Written by - ဒါက်တာခင်မောင်ညို
“ပညာရှင်တွေဟာ တကယ်တမ်း အားမကိုးရဘူးလို့ ဆိုနေကြတယ်”
ကျွန်တော့်စကားကို ကိုဘသစ် လေးလေးနက်နက် စဉ်းစားနေတယ်။
“ဘာကြောင့် ဒီလိုပြောတာလဲ”
“လူငယ်တွေ ပြောတာပါပဲ၊ ဥပမာ ခေတ် အဆက်ဆက် ပညာရေးဝန်ကြီးတွေဆိုရင် ပညာရှင်တွေ များတာပါပဲ”
“မှန်တာပေါ့၊ ဦးနေဝင်း အာဏာသိမ်း ပြီးတဲ့နောက် ပညာရေးဝန်ကြီးက ကာနယ်လှဟန်။ ဒေါက်တာညီညီက ပညာရေးဒုဝန်ကြီးပါ၊ ပညာရှင်အနေနဲ့ သူတို့ကဏ္ဍကနေ ပါဝင်တယ်။ ပြီးတော့ ဒေါက်တာခင်မောင်ဝင်းက ဝန်ကြီးဖြစ်လာတယ်။ သူက ဒဿနိကဗေဒဌာနက ပါမောက္ခပါပဲ”
“ကျွန်တော် မှတ်မိသလောက် ပညာရေးဒုဝန်ကြီး ဒေါက်တာမောင်ဒီတို့၊ ဦးမျိုးညွန့်တို့ဟာလည်း ပညာရှင်တွေ တက္ကသိုလ်က ဆရာတွေပဲ မဟုတ်လား”
“မှန်ပါတယ်၊ ဒါပေမဲ့ ပညာရှင်တွေဟာ လွတ်လပ်စွာ လုပ်ပိုင်ခွင့်မရကြဘူး။ အမိန့် ပေး ခိုင်းခံရတာတွေပဲ ရှိတယ်”
“ဒါပေမဲ့ သူတို့အနေနဲ့ လုပ်သင့်တာတွေ ကိုလုပ်ပြီး မလုပ်သင့်တာကို ငြင်းရမှာပေါ့၊ ပြီးတော့သူတို့က အကြံဥာဏ်တွေပေးပြီး လုပ်ရမှာပေါ့”
“ဒါကတော့ ပညာရှင်တွေဟာ နိုင်ငံရေး သမားတွေလို မဟုတ်ဘူး။ သူတို့ဟာ တက္က သိုလ်မှာ ပညာသင်ဖို့၊ သုတေသနပြုဖို့ပဲ အာရုံ ထားတယ်။ ဒါကို သိတဲ့ ဦးနေဝင်းဟာ သူရဲ့ ခရီးစဉ်မှာ ရူပဗေဒပါမောက္ခ ဒေါက်တာတင်အောင်တို့၊ ဓာတုဗေဒပါမောက္ခ ဒေါက်တာကိုကိုကြီးတို့ကို ခေါ်သွားတယ်။ အဲဒီခရီးစဉ် တွေမှာလည်း ဆရာကြီးတွေဟာ သူပြောသမျှ နားထောင်ပြီး အလိုက်သင့်ပြန်ပြောပြီး နေကြရတယ်”
“ဘာလို့ပြန်မပြောရဲကြတာလဲ ကိုဘသစ်”
“နှစ်ချက်တော့ ကျွန်တော် သိတယ်။ အများကြီးရှိမှာပါ။ ပထမအချက်က သူဟာ ပညာတတ်တွေကို အားပေးသယောင်နဲ့ တက္ကသိုလ်သုတေသန စာတမ်းဖတ်ပွဲအပြီးမှာ သမ္မတအိမ်တော်မှာ ညစာစားပွဲ တည်ခင်းတယ်။ အဲဒီမှာ ဆရာတစ်ယောက် မတော်တဆဖြစ်တဲ့ကိစ္စနဲ့ အဲဒီဆရာကို လူအများ ရှေ့မှောက်မှာ ဆွဲထိုးတယ်”
“ပါးရိုက်သလိုမျိုးပဲလား”
