(ဆောင်းပါးရှင် - တက္ကသိုလ်မိုးဝါ)
အနုပညာသမား တစ်ဦးအဖို့ ပြုလုပ်ဆဲ၊ ထုတ်လုပ်နေဆဲ မိမိ၏ အနုပညာဖန်တီးမှု အလုပ်တစ်ခုအား ရှေ့မဆက်ဘဲ တစ်ပိုင်းတစ်စနှင့် ရပ်တန့်ထားခဲ့ပါက ထိုကိစ္စကို မပြီးသေးသော ပန်းချီကားဟူ၍ တင်စားခေါ်ဝေါ်လေ့ ရှိသည်။ စာပေဂီတ ဖန်တီးမှုပင် ဖြစ်စေကာမူ ပန်းချီကား မဟုတ်သော်လည်း ပန်းချီနှင့် တင်စားခြင်းမှာ အလွန်ပင် သင့်မြတ်လျော်ကန်လှပ၍ ခံစားနားလည်ရန် လွယ်စေသည်။ ပုံဖော်လိုသော ပန်းချီကားတစ်ချပ်ကို တစ်ဝက်တစ်ပျက် ထားလိုက်လျှင် ရုပ်လုံးမပေါ်ဘဲ အတော်ပင် ကြည့်ရဆိုးရွားမည်။
ကမ္ဘာတစ်ဝန်းလုံးတွင် စွမ်းအင်လိုအပ်ချက်များစွာ ယခင်က ရှိနေခဲ့သလို ယခုလည်း ရှိနေဆဲပင်ဖြစ်သည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှုလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်ရန် စွမ်းအင်သည် အဓိကအခန်းကဏ္ဍမှ ပါဝင်နေသောကြောင့် စွမ်းအင်ကို အလုအယက် ထုတ်လုပ်ကြသည်။ မိမိနိုင်ငံ၌ စွမ်းအင်ထုတ်လုပ်ရန် အရင်းအမြစ်များ ချို့တဲ့ပါကလည်း အခြားတစ်နိုင်ငံမှ ထုတ်လုပ်သုံးစွဲခွင့်ရရန် ချဉ်းကပ်ကြိုးပမ်းကြသည်။
စွမ်းအင်သည် အရေးပါလှသောကြောင့် စွမ်းအင်ကပ်ဆိုက်ခြင်းကာလ အကြိမ်ကြိမ် ဖြစ်ပေါ်ခဲ့ဖူးသည်။ ရေနံနှင့် ပတ်သက်၍ ၁၉၇၀၊ ၁၉၇၃၊ ၁၉၇၉ နှင့် ၁၉၉၀ ခုနှစ်များတွင် အရှေ့အလယ်ပိုင်း ရေနံထွက်နိုင်ငံများမှ စတင်ပေါ်ပေါက်ခဲ့ဖူးသည်။ လျှပ်စစ်ဓာတ်အားနှင့် ပတ်သက်၍ တွေ့ကြုံခဲ့သော အကျပ်အတည်းများအနက် ၂၀၀၀-၂၀၀၁ ခုနှစ် ကယ်လီဖိုးနီးယား လျှပ်စစ်ကပ်ဆိုက်မှုမှာ Enron ကုမ္ပဏီ၏ ဈေးကွက်ချုပ်ကိုင်မှုမှ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး ဓာတ်အားပြတ်တောက်မှု ကြီးမားကျယ်ပြန့်စွာ ဖြစ်ခဲ့သည်။ တောင်အာဖရိက၊ တရုတ်နိုင်ငံ စသည်တို့တွင်လည်း လျှပ်စစ်စွမ်းအားကွန်ရက်များ ပြင်းပြင်းထန်ထန် ထိခိုက်ပျက်စီးခဲ့ပြီး ကုန်ထုတ်လုပ်မှုများစွာ ကျဆင်းသွားခဲ့သည်။
ယနေ့ ကမ္ဘာအနှံ့ ရုပ်ကြွင်းကျောက်မီးသွေးနှင့် လျှပ်စစ်ဓာတ်အားကဲ့သို့သော စွမ်းအင်ပင်ရင်းတို့ မလုံမလောက် လျော့ကျသွားခြင်းကြောင့် အကျပ်အတည်းများနှင့် ရင်ဆိုင်ခဲ့ကြရသော်လည်း မြန်မာနိုင်ငံတွင်မူ လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ ခန့်မှစ၍ မည်သည့်စွမ်းအင် ကပ်ဆိုက်ခြင်းမျိုးမျှ ဆုံကြုံရခြင်းမျိုး မရှိခဲ့။ စစ်အာဏာရှင်လက်အောက် ပြည်သူအများစု ညစဉ်ညတိုင်း