Monday, December 15, 2014

ဆို့ဟဲ့...အပင်း (ဆောင်းပါး)

|| ဆောင်းပါး - ငြိမ်းချမ်းအေး ||

ကျောင်းသား ဘ၀ အင်္ဂလိပ်စာ အရည် အချင်းစစ် စာမေးပွဲတွေ အတွက် စာစီစာကုံး လေ့ကျင့်ရရင် ဘောလုံးသမားတွေ လစာ ထိုက်တန်၏ မထိုက်တန်၏ လို၊ အမှုဆောင် အရာရှိချုပ်တွေ လစာ ဘယ်လောက် ယူ သင့်သလဲ ဆိုတာတွေ ထောက်ခံ၊ ကန့်ကွက် ဆွေးနွေး ရေးရလေ့ရှိတယ်။ အခုလည်း တ လ မြန်မာကျပ်ငွေ ဆယ့်ခြောက်သိန်း နီးပါး ကိုယ့်ဘာသာကိုယ် ခံစားခွင့် အတည်ပြုလိုက် ကြတဲ့ ကျတ်ပြေး လွှတ်တော် အမတ်မင်းများ ရဲ့ကျေးဇူးနဲ့ ဝင်ငွေလစာ ခံစားခွင့် ဓန တည် ဆောက်မှု မညီမျှချက်တွေအကြောင်း ပြန်စဉ်း စားဖြစ်တော့တယ်။

တခေတ် တခါတုန်းက ကဗျာဆရာ သိဒ္ဓတ္ထလှိုင် (နောင် သုခမိန်လှိုင်) က သူ့ရဲ့ ဂျွန်လ၏မိုးရေများ ၁၉၇၂ ကဗျာစာအုပ်မှာ ]ရုပ်ရှင်မင်းသားတယောက်ရဲ့ ဝင်ငွေ သိန်း ချီရနေသလို လယ်သမားတယောက်လည်း ရဖို့ စဉ်းစားတွေးခေါ် သင့်လှပါတယ်}လို့ ရေး ခဲ့ဖူးတယ်။ မျက်မှောက်ခေတ်မှာလည်း ကမ္ဘာ ကြီးပြားပြီ ဆိုတာ အရင်းရှင်စနစ်ရဲ့ အလင်း မျက်နှာစာ ကွက်ကွက်၊ ကမ္ဘာလုံးဆိုင်ရာ ထိကပ်နီးစပ် စပ်ယှက်လာမှု သဘောကိုသာ အကောင်းမြင် ဆိုရတာပါ။ တကယ်တော့ ကမ္ဘာကြီးဟာ အနိမ့်အမြင့် အမို့အမောက် ချိုင့်ခွက်တွေ အပြည့်နဲ့ တဖက်စောင်းနင်း ကမ္ဘာကြီး ဖြစ်နေလျက်ပါပဲ။

ဒီမိုကရေစီစနစ်ရဲ့ အဓိကအကျဆုံး အ ချက်က တိုင်းပြည်မှာ ရှိတဲ့ လူထု လူတန်းစား အသီးသီးအတွက် တူညီတဲ့ အခွင့်အရး၊ ရ ပိုင်ခွင့်၊ လုပ်ပိုင်ခွင့်တွေ ဖန်တီးပေးနိုင်ကာ လူ မှုတရားမျှတမှု (Social Justice) ရရှိခံစား စေဖို့ပါ။ ဒါပေမဲ့ အရင်းရှင် လစ်ဘရယ် ဒီမို ကရေစီ စနစ် အပါအဝင် စနစ် အဖွဲ့အစည်း တိုင်းမှာ မမျှတမှုတွေဟာ နေရာတိုင်းမှာ ခေတ် အဆက်ဆက် ရှိခဲ့၊ ရှိနေဆဲပါပဲ။