“ပြီးတော့ သူက မြန်မာစာနဲ့ပတ်သက်ပြီး မြန်မာစာကော်မရှင်ကို အကြံပေးတယ်။ အဘိဓာန်ပြုစုစေတယ်။ သူကိုယ်တိုင်က ပါဝင်တယ်။ ဥပမာ လူတော်လူကောင်း ဆိုတာကို လူကောင်းလူတော်လို့ ပြင်တာမျိုးတွေပေါ့”
“သူက ပညာရှင်မှ မဟုတ်တာဘဲ”
“အမှန်ပေါ့။ ဒါပေမဲ့ အာဏာရှင်ဆိုတာ သူ အားလုံးသိတယ်ထင်နေတာ၊ သူ့ကို ဝေဖန်ပြန်ပြောတဲ့ ဦးဝန်(မင်းသုဝဏ်)ကို မကျက်တကျက်ပေါင်မုန့်လို့ ပြောသွားတယ်”
“ဆရာကြီးက လန်ဒန်မှာ ပညာသင်ခဲ့သေးတယ် မဟုတ်လား”
“ဒီတော့ ခင်ဗျားအမေးကို ဖြေရရင် ဒီ ဆရာကြီးတွေဟာ အဲဒီအာဏာရှင်တွေကို ပြန်မပြောကြတော့ဘူး။ သူတို့ကလည်း လက်ပါးစေတွေအနေနဲ့ သဘောထားတယ်။ အမှန်တော့ ပညာရှင်တွေဟာ ပညာအတွက်ပဲ လေ့လာကြတယ်။ ဘဝတစ်လျှောက်လုံး ပညာအတွက်ပဲ လေ့ကျင့်ခဲ့တာဖြစ်တယ်။ လူညစ်တွေနဲ့တွေ့ရင် သူတို့ကိုယ်သူတို့ ခုခံဖို့သိတာ မဟုတ်ဘူး။ နောက်တော့ ဒီလိုမျိုးအလုပ်တွေကို လုပ်တဲ့အခါတွေမှာ ဆောင်ရွက်နိုင်တဲ့ အနေအထားတွေကို ဖန်တီးဖို့လည်း နားမလည်ကြဘူး။ သူတို့အလုပ်ကိုပဲ သူတို့လုပ်ကြတယ်”
“ဦးနေဝင်းနောက်မှာကော ပညာရှင်တွေ ဘာမှမလုပ်နိုင်ဘူးလား။ ဥပမာ ပညာတတ်တွေဟာ ဝန်ကြီး၊ ဒုဝန်ကြီးတွေ ဖြစ်လာကြတာပဲ။ သူတို့ဟာ တက္ကသိုလ်တွေကို တိုးတက်အောင် မဆောင်ရွက်ဘူးလား”
“ဆောင်ရွက်ကြပါတယ်။ ဒါပေမဲ့ ခင်ဗျားစဉ်းစားကြည့်လေ၊ ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ကြီးခင်ညွန့်က ပညာရေးကော်မတီဥက္ကဋ္ဌပဲ။ သူက ပညာရေးကို ထောက်လှမ်းရေး၊ နိုင်ငံရေး အစီအမံတွေနဲ့ လုပ်တယ်”
“ဒါက သူကျွမ်းကျင်တဲ့ပညာကိုး”
“သူက တက္ကသိုလ်တွေ ကျောင်းတွေကို ခွဲပစ်တယ်။ နောက်ဆုံး တက္ကသိုလ်ပေါင်း ၁၆၉ ကျောင်းထိ ဖြစ်လာတယ်။ မြို့ပြင်ကို ပို့တယ်။ တက္ကသိုလ်တွေဟာ ကားလမ်းတွေ ရထားလမ်းတွေနဲ့ ဝေးရမယ်၊ မြို့နဲ့ ဝေးရမယ်၊ မြစ်ကူးချောင်းခြားမှာ တည်ဆောက်ရမယ်၊ လူတွေနဲ့ဝေးရမယ်ဆိုတဲ့ အချက်လေးချက်ကို မူတည်လုပ်ဆောင်တာပါပဲ”
