Thursday, December 18, 2014

ဦးသိန်းစိန် ဖြုတ်ချရေးကြွေးကြော်ခွင့် မပြုသည့် ကသာမြို့ပေါ်မှ ဆန္ဒပြပွဲ....

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့ပေါ်တွင် ၁၀၊၁၂၊၂၀၁၄ရက်နေ့ နံနက်(၉)နာရီအချိန်မှ စတင်၍ ဆန္ဒပြပွဲတစ်ခု စတင်ပြုလုပ်သွားခဲ့ပြီး
နေ့လည်(၁၂)နာရီအချိန်တွင်ပြီးဆုံးသွားခဲ့ပါသည်၊ ထိုဆန္ဒပြပွဲကိုဦးဆောင်သူမှာ တစ်သီးပုဂ္ဂလ ဦးစိန်လှဖြစ်ပြီး ဆန္ဒပြသူအားလုံးမှာ ထီးချိုင့်မြို့နယ်
အတွင်းရှိ ချိတ်တင်၊ ကမ်းနီ၊ ၀န်တင်ကုန်း၊ ကိုးတဲ၊ ရွှေပြည်သာ၊ကျောင်းလမ်း၊ မောင်းကုန်း၊ ဖုန်ကုန်းကြီး ၀ဲကြီး၊ တုံးပုံကျေးရွာများမှ ဖြစ်ပြီး
ရွာသူရွာသားအများစုမှာ မောင်းကုန်းကျေးရွာမှဖြစ်ကြပါသည်၊ ကျေးရွာသူကျေးရွာသား (၁၅၀)ခန့် ပါဝင်သည့် ဆန္ဒပြအား ဦးဆောင်ခဲ့သူ