ဘောဂဗေဒ ပညာရပ်မှာ ဝင်ငွေ ဥစ္စာဓန ဖြစ်တည်ရာ ထုတ်လုပ်မှုအင်အားစု မြေယာ၊ လုပ်အား၊ အရင်းတွေရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက် တွေ အသီးသီးရှိကြတယ်။ ဓနကိုအရင်းပြုပြီး ကုန်ထုတ် စွမ်းအားဖြစ် ဥစ္စာကို ထပ်ဆင့်တိုး ပွားနိုင်တယ်။ ဒီဘက်ခေတ်တွေရောက်တော့ ကုန်ထုတ်လုပ်နိုင်မှုမှာ ဉာဏ်ပညာကိုပါ ထည့် လာရတယ်၊ စွန့်ဦးတီထွင် စွမ်းနိုင်မှုကိုလည်း စဉ်းစား ယူလာရတယ်။ ဆန်းသစ် တွေးခေါ် နိုင်မှုအမြင် အတွေးအခေါ်ဟာလည်း ကုန် ထုတ်စွမ်းအား ဖြစ်လာတယ်။

၁၉ ရာစု ဂျာမန်တွေးခေါ်ပညာရှင် ကားလ် မာ့ခ်စ် ၁၈၁၈-၁၈၈၃ က အရင်းကို အခြေခံ ခရေစေ့တွင်းကျ ရှင်းလင်းဖွင့်ဆိုထားတဲ့ အ ရင်းကျမ်းတွေ ရေးထုတ် အဲဒီခေတ် ဘုန်းမီး နေလ တောက်ပနေတဲ့ နယ်ချဲ့အရင်းရှင် ကမ္ဘာ ကို ကိုင်လှုပ်ခဲ့တယ်။ အရင်းပစ္စည်းမဲ့ လူတန်း စားတွေရဲ့ လုပ်အား ခေါင်းပုံဖြတ်ခံရမှုက ထွက် လာတဲ့ အစွန်းထွက် တန်ဖိုးတွေကနေ အရင်း ရှင်များ ကြွယ်ဝသထက် ကြွယ်ဝဥစ္စာဓန ဝင် ငွေ တိုးလာပုံကို မာ့စ်ခ် က ထောက်ပြခဲ့တယ်။ လက်ရှိခေတ်မှာတော့ ပြင်သစ် ဘောဂဗေဒ ပညာရှင် သောမတ် ပီကတီ (၁၉၇၁-) က ]၂၁ ရာစု အရင်းကျမ်း} ကို ၂၀၁၃ မှာ ရေး ထုတ် အရင်းရှင်စနစ်ရဲ့ မညီမျှခြင်း တွေကို စနစ်တကျ ရာဇဝင်ချီ ဇယားချပြ၊ အရင်းရှင် စနစ် ပြုပြင်ပြောင်းလဲမှု (Captalism Reform) မပြုလုပ်ရင် ရင်ဆိုင် တွေ့ရမယ့် အန္တ ရာယ်တွေကို ထောက်ပြ၊ ဝင်ငွေများမှု အပေါ် မူတည် ကောက်ခံတဲ့ ဝင်ငွေခွန်အပြင် ဥစ္စာ ဓန ကြွယ်ဝမှုအလိုက် အခွန် (Wealth Tax) ကောက်ခံဖို့ အဆိုပြုလိုက်တော့ အရင်းရှင် စနစ်နဲ့ အသားကျနေတဲ့ ကမ္ဘာတဝန်း တုန် လှုပ်သွားခဲ့တယ်။

