စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနားက
လိပ်ခွံတောင်မှာ ဒီကနေ့မနက်ပိုင်းက ရဲတပ်ဖွဲ့ဝင်တွေနဲ့ မိုးကြိုးပြင်
(အလယ်ရွာ)က ဒေသခံတောင်သူ တွေကြား ပဋိပက္ခဖြစ်ပွားခဲ့တာကြောင့် ရဲတပ်ဖွဲ့က သေနတ်နဲ့ပစ်ခတ်ခဲ့ရာမှာ ဒေသခံလယ်သမား ၂ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။
ဒီကနေ့မနက်ပိုင်းမှာ လိပ်ခွံတောင်အနီးက လယ်ယာမြေတွေထဲကို
ဝမ်ပေါင်ကုမ္ပဏီဘက်က ခြံစည်းရိုးဝင်ခတ် တာကြောင့် ဒေသခံတွေက
ခြံစည်းရိုးမခတ်ဖို့တားဆီးရင်း ပစ်ခတ်မှုအထိဖြစ်ခဲ့တာလို့ တောင်သူတွေနဲ့ အတူရှိနေတဲ့ အထက်ချင်းတွင်းလူငယ်ကွန်ရက်က ကိုအောင်ဆန်းမြင့်က ပြောပါတယ်။
"၈ နာရီလောက်မှာ စပြီးတော့ဖြစ်တာ၊ ရွာသားတွေက သူတို့ပိုင်ဆိုင်တဲ့လယ်တွေရှိတယ်၊ အဲ့ဒါတွေကိုပြန်ပြီးတော့ အတင်းအဓ္မမ ခတ်ထုတ်လိုက်တယ်၊ သီးနှံတွေကို အရင်ဆုံးလျော်ပေးဖို့ရာ၊ ဖြေရှင်းပေးဖို့တောင်းဆိုတာ၊
တောင်းဆိုတော့ ဝမ်ပေါင်ကုမ္ပဏီဘက်က လုံးဝမဖယ်ပေးဘဲနဲ့ ခြံစည်းရိုးကို
အတင်းအဓ္မမ ခတ်ထုတ်လိုက်တယ်၊ ရွာသားတွေက ဝင်ပြီးမှ ခြံစည်းရိုးကို
လိုက်လံဖယ်တယ်၊ ဖယ်တဲ့ခါကျတော့ ၁၀ နာရီလောက်မှပဲ သေနတ်နဲ့ ပစ်တယ်ဗျ၊
သေနတ်နဲ့ ပစ်တာကတော့ အမိုးပေါ်ထောင်ပစ်တာ ၃ ချက်၊ နောက်ထပ် ၁၀ ချက်ကတော့
ရွာသားတွေမှာ ၂ ယောက်ဒဏ်ရာ ရတယ်၊ အားလုံး ၁၃ ချက်လောက်ပစ်တယ်"
တောင်သူတွေက ကင်းတဲမှာ တာဝန်ကျနေတဲ့ ရဲတပ်သားတွေကို ဓါး၊ လေးဂွတွေနဲ့ ဝင်ရောက်တိုက်ခိုက်တာကြောင့် ပြန်လည်ကာကွယ်ရင်း ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တာဖြစ်တယ် လို့ စစ်ကိုင်းတိုင်းဒေသကြီး နယ်စပ်ရေးရာလုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ကြည်နိုင် က ပြောပါတယ်။
" ဒီမှာက ကျနော်တို့ ကင်းလေးတွေရှိတယ်၊ လုံခြုံရေးအတွက်
ကျနော်တို့ချထားတဲ့ ကင်းလေးတွေရှိတယ်၊ အဲ့ကင်းတဲကို လေးခွတို့၊ ဒါးတို့ နဲ့
အတင်းဝင်တိုက်တာပေါ့၊ ဝင်တိုက်တဲ့ခါကျတော့ လုံခြုံရေးကို ကာကွယ်တဲ့ အနေနဲ့
သတိပေးပစ်ခတ်တာပေါ့၊ စီမံကိန်းဧရိယာပေါ့လေ၊ ဒီလိုမျိုးခတ်ထားတာကို
မကျေနပ်လို့ ဝင်တိုက်ခိုက်တဲ့သဘောပေါ့၊ စီမံကိန်း ဧရိယာဆိုတာ
တစ်ချိန်တုံးကတော့ သူတို့စိုက်ထားတဲ့ မြေတွေရှိတာပေါ့၊ အဲ့မြေတွေလဲပါတယ်၊
စိုက်ပျိုးတဲ့မြေလဲပါတယ်၊ အဲ့ဒီဧရိယာတစ်ခုလုံးကို
လုံခြုံရေးအရတာဝန်ယူထားရတဲ့ ဧရိယာလဲဖြစ်တယ်၊ အဲ့လိုမျိုး အကြမ်းဖက်လာတိုက်ခိုက်လို့တော့မရဘူး၊ အဲ့ဒါသူတို့ သိအောင်ပြောရမယ်၊ မလုပ်အောင်လဲထိန်းရမယ်"
ရဲတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် ပေါင်နဲ့ လက်မှာ
ရာဘာကျည်ထိမှန်သွားခဲ့တဲ့ မိုးကြိုးပြင် (အလယ်ရွာ) က တောင်သူ ၂ ယောက်ဟာ
ရွာထဲမှာပဲ ဆေးကုသမှုခံယူနေပါတယ်။
ဝမ်ပေါင်ကုမ္ပဏီကသိမ်းဆည်းထားတဲ့
လယ်ယာမြေတွေထဲမှာ လျော်ကြေးငွေမယူထားတဲ့ တောင်သူတွေက ခြံစည်းရိုးမခတ်ဖို့
တားမြစ်ခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်ထိ ရဲတပ်ဖွဲ့အင်အား ၂ဝဝ ကျော်လောက်နဲ့
တုံရွာ၊ မိုးကြိုးပြင်ရွာ၊ ဆည်တဲ၊ ဇီးတောစတဲ့ ကျေးရွာတွေက တောင်သူ ၁ဝဝ
ကျော်လောက်ဟာ လိပ်ခွံတောင်ပေါ်မှာ တဖက်နဲ့တဖက် အခြေအနေတင်းမာနေဆဲ ဖြစ်ပါတယ်။
Credit - RFA Burmese
No comments:
Post a Comment