းကျလာပုံရသည်။ မြန်မာ့အနာဂတ်သည် ဝိုးဝါးနေသောအသွင်၊ မှန်းမရသော အနေအထားပင်ဖြစ်သည်။ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီတွင် မီဒီယာများ အပါအဝင် ပြည်သူများ လက်ပန်းမကျရန်နှင့် အစိုးရနှင့်ပြည်သူ ယခုထက် အချိတ်အဆက်မိမိနှင့် အားလုံးယုံကြည်သော အနာဂတ်ဆီကို ယုံယုံကြည်ကြည် လှမ်းတက်နိုင်ရန် မဇ္ဈိမက ဆန္ဒပြုသည်။
Credit - Mizzima News
No comments:
Post a Comment