မညီမျှမှုတွေ အကြောင်း ပြောရင်တော့ အမြဲ တုန်လှုပ်ရတာချည်းပါပဲ။ သတင်းတပုဒ် မှာ ဟိုတရက်က ဖတ်လိုက်ရတယ်။ နအဖ ခေတ်မှာ စစ်အစိုးရနဲ့ ပနံသင့်ရင်း လုပ်ပိုင် ခွင့်များနဲ့ ချမ်းသာသထက် ချမ်းသာ လာခဲ့ သူ ခရိုနီတယောက်ဖြစ်တဲ့ ဦးဇော်ဇော် (မက်စ် မြန်မာ)ရဲ့ စီးပွားအင်အားစု တစ်နှစ် ဝင်ငွေက အမေရိကန် ဒေါ်လာ ကုဋေ ၅၀ ရှိပါသတဲ့။ အခြား စီးပွားလုပ်ငန်းရှင်တစ်ဦး ဖြစ်တဲ့ ဦးကို ကိုကြီး(ဒိုင်းမွန်းစတား )ပိုင် ကုမ္ပဏီစု ကတော့ ဒေါ်လာ ၃၈ ကုဋေပါတဲ့။ အဲ့ဒီလို ဦးတေဇ (ထူး)၊ ဦးထွန်းမြင့်နိုင် (စတီဗင်လော အေရှား ဝေါလ်) အစရှိတဲ့ ကမ္ဘာ့အဆင့် ချမ်းသာကြွယ် ၀နေကြတဲ့ ကုဋေကြွယ်သူဌေးကြီးများ လက် တဆုပ်စာရှိရာ ကျွန်တော်တို့ ရွှေပြည်ကြီးရဲ့ အခြေခံ အလုပ်သမား တဦးရဲ့ တနေ့တာ ဝင်ငွေ လုပ်အားခက နိုင်ငံတကာ စီးပွားရေး ရာ အဖွဲ့တွေရဲ့ သုတေသနပြုချက်အရ ဒေသ တွင်းမှာ အနိမ့်ဆုံးပါတဲ့။ ပျမ်းမျှဒေါ်လာဝက် သာသာပဲ ရှိပါသတဲ့။ တခြား အလုပ်သမား အခွင့်အရေး၊ ဘ၀အာမခံချက်၊ ကျန်းမာရေး စောင့်ရှောက်ခံရမှု၊ အလုပ်ချိန်တွေ အသာ ထားဦး။ နယ်ချဲ့ အရင်းရှင် အင်္ဂလိပ်ခေတ် ဘီအိုစီ ရေနံအလုပ်သမားဘ၀ကမှ သာပါ လိမ့်ဦးမယ်။

ဗမာပြည်က ဖွံ့ဖြိုးမှု အနိမ့်ဆုံး၊ တနည်း အားဖြင့် ကမ္ဘာ့အဆင်းရဲဆုံး တိုင်းပြည် စာရင်း ဝင်ပါ။ တဦးချင်းဝင်ငွေ ကမ္ဘာမှာ အနိမ့်ဆုံးပါ။ ကုလသမဂ္ဂရဲ့ အစီရင်ခံစာတွေအရ ဘ၀တူ အိမ်နီးချင်း လာအိုလိုနိုင်ငံမျိုး ကနေ အစား အသောက်ကြမ်း ငတ်ကြီးကျတဲ့ သူဆို အီသီ ယိုးပီးယားကလို့ မြန်မာများ လှောင် ခေါ်ကြ တဲ့ အာဖရိကက အီသီယိုးပီးယား၊ မာလာဝီ၊ ရဝမ်ဒါ ယူဂန်ဒါလို အမွဲ ထိပ်ခေါင် နိုင်ငံမျိုး တွေအထိ ဖွံ့ဖြိုးမှု အနည်းဆုံး စာရင်းက လွတ် ဖို့ အလားအလာ ကောင်းနေပေမယ့် ဗမာပြည် ကတော့ တဦးချင်းဝင်ငွေ နိမ့်ကျမှု၊ စီးပွား ရေးလုပ်ငန်းများ ထိခိုက် ပျက်စီးလွယ်မှု တွေ ကြောင့် ဆင်းရဲတွင်းက ထွက်ဖို့ အလှမ်းဝေး နေဆဲပါတဲ့။ သဘာဝသယံဇာတ ချမ်းသာလှ တဲ့ တိုင်းပြည်က ဆင်းရဲတဲ့ လူအများစု အ ဖြစ်၊ လူဆင်းရဲ ပေါလှတဲ့ တိုင်းပြည်က သူ ကြွယ် လက်တဆုပ်စာအဖြစ်။ တဖက်စောင်း နင်း လူ့အဖွဲ့အစည်း အကြောင်းက စဉ်းစားရင် ကြေကွဲဝမ်းနည်းတုန်လှုပ်ဖွယ်ပါ။ ကျွန်တော် တို့ လူအများကတော့ ဘာသာရေး ဘက် နွယ် စဉ်းစားသလိုနဲ့ နိမ့်မြင့် လူ့ဘောင်စနစ်၊ အာဏာရ အသိုင်းအဝိုင်းနဲ့ အပေါင်းအပါ လူတစု အသာစီးရ တိုင်းပြည် ကုပ်ကို ခွစီး နေခွင့်သာနေတာကို မျက်ကွယ်ပြု ရှေးကုသိုလ် လွှဲချ ဖြေတွေးတွေးရင်း ရောင့်ရဲနိုင်တယ် ဆိုပြီး ငုံ့ခံကြရတာပေါ့။