လျှပ်စစ်ဓာတ်အား ချို့တဲ့မှုကြောင့် အမှောင်ထုထဲ ငြိမ်ထိုင်နေခဲ့ရခြင်း အလေ့အထပင် ရိုးစင်းသည့် အဖြစ်သနစ်တစ်ခု ဖြစ်နေခဲ့သည်။ စက်မှုလုပ်ငန်း တိုးချဲ့လုပ်ကိုင်ရန် လျှပ်စစ်ဓာတ်အား တိုးချဲ့ထုတ်လုပ်မှုနှင့် ပတ်သက်၍လည်း မည်မည်ရရ လုပ်ခဲ့ခြင်းမရှိ၊ ဖြန့်ဖြူးမှုနှင့် ပြုပြင်ထိန်းသိမ်းမှုတို့လည်း လွန်စွာအားနည်းခဲ့သဖြင့် ယခုအရပ်သားအစိုးရ လက်ထက်တွင် ပြဿနာ တို့ အလုံးအရင်း စုပုံကျရောက်လာသည်။
ယနေ့ကမ္ဘာတွင် အထူးအားဖြင့် အိမ်နီးချင်းနိုင်ငံအချို့က မိမိတို့၏ စွမ်းအင်ငတ်မွတ် ခေါင်းပါးမှု (Energy Starvation) ပြဿနာ အား ဖြေရှင်းနည်းတစ်ခုဖြစ်သော ဤနိုင်ငံတွင်းသို့ ၀င်ရောက်ကာ လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ထောင်ရန် ချဉ်းကပ်ပြုလုပ်လာကြသည်ကို တွေ့ရ၏။ ရေအားလျှပ်စစ်ကိုပဲ ကြည့်ကြည့်၊ ကျောက်မီးသွေးသုံး လျှပ်စစ်ကိုပဲ ရည်ညွှန်းရည်ညွှန်း အရင်းအမြစ်များစွာ ရှိနေသေးသော မြန်မာနိုင်ငံအား သူတို့ မျက်စိကျနေကြသည်မှာ အဆန်းမဟုတ်။ နားလည်ရခက်၍ ဆန်းသည်ဟု ပြောရမည့်ကိစ္စမှာ ပြည်တွင်းရှိ အခွင့်ထူးခံအုပ်စု၏ ကိုယ်ကျိုးစီးပွားရှာမှုသာ ဖြစ်သည်။ ရေအားလျှပ်စစ် စီမံကိန်းဟူသည် ထုတ်လုပ်မည့်စွမ်းအား ပမာဏပေါ်မူတည်ပြီး အကောင်အထည်ဖော် တည်ဆောက်ရန် သင့်မသင့်ဆိုသည်ကို တွက်ချက်ဆုံးဖြတ်ရမည့် ကိစ္စဖြစ်သည်။
အဘယ်ကြောင့် စဉ်းစားတွက်ချက်ပြီးမှ ဆုံးဖြတ်ရန်လိုသနည်း။ အရှေ့တောင်အာရှတွင် အကြီးဆုံးစာရင်းဝင်မည့် မိုင်းတုံ(အထက်သံလွင်) ရေအားလျှပ်စစ် စီမံကိန်းသည် မဂ္ဂါဝပ် ၇၀၀၀ ထိ ကြီးမားလှသော စက်တပ်အင်အားရှိ စီမံကိန်းဖြစ်သည့်ပြင် ဘူမိဗေဒပညာရှင်တို့၏ အလိုအရ ယင်းဒေသအနီးအနား ငလျင်လှုပ်ခတ်နိုင်ခြေရှိကြောင်း၊ လုံးဝစိတ်ချရသည့် အခြေအနေမျိုး မဟုတ်ကြောင်း၊ ပညာရှင်တို့ ပူးပေါင်းပြီး နောက်ထပ်အသေးစိတ် လေ့လာဆန်းစစ်ပြီးမှ ဖော်ဆောင်ရန်လိုကြောင်း စသဖြင့် ပြောကြားခဲ့သည် ဆိုသည်။
အဆိုပါ လျှပ်စစ်စီမံကိန်းကို ပြည်တွင်းကုမ္ပဏီ IGE နှင့် တရုတ် China Three Gorges ကော်ပိုရေးရှင်း၊ ထိုင်း EGAT International တို့က ပူးပေါင်းဆောင်ရွက်မည်ဟု သိရသည်။ တစ်ကမ္ဘာလုံးတွင် လျှပ်စစ်ဓာတ်အား လိုအပ်ချက်များနေသော ကာလမျိုးတွင် တရုတ်ကလည်း ကြိုက်၊ ထိုင်းကလည်း ကြိုက်။ သို့သော် ပြည်တွင်းမှာတော့ ပြည်သူအများက မကြိုက်နိုင်သေး။ မကြိုက်နိုင်သည့် အကြောင်းကလည်း များစွာရှိသည်။ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်၊ စားဝတ်နေရေး လူနေမှုဘ၀ တစ်ခုလုံး ပျက်စီးဆုံးရှုံးစေမည့် ကိစ္စ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်စေမည့် ကိစ္စ စသည့်ဆိုးကျိုးများအား မည်သူမျှ လက်ခံနိုင်လိမ့်မည် မဟုတ်။