တစ်သီးပုဂ္ဂလ ဦးစိန်လှမှ ``` အခုပြုလုပ်တဲ့ ဆန္ဒပြပွဲဟာ ထီးချိုင့်မြို့နယ်အတွင်းမှာ ၂၀၀၁ခုနှစ်ကနေ ၂၀၁၀ခုနှစ်အထိ အနိုင်ကျင့် အသိမ်းခံ
ခဲ့ရတဲ့ လယ်သမားတွေရဲ့ လယ်မြေတွေ ပြန်လှယ်ရလိုမှုအတွက် ဆန္ဒပြကြရတာဖြစ်ပါတယ်၊ အဲဒီအချိန်တုန်းက ဂရိတ်ဝေါဦးတင်မောင်ရဲ့လူခံတွေက
ဒီမှာ ဦးတင်မောင် သကြားစက်တည်မယ်၊ ကြံစိုက်မယ်၊ ဒါကြောင့် လက်ရှိလုပ်ကိုင်စိုက်ပျိုးနေတဲ့ လယ်တွေ ယာတွေ ကြံစိုက်ခင်းတွေကို သိမ်းမယ်ပေါ့၊
အဲဒီလိုသိမ်းတဲ့မြေဟာ သစ်တောဧရိယာဖြစ်လို့ သိမ်းတယ်လို့လည်းပြောတယ်၊ သူတို့အနေနဲ့ သစ်တောမြေလို့ ပြောပေမယ့် တကယ်တမ်းတောင်သူ လယ်သမားတွေ
ဒီမြေပေါ်မှာ ပလပ်မြေဆိုပြီး စိုက်ပျိုးလာတာဟာ ၁၅နှစ် အနှစ်၂၀ လောက်ရှိနေပြီ၊ တစ်ခုရှိတာက တောင်သူလယ်သမားဆိုတာ ရိုးသားကြတော့ ဒီအခင်းက ငါ့မြေ
ဟိုလယ်ကွက် သူ့မြေဆိုပြိး နားလည်လုပ်ကိုင်လာကြတာဆိုတော့ ဂရံတို့ လ/နတို့ မရှိကြဘူးပေါ့၊ သို့သော် သူတို့မှာ စိုက်ပျိုးရေးကို ပေးဆောင်ရတဲ့ ပြေစာတွေ
ရှိကြပါတယ်၊ အဲဒီလို မိရိုးဖလာလုပ်ကိုင်လာတဲ့တောင်ယာမြေတွေကို အဲဒီခေတ် စစ်တိုင်းတိုင်းတ၀တဥက္ကဌဦးသာအေးနဲ့ အင်မတန် ရင်းနှီးတဲ့ ဂရိတ်ဝေါ ဦးတင်မောင်
က နိုင်ငံပိုင်မြေဆိုပြီး ကြံစိုက်ခင်းတွေ၊ သကြားစက်တွေ လုပ်ဖို့ မြေဧကထောင်ချီပြီး ၀ယ်ပါတယ်၊ ၀ယ်တယ်လို့ နာမည်ကောင်း တပ်ခဲ့ပေမယ့် မရတဲ့ တောင်သူလယ်သမားတွေ အများကြီးရှိခဲ့သလို
ကာလပေါက်ဈေး သိန်းဆယ်ချီတန်တဲ့ လယ်မြေယာမြေတွေကို ၅သောင်း ၆သောင်း ၇သောင်း လောက်ပဲ အများဆုံး ပေးဝယ်ခဲ့ပါတယ်၊ ခင်ဗျားတို့ ဒီဈေးနဲ့မရောင်းရင် နောက်ကို တစ်ပြားမှ မပေးဘဲ
သိမ်းခံရမယ်လို့ ခြိမ်းချောက်ပြောဆိုကြတော့ လယ်သမားယာသမားတွေအနေနဲ့ လုံးဝ မရောင်းလိုပေမယ့် ဦးတင်မောင်ကိုရော ဦးတင်မောင်ရဲ့ ရောင်းရင်း ဦးသာအေးကိုရော ကြောက်ကြတော့
ရောင်းခဲ့ကြရတယ်၊ ရောင်းပြီးတဲ့နောက် လယ်ပိုင်ယာပိုင် တောင်သူတွေဟာ ကိုယ်လုပ်ခဲ့တဲ့ မြေမှာပဲ သူရင်းငှားတို့ မြေတူးတို့ ပြန်လုပ်ကြရရှာပါတယ်၊ အရင်ခေတ်က ပြောခွင့်မရဘဲ ခေါင်းငုံ့ခံ လည်စင်း
ပေးရတဲ့ ခေတ်ဆိုတော့ ဒူးနဲ့ မျက်ရည်သုတ်ပြီး ဘာမှ မပြောရဲခဲ့ကြပေမယ့် ဒီခေတ်မှာ မတရားအနိုင်ကျင့်ရယူထားတဲ့ လယ်တွေ ယာတွေပြန်ပေးမယ်၊ဒါမှမဟုတ် ထိုက်သင့်တဲ့ တန်ဘိုး ပြန်ပေးရမယ်