ဒီလို တိုင်းပြည် နောက်ခံစနစ် အနေအ ထားမှာ အခု ဒီမိုကရေစီ လူ့ဘောင် တည် ဆောက်အံ့ ကြွေးကြော်တဲ့ တိုင်းပြည်ရဲ့ ဥပ ဒေပြု လွှတ်တော်မှာ နေ့တွက်စရိတ် ကျပ် နှစ်သောင်းတိုး၊ လစာကို အနည်းဆုံး ဆယ် သိန်းတိုးကာ ဆယ်ခြောက့်သိန်းတန် အမတ် တွေပေါ်လာခဲ့တယ်။ ဒေသတွင်းက စင်ကာပူ မှာတော့ လွှတ်တော်အမတ် ဆုကြေးတွေကို တိုင်းပြည်ရဲ့ ကုန်ထုတ်စွမ်းအား တိုးနှုန်းကို မူတည်ပြီးပေးတယ်။ သတ်မှတ် ရည်မှန်း ထားတဲ့ ကုန်ထုတ်စွမ်းအား မရရင် အမတ် တွေ ဆုကြေးမရကြဘူး။ တိုင်းပြည်ရဲ့ အဆိုး၊ အကောင်းက လွှတ်တော်ရဲ့ ဥပဒေပြုမှုတွေ အပေါ် မူတည်နေတာကိုး။

ကျတ်ပြေး လွှတ်တော်မှာတော့ ဘာ စံ တွေနဲ့ ထားပြီးလဲတော့ မသိ၊ ကိုယ့်ဘာသာ လစာတိုးဖို့ အဆိုတင်သွင်း၊ ကိုယ့် လူတွေ အချင်းချင်း ထောက်ခံပြီး ပြည်သူ့အခွန် ဘဏ္ဍာကို တိုးယူဖို့ စီစဉ်ကြတယ်။ လုပ်တဲ့ အလုပ်ကျ ပြန်ကြည့်လိုက်ပါဦး။

ပြည်သူ့ ဘဏ္ဍာ ငါ့ဥစ္စာအမှတ်နဲ့ န၀တ၊ နအဖ ခေတ်တလျှောက် မိသားစု အလိုက် စီးပွားသောင်းကျန်း ထင်တိုင်းကြဲခဲ့တဲ့ အ အေးခန်းထဲက သူခိုးဓားပြ ခေါင်းပုံဖြတ် အ ကြီးစား စစ်ဗိုလ်ဟောင်း တယောက်ကို ဟို တလောကတင် ထောက်ခံ ကာကွယ်ပေးတဲ့ အလုပ်ကို တက်တက်ကြွကြွ လုပ်ခဲ့တယ်။ ခရိုနီ လွှတ်တော် အမတ်များ စီးပွားတိုး လုပ် ကိုင်နိုင်ခွင့်အတွက် အခွင့်အရေးတွေ တောင်း ဆိုကြတယ်။ စာနယ်ဇင်း ဥပဒေလို၊ ပညာ ရေး ဥပဒေလို ဖိနှိပ်လိုသူ စိတ်ကြိုက် ဥပဒေ တွေကို အတည်ပြုပေးခဲ့တယ်။ အလုပ် မရှိ အလုပ်ရှာ အရည်မရ အဖတ်မရ မေးခွန်း တွေ၊ အဆိုတွေ အများစုနဲ့ အလုပ်ရှုပ်ပြတယ်။ ဒါတောင် ကိုယ်စားလှယ်တိုင်း မဟုတ်။ လွှတ် တော် စောင့်ကြည့်ရေးအဖွဲ့ ပွင့်လင်း မြန်မာ ရှေ့ဆောင်(OMI) ရဲ့ အစီရင်ခံစာ တခု အရ ဆိုရင် အဆိုမတင်၊ မေးခွန်းမထုတ်တဲ့ ကိုယ် စားလှယ်က ၃၀၀ ကျော် ရှိပါသတဲ့။ စီးပွား သောင်းကျန်း ထင်တိုင်းကြဲ ပိုင်နိုင်သူ တစု က ဗုဒ္ဓဘုရားပုံတော်ကို ဒီဂျေ လုပ် ဘာသာ သာသနာပုံရိပ်ကို စီပွားရေးအတွက် ဖျက်ဆီး ခွင့်သာနေတဲ့ တိုင်းပြည်မျိုးမှာ လူ့အဖွဲ့အ စည်းအတွင်း နိုင်ငံသား အချင်းချင်း အမုန်း ပွား အကျိုးမဲ့စေမယ့် မျိုးစောင့် ဥပဒေလိုမျိုး ကို အရေးတယူလုပ် ဆွေးနွေးတဲ့ နေရာမျိုး က အခု လစာတိုးယူကြမယ့် အမတ်မင်းများ ရဲ့ လွှတ်တော် ဆိုတာပါပဲ။

