![]() |
ဒီဇင်ဘာ ၁၃ ရက်က ကျင်းပသော အလုပ်ရုံဆွေးနွေးပွဲအား တွေ့ရစဉ် |
အစိုးရသစ်တက်လာပြီးနောက်ပိုင်း နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများ လုပ်ကိုင်ရာတွင် အစိုးရနှင့် နီးစပ်သော အခွင့်ထူးခံလူတန်းစား များနှင့်သာ ချိတ်ဆက်လုပ်ကိုင်ခွင့်ရသောကြောင့် ၎င်းတို့သာ ပိုမိုချမ်းသာလာကြောင်း မြန်မာပြည်သူ့ဖိုရမ်သို့ တက်ရောက်သည့် အရပ်ဘက် အဖွဲ့အစည်းများနှင့် တက်ရောက် လာသူများက ဒီဇင်ဘာ ၁၃ ရက် အလုပ်ရုံ ဆွေးနွေးပွဲတွင် ဆွေးနွေးခဲ့ကြသည်။
နိုင်ငံတကာရ င်းနှီးမြှုပ်နှံမှုများသည် ပြည်တွင်းစီးပွားရေးနှင့် ချိတ်ဆက်လုပ်ကိုင်သည့်အခါတွင် ပြည်တွင်းရှိ စီးပွားရေး လုပ်ငန်းရှင်များသည် အစိုးရနှင့်နီးစပ်သည့် အခွင့်ထူးခံလူတန်းစာများသာ ဖြစ်သောကြောင့် ယင်းတို့သည်သာ ပိုမိုချမ်းသာလာကြောင်း၊ နာမည်ပျက်ရှိသော ခရိုနီလုပ်ငန်းရှင်များအနေဖြင့် တရားဝင်ကုမ္ပဏီများ (ဥပမာ-ဘဏ် လုပ်ငန်း လုပ်ကိုင်ရရှိလာခြင်းများ) ရှိကြောင်း ထည့်သွင်းဆွေးနွေးခဲ့ကြသည်။
ထို့အပြင် တရားမဝင်ငွေကြေးများအား တရားဝင်ငွေများအဖြစ် ပြောင်းလဲကာ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လာနိုင်ခြင်းနှင့် အကန့်အသတ်ရှိသော မြေယာအရင်းအမြစ်များကို ခရိုနီများမှသာ ပိုင်ဆိုင်ထားခြင်းကြောင့် စိတ်ကြိုက်ဈေးကွက်များ ချယ်လှယ်နိုင်ခြင်းနှင့်အတူ အိမ်၊ ခြံ၊ မြေဈေးများ မြင့်တက်လာကြောင်း ဆွေးနွေးခဲ့ကြသည်။
“အစိုးရသစ်တက်လာပြီးနောက်ပိုင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်တဲ့အခါမှာ အစိုးရနဲ့နီးစပ်တဲ့၊ လူနည်းစုခရီုနီတွေသာ လုပ်ကိုင်ခွင့်ရပြီး ပိုမိုချမ်းသာလာတာကို တွေ့ရတယ်။ နောက်ပြီးဝင်ငွေကွာဟမှုကလည်း ကြီးထွားလာတယ်။ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုကြောင့် ဖွံ့ဖြိုးလာမယ့်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရဲ့ အနှစ်သာရကို ပြည်သူလူထုက မျှဝေခံစားနိုင်ခွင့်မရှိဘူး” ဟု ပဒေသာမိုး အဖွဲ့အစည်းမှ ဒေါ်ဝေဝေလွင်က ထည့်သွင်းဆွေးနွေးခဲ့သည်။
အလားတူ စစ်အာဏာရှင်စနစ်မှ ဒီမိုကရေစီ အသွင်ကူးပြောင်းနေဆဲဖြစ်ကာ လုပ်ပိုင်ခွင့်အခြေပြုသည့် စီးပွားရေးသာ ရှိသဖြင့် အဂတိလိုက်စား ထူပြောနေချိန်တွင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်လာခြင်းကြောင့်လည်း အခွင့်ထူးခံလူနည်းစုများသာ ပိုမိုချမ်းသာလာကြသည်ဟု ဆွေးနွေးခဲ့ကြသည်။
“နိုင်ငံတော်သမ္မတက စီးပွားရေးလုပ်ငန်း လုပ်ကိုင်ခွင့်ပေးတဲ့အခါမှာ လူတစ်စု၊ တစ်ဖွဲ့၊ လူနည်းစုကိုသာ မလုပ်ရဘူးလို့ ပြောထားတယ်။ ဒါပေမဲ့ အခုက လူတစ်စုသာ လုပ်ပိုင်ခွင့်ရ ချမ်းသာလာပြီး ပြည်သူတွေက ပိုမိုနိမ့်ကျလာတယ်” ဟု မြန်မာပြည်သူ့ဖိုရမ်သို့ တက်ရောက်လာသည့် ဦးသောင်းဟန်က ပြောကြားသည်။
ထို့အပြင် မြန်မာပြည်ရှိစီးပွားရေး လုပ်ငန်းများသည်family business scale ရှိသော ပုံစံများဖြစ်နေပြီး ရှယ်ယာကိုအခြေပြုသည့် ကုမ္ပဏီများ မလုပ်နိုင်သေးခြင်းတို့ကြောင့်FDIမှအကျိုးစီးပွား ဝင်ငွေများအား ဝင်ငွေခွဲဝေမှု အလွန်အကျွံ မညီမျှမှုများဖြစ်နေကြောင်းလည်း ဆွေးနွေးခဲ့ကြသည်။
နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများသည် လုပ်အားခတန်ဖိုး နည်းပါးခြင်းနှင့် သဘာဝသယံဇာတ ဈေးကွက်ကိုသာ အခြေပြုရင်းနှီး မြှုပ်နှံကြသဖြင့် ပြည်ပသို့ပို့ကုန်အခြေပြု ဈေးကွက်မတည်ဆောက်နိုင်ဘဲ အလွန်အန္တရာယ်ကြီးမားသော အာမခံမှုမရှိသည့် အလွန်အကျွံထုတ်ယူသော သဘာဝသယံဇာတ ဈေးကွက်ပေါ်တွင်သာ မှီခိုနေရကြောင်းကိုလည်း အရပ်ဘက် အဖွဲ့အစည်းများက ဆွေးနွေးခဲ့သည်။
မြန်မာပြည်သူ့ဖိုရမ်တွင် အလုပ်ရုံဆွေးနွေးပွဲ ၁၇ ခုပြုလုပ်ခဲ့ပြီး ဖွံ့ဖြိုးရေးစီမံကိန်း ရင်းနှီးမြှုပ်နှံများနှင့် စိန်ခေါ်မှုများ အလုပ်ရုံ ဆွေးနွေးပွဲတွင် အထက်ပါအတိုင်း တက်ရောက်လာသူများနှင့် အရပ်ဘက်ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
မြန်မာပြည်သူ့ဖိုရမ်ကို ရန်ကုန်မြို့ စိန်ရတုခန်းမ၌ ၁၂၊ ၁၃၊ ၁၄ ရက်များတွင် သုံးရက်တာ ကျင်းပမည်ဖြစ်ကာ အဆိုပါဖို ရမ်မှရရှိသည့် ဆွေးနွေးချက်များကို ထုတ်ပြန်ချက်ထုတ်သွားမည်ဖြစ်ပြီး သက်ဆိုင်ရာ အစိုးရသို့ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

Credit - Eleven Media Group
No comments:
Post a Comment