ဆိုပြီး လွှတ်တော်မှာ ပြောကြဆိုကြတော့ မတရားအသိမ်းခံထားရတဲ့ ဒီလယ်သမား ယာသမားတွေက ပျော်ကြတာပေါ့၊ အထက်ကို စာတွေတင်ကြ ပြုကြ လုပ်ပေမယ့် အရေးယူဆောင်ရွက်ပေးတာမျိုး
လုံးဝ မရှိခဲ့ပါဘူး၊ အရင်ခေတ် စစ်တိုင်းတိုင်းတ၀တဥက္ကဌဦးသာအေးဟာ ဒီခေတ် ဒီတိုင်းမှာ ၀န်ကြီးချုပ်ဆက်လုပ်နေလို့ အရေးယူဆောင်ရွက်ပေးတာမျိုး မရှိတာလို့ ယူဆပြီး နိုင်ငံတော်သမ္မတသိစေဖို့
ဆန္ဒပြပွဲတွေ လုပ်ခဲ့ပါတယ်၊ အဲဒီလို တောင်သူလယ်သမားတွေအပေါ် မတရားတဲ့နည်းနဲ့ မြေဧက ၉ထောင်လောက် ၀ယ်ယူသိမ်းပိုက်ထားတဲ့ ဦးတင်မောင်ကို တစ်စုံတရာ စစ်ဆေးမေးမြန်းတာမျိုးမလုပ်တဲ့အပြင်
နိုင်ငံတော်သမ္မတရဲ့ မြန်မာစီးပွားစွမ်းဆောင်ရှင်ဆုတောင် ပေးလိုက်သေးတဲ့အပေါ် မြေသိမ်းခံ တောင်သူ လယ်သမားတွေ ပိုပြီး မကျေမနပ်ဖြစ်ကြရပါတယ်၊ ဒါကြောင့် ဒီဆန္ဒပြပွဲ ဖြစ်လာတာပါ၊
ဒီဆန္ဒပြပွဲကို ကျွန်တော်တို့ တရားဝင်စာတင် ခွင့်ပြုချက်တောင်းပြီး လုပ်ခဲ့တာပါ၊ဒီလို စာတင်ခဲ့တဲ့နေရာမှာ ကြွေးကြော်ချက်(၃) ခုကို ဖေါ်ပြတောင်းဆိုခဲ့ပါတယ်၊ကျွန်တော်ကြွေးကြော်ချင်တဲ့ အချက်(၃)ချက်ထဲက
(၂)ချက်ကို ခွင့်ပြုပြီး (၁)ချက်ကိုတော့ ခွင့်မပြုတဲ့အကြောင်းလည်း ကသာမြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူးကျော်အောင်မြင့်က ပြောခဲ့ပါတယ်၊ ကျွန်တော်တို့ တောင်းဆိုထားတဲ့ ကြွေးကြော်လိုတဲ့ ဟာတွေက
(၁) အသိမ်းခံလယ်ယာမြေများ ပြန်လှယ်ရရှိရေး(ဒို့အရေး)၊(၂) ဦးသိန်းစိန်အစိုးရ (ဖြုတ်ချ-ဖြုတ်ချ-ဖြုတ်ချ) ၊(၃)ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေး (ဒို့အရေး) တွေဖြစ်ပြီး သက်ဆိုင်ရာက နံပါတ်(၂)
ဖြစ်တဲ့ ဦးသိန်းစိန်အစိုးရ (ဖြုတ်ချ-ဖြုတ်ချ-ဖြုတ်ချ)ဆိုတာကို ခွင့် မပြုဘူးလို့ ပြောပါတယ်၊သဘောအရပြောရရင် ဆန္ဒတော့ ပြခွင့်ပြုတယ်၊ ဦးသိန်းစိန်နဲ့ လက်ရှိအစိုးရကို ပြခွင့် မရှိဘူးပေါ့၊
ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ကတော့ ခွင့်ပြုတဲ့အတိုင်းပဲ လုပ်ခဲ့ပါတယ်၊ ၊့  (၉)နာရီမှာ ရပ်ကွက်(၉)ဘောလုံးကွင်းမှာ လူစုဝေးတယ်၊ ဟောပြောတယ်ပေါ့၊ ဟောပြောခဲ့တာက လယ်သမားသူပုန်
ဆရာစံအကြောင်း၊သခင်ဖိုးလှကြီးအကြောင်း၊ နရသီဟပတေ့မင်းအကြောင်း၊ ရှိတ်စပီးယားပုံပြင်ထဲမှ ဂျူလိယက်ဆီဇာအကြောင်းဖြစ်ပါတယ်၊ အဲဒီမှာ ၁၁နာရီထိုးတော့ နိုင်ငံတော် သီချင်းဆိုတယ်၊
