Wednesday, December 17, 2014

ပညာ သမာ အာဘာ နတ္ထိ (အယ်ဒီတာ့အာဘော်)

“ပညာနှင့်တူသော အလင်းရောင်မည်သည် မရှိ” ဟု ဘုရားဟော ရှိသည်။ ဗုဒ္ဓက လောကုတ္တရာဘက် အားသန်ဟောသော်လည်း ဘုရားအဆုံးအမ တရားတော်များက လောကီဘက် ယူဆောင်သုံးသော်လည်း မမှားပေ။ သာမန်မိသားစု (၀ါ) ဆင်းရဲသည့် အသိုင်းအ၀ိုင်းမှ မိဘများက သားသမီးများကို ပညာအမွေသာ ပေးနိုင်မည်ဟု ပြောဆို၊ ဆုံးမ၊ ချော့မော့ ပညာသင်ပေးကြသည်။ အစိုးရစာသင် ကျောင်းများ တွင်လည်း “ပညာရွှေအိုး လူမခိုး” ဟု စာတန်း ကပ်ထားတတ်သည်။ ပညာကို တန်ဖိုးထားတတ်ရန် ကျောင်းသားငယ် များကို ဆရာများက ဆုံးမကြသည်။

ပညာကို ဘာကြောင့်တတ်မြောက်ရန် လိုအပ်သနည်း။ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းကတော့ “သမိုင်းကို သင်ရသည်မှာ မအစေရန်” ဖြစ်သည်ဟု ပြောခဲ့ဖူးသည်။ အမှန်/ အမှား၊ တရား/ မတရား၊ နောက်တစ်ကြိမ် အဆိုးကျော့ သံသရာများကို မလည်နိုင်ရန် သမိုင်းကို လေ့လာသင်ကြားကြသည်။ ပညာ (ဝါ) အစစ်အမှန်ပညာကို ပိုင်းခြား ဝေဖန်ဉာဏ် ရင့်သန်ရန် သုံးစွဲရသည်။ ပညာမတတ်လျှင် အခြားသူများ ၏ အသုံးချခြင်းကို ခံရသည်။

မြန်မာ့ပညာရေးဘက်ကို ကြည့်ကြပါဦးစို့။ အမျိုးသားပညာရေးဥပဒေကို ပြည်ထောင်စုလွှတ်တော်၏ အတည်ပြု ဆုံးဖြတ်ချက်ဖြင့် သမ္မတက လက်မှတ်ရေးထိုး ထုတ်ပြန်ပြီးနောက်တွင် မြန်မာနိုင်ငံတစ်ဝန်းမှ တက္ကသိုလ်ကျောင်းသားများက ကန့်ကွက်ကြသည်။ သပိတ်မှောက် ကြသည်။ ပြင်ဆင်ရန် နောက်ထပ်တစ် ကြိမ် အားထုတ်လာကြသည်။ လောလောဆယ်တွင် ကျောင်းသားများက အစိုးရကို စဉ်းစားဆုံးဖြတ်နိုင်ပါ ရန် ရက်ပေါင်း ၆၀ အချိန်ပေးထားသည်။ ခြိမ်းခြောက်သည့်အသွင်တော့ ဆောင်နေပါသည်။

ဤအချိန်တွင် အစိုးရဘက်မှ ပညာရေးဆိုင်ရာ ကျွမ်းကျင်သူ ၄၀၀ နီးပါးက ဒီဇင်ဘာ ၁၆ မှ ၁၈ အထိ ပညာရေး အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ကျင်းပလာသည်။ အမျိုးသားပညာရေး ဥပဒေနောက်ဆက်တွဲဆက် စပ်နည်းဥပဒေများတွင် သပိတ်မှောက်ကျောင်းသားများ၏ လိုလားချက်ကို ဖြည့်တင်းပေးရန် ကြိုးစားလာ သည့် သဘောဟုယူသော်ရ၏။ သုံးရက်ကြာမည့် အလုပ်ရုံ ဆွေးနွေးပွဲရလဒ်များသည် တက္ကသိုလ်ကျောင်း သားများ တောင်းဆိုနေသည့် အချက်အလက်များနှင့် အဟပ် တည့်/ မတည့်ကိုတော့ စောင့်ကြည့်ကြရဦး မည်ဖြစ်သည်။ သို့သော်အစိုးရသည် သပိတ်မှောက်ကျောင်းသားများနှင့် ပြဿနာပြေလည်ရန် တစ်နည်းတစ် လမ်းဖြင့် ကြိုးစားလာသည်ကမူ ပေါ်လွင်နေ၏။

ဒီဇင်ဘာ ၁၆ အလုပ်ရုံဆွေးနွေးပွဲတွင် တက္ကသိုလ်များ၏ လွတ်လပ်စွာ စီမံခန့်ခွဲခွင့်ကို အဆင့်မြင့်ပညာဥပ ဒေတွင် ထည့်သွင်းထားသည်ဟု ပညာရေးဝန်ကြီး ဒေါက်တာခင်စန်းရီက ပြောသည်။