စစ်လွှတ်တော်မှာ ခရိုနီ၊ ဘိန်း မှောင်ခို ဘုရင်၊ စီးပွားသောင်းကျန်းချည်း ရှိတာမဟုတ်၊ သာမန် နိုင်ငံရေးသမား အမတ်တွေလည်း ရှိတယ်ဆိုတာ မှန်ပါတယ်။ သူတို့တွေ လူမှု ဘ၀ ဖူလုံရေး၊ မိသားစု တာဝန်ကျေရေး၊ စိတ်လွတ်ကိုယ်လွတ် နိုင်ငံ့တာဝန်၊ ကိုယ်စား ပြုရာ ဒေသအကျိုး ဆောင်ရွက်နိုင်ဖို့ရာ ထိုက် သင့်တဲ့ အကျိုးခံစားခွင့်၊ လစာ ထောက်ပံ့ ချီးမြှင့်ရမယ်ဆိုတာ လက်ခံပါတယ်။ ဒါပေမဲ့ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ ချုပ်နှောင်မှု အောက် က ဟန်သာရှိ အဆန်မရှိတဲ့ သင်္ကြန်အမြောက် ရာဘာတံဆိပ် လွှတ်တော် အခင်းအချင်း၊ နိုင်ငံ အနေအထား၊ အလုပ်ရလဒ်မျိုးနဲ့တော့ မဟုတ်ပါ။ အရေးကြီး အဆို၊ ဥပဒေ တခုခု အတွက် အောတို ငုတ်တုတ် မိုးကျ ရွှေကိုယ် အစိမ်းရောင် ကိုယ်တော်များ မျက်နှာကြည့် နေရတဲ့ နောက်ခံမျိုးနဲ့တော့ မဖြစ်သင့်သေးပါ။