ကသာခရိုင် အုပ်ချုပ်ရေးမှူးရုံးရှေ့ကို စီတန်းလှည့်လည်တယ်၊အဲဒီမှာ (၅)မိနစ်ကြာ ခဏနားရင်းနဲ့ကြွေးကြော်ကြတယ်၊ အဲဒီကနေ မြစ်ဆိပ်က မြစေတီဘုရားကြီးနဲ့ လေးထပ်ကျောင်းကြားမှာ ပြီးစီးသွားခဲ့တယ်၊
""" ဟု ရှင်းလင်းပြောဆိုသွားခဲ့ပါသည်၊
ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သော အသက်(၆၀)ကျော်အဖွားအိုတစ်ဦးအား ဆက်လက်မေးမြန်းခဲ့ရာ ထိုအဖွားအိုမှ.....
''နာမည်က ဒေါ်ဝင်းမြင့်ပါ၊ နေတာက ထီးချိုင့်မြို့နယ်၊ ၀န်တင်ကုန်းကျေးရွာမှာပါ၊ အဖွားတို့မှာအရင်ကတော့ လယ်မြေဧက(၁၈)ဧကရှိပါတယ်၊ အဖွား (အမျိုးသား)အဖိုးက အခုဆိုရင် အသက်(၇၀)ကျော်ပေါ့၊အဖိုးအသက်(၆၀)ကျော်အရွယ်မှာ လယ်မြေ(၁၈)ဧက
သိမ်းခံပါတယ်၊ ဦးတင်မောင် သိမ်းတာပါ၊ အဖိုးက မျက်စိမကောင်းတော့လို့ အုဆန္ဒပြပွဲကို ပါမလာပါဘူး၊အိုကြီးအိုမကျတော့မှ လုပ်စားလာတဲ့ မြေယာသိမ်းခံလိုက်ရတော့ ၀မ်းနည်းကြတာပေါ့၊ ရှိတာကလည်း အဖိုးကြီး အဖွားကြီးတွေ၊
အသက်တွေကလည်းကြီး ဆိုတော့ သက္ကယ်ပျစ်ပြီး ဘ၀ကို ရပ်တည်နေရတာပေါ့၊ စားလောက်လားဆိုတော့ ဘယ်စားလောက်ပါ့မလဲ၊ သက္ကယ်၁၀၀ပျစ်နိုင်မှ ငွေ(၁၀၀၀၀)ရတာပါ၊ သက္ကယ်(၁၀၀)ရအောင် သက္ကယ်ရိပ်ရတယ်၊ ၀ါးထွဲရတယ်၊
နှီးဖျာရတယ်၊ နေလှမ်းရတယ်၊ အခုဆန္ဒပြပွဲဆိုရင် ကိုယ့်မှာ ငွေပိုငွေလျှံမရှိလို့ ကသာ ခရီးစားရိတ်အတွက် သက္ကယ်ဖိုး(၁၀၀၀၀)ကျပ် ကြိုထုတ်ပြီး လာပြရတာ၊ သက္ကယ်(၁၀၀)ကို ကြိုပေး(၂၀၀၀)နှုန်းနဲ့ သက္ကယ်(၅၀၀)ဖိုးကြိုထုတ်လာတာ၊
ဆန္ဒပြပွဲ တစ်ခါမှ မပြဖူးပါဘူး၊အခုမှ ပြဖူးတာပါ၊ လယ်မြေ ပြန်ရရင်နိုင်လို့ လက်မှတ်ထိုးဆိုရင် ထိုးပေးလိုက်တာပဲ ရှိခဲ့ပါတယ်၊ဘာမှလည်း ထူးခြား မလာလို့ ဆန္ဒလာပြတာပါ၊ ဒီဆန္ဒပြပွဲကနေ ၀န်တင်ကုန်း ပြန်ရောက်ရင် သက္ကယ်ပျစ်ပေးရဦးမယ်၊ သက္ကယ်(၅၀၀)အတွက် ကြာချိန်ကတော့ (၃)လလောက် ကြာမယ်၊ ဒီကြားထဲ အဖွားနဲ့ အဖိုးကတော့ ဘယ်လိုစားသောက်ရဦးမယ် မသိပါဘူး၊ အဖွားနဲ့ အဖိုးကတော့
ဦးတင်မောင်ကို မေတ္တာပို့ပါတယ်၊ ကျုပ်တို့ ဒုက္ခတွေ ရောက်သလို မရောက်ပါစေနဲ့လို့"" ဟု ပြောဆိုပါသည်၊
ကျွန်တော်တို့ အင်တာဗျူးတာကို နားထောင်နေသည့် အဖိုးအိုတစ်ဦး..၊ ခေါင်းက ပြောင်နေသည်၊ ခြေထောက်မှာ ဖိနပ်က မရှိ၊ ကျွန်တော် သူ့ကို စိတ်စားသွားမိသည်၊
'' အသက် ဘယ်လောက်ရှိပြီလဲ" လို့ မေးကြည့်တော့ ''(၆၀)ဖျော့ဖျော့ပေါ့"" ဟု ဖြေပါသည်၊ ကျွန်တော်က "အဖိုးက ကျွန်တော့ကို တစ်ခုခု ပြောချင်လို့လား""ဆိုတော့ ခေါင်းကလေးငြိမ့်ပြီး သူ၏ ဖြစ်စဉ်ကို ပြောပြပါသည်။