“ဒါကြောင့် တက္ကသိုလ်တွေဟာ တောတွေထဲကို ရောက်နေကြတာကိုး။ ရန်ကုန်က တက္ကသိုလ်တွေဟာ ဒဂုံတို့၊ သန်လျင်တို့မှာ ရှိတယ်။ အဲဒီက ကျောင်းကိုရောက်ဖို့ တစ်နာရီကျော် ကားစီးရတယ်”
“မအူပင်လို တက္ကသိုလ်တွေဆိုရင် သုံးဘီးတွေ၊ ထော်လာဂျီတွေနဲ့ တက်ကြရတာ မြင်ဖူးတယ်”
“တကယ်တော့ တက္ကသိုလ်ဆိုတာ သီးခြားရှိတာလည်း ကောင်းတာပဲ မဟုတ်လား”
“ကောင်းပါတယ်။ သူတို့ကို အဆောင်တွေ မဆောက်ပေးတဲ့အပြင် နေရေးထိုင်ရေးအတွက် အစီအစဉ်တွေ မလုပ်ပေးဘူးလေ။ တက္ကသိုလ် ကျောင်းသားတွေကို အဆင့်မရှိတဲ့ သဘောမျိုး ရောက်သွားအောင် လုပ်ပစ်လိုက်တယ်။ ရှေးက တက္ကသိုလ်တွေမှာ အဆောင်တွေနဲ့ ခံ့ခံ့ညားညား နေကြရတယ်။ ထမင်းစားရင် လေးယောက်တစ်ဝိုင်း စားပွဲခင်းတွေ ကျကျနန နေခဲ့ရတဲ့ခေတ် ရှိခဲ့ပါတယ်”
“ဒါက ၆၂ ခုနှစ် စစ်အာဏာမသိမ်းခင်က အထိပဲ မဟုတ်လား”
“ဟုတ်ပါတယ်။ ဦးနေဝင်းတို့၊ ဦးစိန်လွင်တို့ဟာ ကျောင်းသားတွေကို စိတ်နာတယ်။ ဦးစိန်လွင်ဆိုရင် သူတို့ကို သုံးယောက်ပေါင်းလို့မှ (၁ဝ) တန်းမအောင်ဘူးလို့ ပြောတာ စိတ်အနာဆုံးပဲလို့ ပြောတာကြားဖူးတယ်”
“၆၂ ခုနှစ် Seven July အရေးအခင်းကို နှိမ်နင်းတာ ဦးစိန်လွင် ဦးဆောင်တာပဲမဟုတ်လား”
“မှန်ပါတယ်။ ၁၉၆၂ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့ လင်းအားကြီးအချိန်မှာ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂကို ဒိုင်းနမိုက်နဲ့ ဖြိုပစ်လိုက်တယ်။ ဒါကို အဲဒီအချိန်က ခေါင်းဆောင်တွေဖြစ်တဲ့ ဦးနေဝင်း၊ ဦးအောင်ကြီး၊ ဦးစိန်လွင် ဘယ်သူကမှ တာဝန်မယူဘူး”
“အင်း၊ တာလီဘန်တွေတောင် သူတို့လုပ်ရင် သူတို့တာဝန်ယူတာပဲ။ သူတို့လည်း မရှိရှာတော့ပါဘူး။ ဘယ်လိုဖြစ်ဖြစ် ခေါင်းဆောင်တွေမှာ တာဝန်ရှိတာတော့ အမှန်ပါပဲ”
ကျွန်တော်တို့ ပညာရေးနှင့်ပတ်သက်ပြီး တွေးစရာတွေ အများကြီးရှိနေပါသည်။