လက်ရှိ လွှတ်တော်က အင်္ဂလိပ်ကျွန် ခေတ် ရဲ့ ဒိုင်အာခီ၊ ၉၁ ဌာန အချိန်အခါလို ဆရာကြီး သခင်ကိုယ်တော်မှိုင်း ]ခွေးဋီကာ} ဖွဲ့ ]ငွေငါးထောင် အစာ ဒုလ္လဘ ရယ်ကြောင့် ပြည် အားတောင် မဖြုန်သပရယ်လို့ မဟာ သူပုန် ထခဲ့တဲ့ အရေးတတ်တွေ အမွေး ခပ် ရှည်ရှည်ရယ်နှင့် အမိုက် ဝါသနာကိုး၊ (အရီး စိမ်းကြီးရယ် ...) ခွေး အငတ်မပြေ တပြေ တွေမှာဖြင့် ကိုက်စရာ အရိုး} လို့ အော်ရမယ့် ငို့ဘသမား လူတစု အကျိုးသက်သက် ကာ ကွယ် နေသူများ ကြီးစိုးရာ လွှတ်တော် ဖြစ် နေပါတယ်။ ဘောင်းဘီချွတ် တောင်ရှည်လဲ မဟုတ်ဘဲ တကယ့်နိုင်ငံရေး နောက်ခံက လာ တဲ့ လွှတ်တော်အမတ်များ လစာ အသုံးစရိတ် မလောက်မင ဖြစ်ရတာ နားလည် ကိုယ်ချင်း စာပါတယ်။ ဒါပေမဲ့ လွှတ်တော်မှာ မရွေးမ ကောက်တွေ၊ ဗိုလ်ကျ ရွေးကောက်ခံတွေ အ ရင် ပျောက်အောင် လုပ်ပြီးမှပဲ လစာ ကိစ္စ၊ ခံစားခွင့် အကြောင်းတွေ ပြောသင့်ပါတယ်။ အရင်ဆုံး အလုပ်များများ အောင်မြင်ပြီးမြောက် လုပ်ပြကြပါဦး ခင်ဗျာ။ ပြည်သူလူထု အများ ငတ်ပြတ်နေချိန်မှာ ထမင်းထုပ်ဖြေ စားချင် တဲ့စိတ်ဟာ နိုင်ငံရေးသမားကောင်း ထုံးဓလေ့ အကျင့် ခံယူချက်မဟုတ်ပါဘူး။

ဒီလိုအနေအထား ဒီလို လွှတ်တော်မျိုး က ကိုလိုနီခေတ် နေ့တွက် ၁၅ ကျပ်၊ ပထမ တန်း ခရီးစရိတ် ၂ ဆ ယူကာ လစာ ၂၅၀ စားကြတဲ့ လွှတ်တော် အမတ်မင်းများကို ဦး ဘဂျမ်း ကာတွန်းနဲ့ အတူ တက္ကသိုလ် နွယ်စိုး (ဦးမျိုးမင်း) လင်္ကာဖွဲ့ ဆိုသလို ...

]အတော်သင်းပါဘိ မတ်မင်း ကိုယ်စား လှယ်တို့ အချိုဆွယ် လိုဖွယ် စကားတွေနှင့် စားကြပေါ့ တိုင်းပြည် ငွေ၊ ဇွတ် မရှက်နိုင်ဘု၊ (လွှတ်) တက်ကာ စားမာန်ဖီကြ၊ ဟန်တပြီ လစာကြေးရယ်လို့ ကြည်အေးစွာ အသာယူ ပေါ့၊ ချူပြာဖြူ ကျူပ်တို့ မွဲပေမဲ့ ဆင်းရဲသူ ပဒေသာက ချွေကာလေ သူတို့ စားမယ်တဲ့၊ အားရပါပေ။ မတ်မဟုတ်ရင် လဗျတ်ရတ်မှာ ထမင်းရည်နှင့် အာသာပြေ လွေးမဲ့ မျိုးတွေ က ဂုဏ်ဖြိုးကာ ကိုယ်စားလှယ်မို့၊ ဟိုတယ် မှာ ပျော်မြူးနိုင်ဖို့၊ စိတ်ကူးဖြင့် ယဉ်ရှာလေ၊ တို့ငွေကွဲ့ မတ်မင်း။ တားမရပြီ ဘု၊ စားဝ လျှင် မြိန်အီလို့ ဇိမ် အဆီရစ်ကာ အိပ်ပါလိမ့် မွတ်သိပ်သူ၊ ပြည်မှာဆူတော့ ကုလားဖြူမင်း ထံ ကျို့နိုင်ဖို့ ]ဆို့ဟဲ့ အပင်း} လို့ပဲ လူထု ကိုယ်စားလှယ် အမတ်မင်းဆိုသူများကို ပြည် သူ့ကိုယ်စား ရှေ့မျက်နှာ နောက်ထားရင်း ဆောင်းပါးရေး ဖွင့်ဟလိုက်ရကြောင်းပါခင်ဗျာ။

(ဆောင်းပါးပါ အာဘော်ကို ဝေဖန်ရန် nyeinchanaye81@gmail.com သို့ စာရေးနိုင်သည်။)

Credit - The Ladies News Journal




 

No comments:

Post a Comment