""လွန်ခဲ့တဲ့ အနှစ်(၂၀)က မြေနဲ့လယ်အသိမ်းခံခဲ့ရတာပါ၊ မြေ(၁၂)ဧကနဲ့ လယ်(၄)ဧက သိမ်းခံခဲ့ရပါတယ်၊မသိမ်းခင်ကတော့ ပဲစဉ်းငုံတို့၊နှမ်းတို့၊စပါးတို့ စိုက်ပါတယ်၊ အဆင်လည်းပြေခဲ့ပါတယ်၊ လွန်ခဲ့တဲ့(၁၀)နှစ်လောက်က
ဦးတင်မောင်ရဲ့ အသိမ်းခံခဲ့ရပါတယ်၊ တစ်ဧကကို (၇)သောင်းပေးခဲ့ပေမယ့် ကိုယ်က လယ်ကလွဲပြီး ဘာမှ မလုပ်တတ်တော့ ရခဲ့တဲ့ငွေ ကုန်တော့ အခု အိမ်သာကျင်းတူးတဲ့အလုပ် လုပ်နေရပါတယ်၊ ဒီမှာဆန္ဒပြဖို့ အပြန် အိမ်သာကျင်းတူးပေးပါ့မယ်ဆိုပြီး ငွေချေးပြီး
လာခဲ့ရတာပါ၊ အားတက်ပြီး ဆန္ဒလာပြပေမယ့် ကိုယ်က အသက်လည်းကြီး ကျန်းမာရေးက မကောင်းတော့ ဘောလုံးကွင်းထဲက ထွက်ကတည်းက မောနေလို့ ကောင်ကလေးတစ်ယောက်ရဲ့ ဆိုင်ကယ်နောက်က လိုက်ခဲ့ရပါတယ်၊ကျွန်တော်ကတော့
သမ္မတကြီးကို တောင်းဆိုချင်တာက ကျွန်တော်တို့ကို သနားသဖြင့် တင်မောင်ဆိုတဲ့သူဆီက မြေတွေ ပြန်တောင်းပေးပါ၊ သူတို့ သူဌေးတွေလို့ ကြားရပါတယ်၊ကျွန်တော်တို့ ဆင်းရဲနေကြပါတယ်၊ ကျွန်တော့်မှာ အမျိုးလည်း မရှိပါဘူး၊ အဆွေလည်း မရှိပါဘူး၊အားလုံး ၀ိုင်းဝန်းပြီး ကူညီပေးကြပါ"" ဟု မျက်ရည်ဝဲလျှက်
ပြောပြခဲ့ပါသည်၊
ယနေ့ ခေတ်စားနေသော ""ဒံပေါက်ကျွေးလို့ ဆန္ဒပြတာလား?? နေ့တွက်ရလို့ ဆန္ဒပြတာလား???? "" ဟူသည့် မေးခွန်းများကို ဆန္ဒပြသူများအားမေးကြည့်မိရာ .
ဒေါ်ခင်စန်းဌေး(ထီးချိုင့်မြို့နယ်၊၀င်တင်ကုန်းကျေးရွာ)။ ။ဒံပေါက်နေနေသာသာ ထမင်းတောင် ၀ယ်စားစရာရော ကျွေးမယ့်သူရော မရှိလို့ ဟောဒီမှာ ၀က်မြေဥကိုကြည့်ပါ၊ ဒါဝယ်စားနေရတာပါ၊ လူကြီးမင်းများ သိတော်မူကြပါ၊
ဒေါ်မြ၀င်း (မောင်းကုန်းကျေးရွာ).။ ။ ကိုယ့်လယ်မြေသိမ်းခံရလို့ ရိုးရိုးသားသား ဆန္ဒ လာပြတာပါ၊.၊ဟောဒီမှာ ထမင်းထုပ်၊ ကျုပ်စားဖို့တိုင်မှာချိတ်ထားတာ၊ ဘယ်သူမှ ၀ယ်ကျွေးတာ မရှိဘူး၊ဒီထမင်းထုတ်က (၃၀၀)ဖိုး၊ ငါးဖယ်က (၂၀၀)ဖိုး၊မြို့ကြီးတွေလို ဘယ်သူမှ ပိုက်ဆံမပေး ထမင်း မကျွေးပါဘူး၊
ဒေါ်စန်းမြိုင် (အုတ်ဆုံရွာ)။ ။(၇)တန်းသမီးကို ကျောင်းထုတ်ထားရပါတယ်၊ လုပ်ကိုင်စားစရာ လယ်မရှိလို့ ယောက်ျားလည်း သင်္ကန်းဝတ်သွားပါပြီ၊ ကျွန်မတို့ မိသားစုလည်း အခုလည်း သက္ကယ်ပျစ်ပြီး စားဝတ်နေရေး ဖြေရှင်းနေပါတယ်၊ ဟုဖြေဆိုသွားခဲ့ကြပါသည်။

( ဟာဂျူလီ-ကသာ)

 

 

 

 

 

No comments:

Post a Comment