မြန်မာနိုင်ငံတွင် လျှပ်စစ်ကဏ္ဍနှင့် ပတ်သက်၍ တည်ဆောက်မှု ကုန်ကျစရိတ် အနည်းဆုံးဖြစ်သော ကျောက်မီးသွေးသုံး ဓာတ်အားထုတ်လုပ်ခြင်းမှအစ၊ ကုန်ကျစရိတ် ဒုတိယအနည်းဆုံးလိုက်သော ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း အပါအ၀င် ဟိုတို့တိ ဒီတို့တိနှင့် မြို့ရွာကျေးရွာတို့၌ နေရောင်ခြည်သုံး အသေးစားဓာတ်အား ထုတ်လုပ်ခြင်းအထိ ပြုလုပ်ဖော်ဆောင်နေမှုများမှာ ဆယ်စုနှစ်များစွာ၏ ပြည်သူ့အကျိုးစီးပွား၊ ပြည်သူ့ဆန္ဒအား အလေးမထား လျစ်လျူရှုထားမှုအပြင် မိမိတို့ အကျိုးစီးပွား တစ်ခုတည်းကိုသာ ကြည့်ခဲ့သော အာဏာရှင်အုပ်စု၏ လုပ်ရပ်ရလဒ် အကြွင်းပင် ဖြစ်တော့သည်။
ယင်းအကြွင်းမှာ သင်္ချာနည်းအရ တွက်ချက်၍ ရလာသော ရိုးရိုးအကြွင်းမဟုတ်။ ပရမ်းပတာ အကြွင်းမျိုး၊ ကပေါက်တိကပေါက်ချာ အကြွင်းမျိုးသာ ဖြစ်သည်။ အနုပညာ ပန်းချီကားတစ်ချပ်နှင့် ခိုင်းနှိုင်းရမည်ဆိုပါက မပြီးသေးသော ပန်းချီကားတစ်ချပ်ဖြစ်သည်ဟု ဆိုရမည်။
အမှန်စင်စစ် ပန်းချီကားဆိုသည်မှာ ပန်းချီရေးသူ၊ စုတ်ချက်ကိုင်သူ ပန်းချီဆရာကသာလျှင် ထိုပန်းချီကားကို အစမှအဆုံး မိမိ၏ ရည်ရွယ်ချက်၊ မိမိပေးလိုသော အယူအဆ အတွေးအမြင်တစ်ခု ပါဝင်အောင် ရေးဆွဲရသည်သာ ဖြစ်သည်။ ယခုတော့မူ မြန်မာနိုင်ငံ၏ မပြီးသေးသော လျှပ်စစ်ပန်းချီကားပေါ်တွင် ပန်းချီဆရာက စုတ်ချက်ကိုင် ဆေးရေးခွင့် မရှိသလောက် ဖြစ်နေသည်။ အနုပညာ ပန်းချီသဘောတရားတို့ကို နားလည်ခံစားတတ်ခြင်း အလျှင်းမရှိသူများက တစ်ယောက်တစ်လှည့်စုတ်ချက်ဖြင့် ဆေးရောင်တစ်ရောင် ၀င်တို့လိုက်၊ နောက်တစ်ယောက်က နောက်စုတ်ချက်ဖြင့် နောက်ထပ်ဆေးတစ်ရောင် ၀င်ခြစ်လိုက်နှင့် အဆုံးသတ်၌ စိတ္တဇပန်းချီလည်း မဟုတ်၊ သရဲတစ္ဆေပုံလည်း မကျ မည်သည့်အဓိပ္ပာယ် ပုံရိပ်ဖော်ရမည်မှန်း မသိနိုင်သော တစ်ပိုင်းတစ်စ ပန်းချီကားကြီးကိုသာ မြင်တွေ့လိုက်ကြရလေသည်။
မပြီးသေးသော လျှပ်စစ်ပန်းချီကားသာ မဟုတ်၊ အခြားသော မပြီးသေးသည့် ပုံဖော်မရသော ပန်းချီကားအရေအတွက် မည်မျှရှိနေဦးမည် မသိ။
Credit - Eleven Media Group
No comments:
Post a Comment