ခုခေတ်ရောက်သည်အထိ စစ်ဗိုလ်များသာလျှင် ပညာရေးကို အဓိကတာဝန်ယူထားသလို ဖြစ်နေသည်။ ညွှန်ချုပ်များသည် စစ်ဗိုလ်ဟောင်းများ ဖြစ်ကြပါသည်။ ကျောင်းသားတွေက သမဂ္ဂဖွဲ့စည်းရေးအတွက် တောင်းဆိုနေကြသည်။ ပညာရေးလွတ်လပ်ခွင့်ကို လိုလားကြသည်။ ရန်ကုန်တက္ကသိုလ်ကျောင်းသား သမဂ္ဂကတော့ ယနေ့တိုင် အုတ်ပုံကြီးအဖြစ်သာ ကျန်ရစ်နေပါသည်။
“လက်ရှိ ပညာရေးဝန်ကြီးကတော့ ပညာရှင်၊ ပြီးတော့အရပ်သားပဲ မဟုတ်လား”
“ဟုတ်ပါတယ်”
“ဒါဆိုရင် သူ့အနေနဲ့ ဦးဆောင်ပြီး ရန်ကုန်တက္ကသိုလ် သမဂ္ဂအဆောက်အအုံကို တည်ဆောက်ခွင့်ပြုလိုက်ရင် ဘယ်လောက် ကောင်းမလဲ”
“အမှန်ပေါ့ဗျာ။ လွန်ခဲ့တဲ့အပတ်က ဒေါက်တာအောင်ခင်ဆင့်တောင် ရန်ကုန်တက္ကသိုလ် သမဂ္ဂအဆောက်အအုံကို တည်ဆောက်ဖို့ တစ်ကိုယ်တော် ဆန္ဒပြခဲ့သေးတာပဲ။ ၁၉၂၆ ခုနှစ်က ဒေါက်တာဦးညို မ,တည်ခဲ့တဲ့ငွေကျပ် ၁၇ဝဝဝ နဲ့တည်ဆောက်တာပဲ။ ရွှေတိဂုံဘုရားမှာလည်း အနောက်မုခ်စောင်းတန်းဟာ ဦးညိုစောင်းတန်းပေါ့။ ဦးညိုတို့ ၁၉၂၆ ခုနှစ်က ဆောက်တာ ၁၉၆၂ ခုနှစ်မှာ ပျက်သွားခဲ့တာပဲ”
“ဟုတ်ပါတယ်၊ ဒေါက်တာမောင်မောင် ပြောခဲ့သလိုပေါ့။ ဒီမိုကရေစီရတဲ့ အခါမှာမှ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အအုံကို ပျော်ပျော်ပါးပါး အုတ်မြစ်ချမယ် ဆိုတာမျိုးပေါ့”
“လက်ရှိပညာရေးဝန်ကြီးကလည်း သူ့သက်တမ်းမှာ သမဂ္ဂကို ပျော်ပျော်ပါးပါးအုတ်မြစ်ချဖို့ ဆောင်ရွက်ရင်တော့ ကျောင်းသားတွေကော မိဘပြည်သူတွေကရော သဘောကျမှာ အသေအချာပါပဲ”
“ဟုတ်ပါတယ်၊ ဦးညိုတို့ရဲ့ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အအုံဟာ ၁၉၃ဝ ပြည့်နှစ်မှာ ပြီးတယ်ဆိုတော့ ခုဆောက်ရင် ၂ဝ၂ဝ ပြည့်နှစ်မှာ ပြီးမှာပါပဲ”
“ဒီမိုကရေစီလမ်းကိုလျှောက်ဖို့ ပညာရေးနဲ့ လမ်းခင်းမှသာ အောင်မြင်မယ်ဆိုတာကို မမေ့ကြဖို့လိုတယ်”
“မျှော်လင့်နေကြပါတယ်”
Credit - Eleven Media Group
No comments:
Post a Comment