အမျိုးသားပညာရေးဥပဒေတွင် ထိန်းချုပ်ထားသည့် (၀ါ) လိုအပ်သည့် အချက်များကို နောက်ထပ်ဥပဒေတစ် ခုဖြင့် ဖြည့်ဆည်းမည့် သဘောရှိသည်။ လက်ရှိပညာရေးဝန်ကြီးသည် မိုးကျရွှေကိုယ် မဟုတ်၊ တက္ကသိုလ် ၀န်းကျင်တွင် ရာထူးအဆင့်ဆင့်ဖြင့် ဖြတ်သန်းပြီးနောက် မှ ၀န်ကြီးဖြစ်လာသူ ဖြစ်သဖြင့် ကျောင်းသား၏ သဘောနောကျေသူဟု ယေဘုယျ ကောက်ချက်ဆွဲ နိုင်သည်။ သို့သော် အစိုးရအဖွဲ့မူဝါဒကို အကောင်အ ထည်ဖော်ရသူဖြစ်သဖြင့် ဘောင်အတွင်းမှသာ ဆောင်ရွက်နိုင်သူလည်းဖြစ်ရာ ကျောင်းသားများလိုအင်ကို မည်သည့်အတိုင်းအတာအထိ ဖြည့်စွမ်းနိုင်မည်လဲ မေးခွန်းပေါ်နေသည်။

ကျောင်းသား သမဂ္ဂအသုံးကမူ ယခုထက်ထိ အဆင်သင့်မဖြစ်သေး။ သမ္မတ ဦးသိန်းစိန်က သမဂ္ဂအစား ယူနီယံဟု ပြောင်းခေါ်သည်၊ ဒီဇင်ဘာ ၁၆ ပညာရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင်လည်း ပါမောက္ခချုပ် တစ်ဦးကလည်း သမဂ္ဂအစား ယူနီယံဟု ခေါ်ပြန်သည်။ အစိုးရနှင့် ကျောင်းအာဏာပိုင်များက သမဂ္ဂစကား လုံးကို တီဆားထိဖြစ်နေဆဲကို တွေ့ရသည်။

ဤအခြေအနေတွင်ပင် ဒီဇင်ဘာ ၁၆ ၌ ကျောင်းသားသမဂ္ဂ အဆောက်အအုံ ပြန်လည်တည်ဆောက်ရန် နှင့် ကျောင်းသားများ အခွင့်အရေးများ ရယူနိုင်ရန် ရန်ကုန်တက္ကသိုလ် အဓိပတိလမ်းမကြီးပေါ်တွင် ရန်ကုန် တက္ကသိုလ် ကျောင်းသားသမဂ္ဂ ဖွဲ့စည်းကြောင်း ကျောင်းသားများက ရှင်းလင်းကြေညာပွဲ ပြုလုပ်ကြသည်။ အဓိပတိလမ်း၊ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်နောက်ခံ စသဖြင့် ကျောင်းသားများက သူတို့ဖြစ်ချင်ရာကို စတင်လုပ်ဆောင်ကြသည်။ ကျောင်းသားဆိုသည်က လုပ်ချင်ရာကို ဖြစ်အောင် လုပ်လိုသည့်ဆန္ဒ ရှိသည်။

၎င်းစိတ်ဆန္ဒကို ကျောင်းသားဘ၀ကို ဖြတ်သန်းပြီးသူ ဆရာ၊ ဆရာမများနှင့် အစိုးရက ကျောင်းသားများနှင့် ညှိနှိုင်းပြီး မြန်မာ့အနာဂတ် ပညာရေးအတွက် အကောင်းဆုံး ဆုံးဖြတ်လုပ်ကိုင် ရမည်ဖြစ်သည်။

ပညာက မှား/မှန်၊ ကောင်း/ ဆိုး၊ တော်/ သင့် စသည့် ပိုင်းခြားဝေဖန်နိုင်သည့် ဉာဏ်ရရှိရေး ဘ၀တိုး တက်ရေးကို ပြဋ္ဌာန်းသည်။ ထို့အတူ မိမိရပ်ရွာ တိုးတက်ရေး၊ မိမိမြို့တော် တိုးတက်ရေး၊ မိမိတိုင်းနိုင်ငံတိုး တက်ရေးတို့တွင်လည်း ပညာသည်သာ အခြေခံဖြစ်သည်။ ပညာနည်းသူတို့ ရပ်ရွာ၊ မြို့တော်၊ နိုင်ငံတွင် ပညာရှိသူများက အခွင့်အရေး ပိုယူနိုင်ကြသည်။ အခြေခံပညာ၊ အဆင့်မြင့် ပညာစသည့် မြန်မာ့ပညာရေး ကောင်းမွန်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာအဆင့်မီ မြန်မာ့ပညာရေးဖြစ် ရေးအတွက် မိဘ၊ ဆရာ၊ ကျောင်းသား ဖိုခုံလောက်ဖြင့် အကောင်းဆုံးပညာ (၀ါ) အစစ်မှန်ဆုံးပညာ ရရှိပြီး၊ ကျောင်းသားများ၏ လို လားချက်များကိုလည်း မိဘနှင့်တူသည့် အစိုးရ၊ ဆရာနှင့်တူသည့် ပညာရေးဆိုင်ရာပညာရှင်များက ညှိနှိုင်း ဆောင်ရွက်ကြပါမည့်အကြောင်း မဇ္ဈိမက နှိုးဆော်သည်။


Credit - Mizzima News

No comments:

Post a Comment