Monday, November 10, 2014

PR ကန့်ကွက်ရေး လှုပ်ရှားမှုများကြောင့် လူထုတွေ့ဆုံပွဲများ ရပ်ဆိုင်းထားရန် ပါတီဝင်များကို NDF ညွန်ကြား

ရန်ကုန်၊ နိုဝင်ဘာ ၉
ပြည်ထောင်စုလွှတ်တော်အတွင်း အချိုးကျကိုယ်စားပြုစနစ် ကျင့်သုံးနိုင်ရေး ဆောင်ရွက်မှုများကို ကန့်ကွက်သော လူထုလှုပ်ရှားမှုများကြောင့် PR စနစ် ကျင့်သုံးရန် လွှတ်တော်သို့ အဆိုတင်သွင်းသော အမျိုးသားဒီမိုကရေစီ အင်အားစု NDF ပါတီက ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်များကို လူထုတွေ့ဆုံပွဲများ မပြုလုပ်ရန် ညွှန်ကြားထားကြောင်း အဆိုပါ ပါတီဝင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က ဆိုသည်။
ပြည်သူလူထုအတွင်း PR စနစ် တင်သွင်းမှုနှင့် ပတ်သက်ပြီး အငြင်းပွားမှုများ ဖြစ်ပေါ်နေခြင်းကြောင့် လူထုတွေ့ဆုံမှုများကို မပြုလုပ်ရန် နှုတ်ဖြင့် ညွှန်ကြားထားခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ကျွန်မတို့မှာ လူထုတွေ့ဆုံပွဲ လုပ်ရင်တောင် အထင်အမြင်လွဲ ခံရမှာ။ စကားမှားတာတွေ ဖြစ်လာနိုင်တာကြောင့် အတတ်နိုင်ဆုံး မလုပ်ဖို့ ပါတီအတွင်း ညွှန်ကြားထားတယ်” ဟု ၎င်းကဆိုသည်။
လူထုတွေ့ဆုံပွဲ ပြုလုပ်ပါက လွှတ်တော်ကိုယ်စားလှယ်များနှင့် PR ကန့်ကွက်သူများအကြား ပဋိပက္ခ ဖြစ်ပေါ်လာနိုင်သောကြောင့် တားမြစ်ထားခြင်း ဖြစ်ကြောင်း NDF ပါတီ အတွင်းရေးမှူး (၂) ဦးနေမင်းကျော်က ဆိုသည်။
“လွှတ်တော်ကိုယ်စားလှယ်လည်း လူပဲလေ။ ဟောပြောပွဲတွေမှာ စကားမှားတာတွေ ဖြစ်လာရင် ပါတီပုံရိပ်ကိုလည်း ထိခိုက်လာနိုင်တယ်။ မလိုလားအပ်တဲ့ ပြဿနာတွလည်း ဖြစ်လာနိုင်တဲ့အတွက် ထိန်းထိန်းသိမ်းသိမ်း လုပ်ဖို့ ညွှန်ကြားတာပါ” ဟု ၎င်းကဆိုသည်။
အမျိုးသားလွှတ်တော်တွင် NDF ပါတီဝင် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က ရွေးကောက်ပွဲများတွင် PR စနစ် ပြောင်းလဲကျင့်သုံးရန် အဆိုတင်သွင်းခဲ့ပြီး အမျိုးသားလွှတ်တော်က ကိုယ်စားလှယ် ၃၆ ဦးပါ PR စနစ် အကောင်အထည်ဖော်ရေး ကော်မတီကို ဇွန်လ ဒုတိယပတ်အတွင်း ဖွဲ့စည်းခဲ့သည်။
ထို့အပြင် ပြည်သူ့လွှတ်တော်တွင်လည်း NDF ပါတီဝင် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်က မြန်မာနိုင်ငံနှင့် ကိုက်ညီသည့် ရွေးကောက်ပွဲစနစ်ကို ပြောင်းလဲအသုံးပြုရန် အဆိုတင်သွင်းခဲ့ပြီး ပြည်သူ့လွှတ်တော်က ရွေးကောက်ပွဲစနစ် လေ့လာသုံးသပ်ရေး ကော်မရှင်ကို ဖွဲ့စည်းခဲ့သည်။
အဆိုပါကော်မတီ၊ ကော်မရှင်များက မြန်မာနိုင်ငံနှင့် ကိုက်ညီသော PR ဒီဇိုင်းပုံစံများကို ရွေးချယ်ထားပြီး ယခုလအတွင်း သက်ဆိုင်ရာ လွှတ်တော်များသို့ တင်သွင်းမည် ဖြစ်ကြောင်း ကော်မတီဝင်များထံမှ သိရသည်။

Credit - The Voice Weekly

No comments:

Post a Comment