Tuesday, November 11, 2014

အမေရိကန်သမ္မတ ဘားရက်ခ်အိုဘားမားထံ သတင်းထောက်များ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ ဦးဆောင်ညွှန်ကြားရေးမှူး ဂျိုးဆိုင်မွန်မှ ပေးစာ

၇.၁၁.၁၄ 
သမ္မတ အိုဘားမားခင်ဗျား 

သတင်းထောက်များကို ကာကွယ်စောင့်ရှောက်ရေးကော်မတီမှ မြန်မာနိုင်ငံတွင် လတ်တလော ဖြစ်ပွားနေသော သတင်းထောက်များအား သတ်ဖြတ်ခြင်း၊ ထောင်ချခြင်း၊ ဖိနှိပ်ချုပ်ချယ်ခြင်းများ အတွက် စိတ်ပူပန်စိုးရိမ်လှသဖြင့် ဤစာကို ရေးသားလိုက်ခြင်း ဖြစ်ပါသည်။

သမ္မတအနေနှင့် မြန်မာနိုင်ငံသို့ နိုဝင်ဘာ ၁၁-၁၂ အတွင်း သွားရောက်မည် ဖြစ်သောကြောင့် ကျွန်တော်တို့အနေနှင့် တိုက်တွန်းလိုသည်မှာ အနာဂတ် မြန်မာ-အမေရိကန်
ဆက်ဆံရေးသည် မြန်မာသမ္မတ ဦးသိန်းစိန်၏ အသစ်တစ်ဖန် ပြန်လည်၍ မီဒီယာလွတ်လပ်ခွင့် အစစ်အမှန်ကို ကျင့်သုံးမှုပေါ်တွင် မူတည်နေကြောင်း အလေးဂရုပြုစေလိုပါသည်။

မီဒီယာတို့၏ အနေအထားသည် လတ်တလော လပိုင်းအတွင်း မြန်မာနိုင်ငံတွင် ဆုတ်ယုတ်ကျဆင်းလျက် ရှိပါသည်။ မြန်မာအလွတ်သတင်းထောက် ကိုအောင်ကျော်နိုင်ကို စစ်တပ်မှ သတ်ဖြတ်ခဲ့သဖြင့် ကျွန်တော်တို့ အင်မတန် ဒုက္ခတွေ့ကြရပါသည်။ ဤအမှုသည် ၇ နှစ်အတွင်း ပထမဆုံး သတင်းထောက်တစ်ဦး သေဆုံးမှုလည်း ဖြစ်ပါသည်။ ဤအမှုအတွက် မည်သည့်စစ်သားမှ တာဝန်ယူခြင်းလည်း မရှိဘဲ ထိုသေဆုံးမှုကို စစ်တပ်မှ ထုတ်ပြန်ကြေညာရန် မည်သည့် အကြောင်းကြောင့် ၃ ပတ်ခန့်အထိ နောက်ကျနေကြောင်းလည်း မသိရှိရပါ။ သတင်းပို့ချက် အသစ်များအရ ဇနီးဖြစ်သူ ဒေါ်သန္တာသည် လူသတ်မှုကို တိုင်တန်းရန် ကြိုးပမ်းစဉ် ရဲတပ်ဖွဲ့ဝင်များ၊ စစ်သားများ၏ တားမြစ်ပိတ်ပင်ခြင်းကို ခံခဲ့ရပါသည်။ သတင်းများအရ သတင်းထောက်သည် မသေဆုံးမီ နှိပ်စက်ညှဉ်းပန်းခြင်းကိုလည်း ခံခဲ့ရပါသည်။

ကျွန်တော်တို့သည် သတင်းရေးသားခြင်းကြောင့် နိုင်ငံတော်ပုန်ကန်မှုဖြင့် ထောင်သွင်းအကျဉ်းချခံရသော သတင်းထောက် အရေအတွက် ပိုမိုများပြားလာသည့် အတွက်လည်း စိုးရိမ်ပူပန်မိပါသည်။ ယခုနှစ်အတွင်း မြန်မာတရားရုံးများက ထောင်ဒဏ်ချမှတ်ခဲ့သော သတင်းထောက် ၁၀ ဦး ရှိသည့် အနက် ၉ ဦးမှာ သံတိုင်များနောက် ရောက်နေပါသည်။ မကွေးတိုင်းအတွင်းရှိ လျှို့ဝှက်စစ်လက်နက်ပစ္စည်း စက်ရုံနှင့် ပတ်သက်၍ သတင်းရေးသားခဲ့သော ယူနတီဂျာနယ် သတင်းထောက် ၄ ဦးမှာ ထောင်ဒဏ် ၇ နှစ် ချမှတ်ခံခဲ့ရပါသည်။ သူတို့ကို ၁၉၂၃ ကိုလိုနီခေတ် လျှို့ဝှက်အက်ဥပဒေဖြင့် ပြစ်ဒဏ်စီရင်ခဲ့ခြင်း ဖြစ်ပါသည်။ အတိုက်အခံဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် ကြားဖြတ်အစိုးရကို ထူထောင်သည်ဟု ရေးသားမှုကြောင့် ဇူလိုင်လတွင် မွန်းတည့်နေဂျာနယ်မှ သတင်းထောက် ၅ ဦးမှာလည်း ၁၉၅၀ အရေးပေါ်ဥပဒေ၊ နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် ပြစ်ဒဏ် ၂ နှစ် ကျခံခဲ့ရပါသည်။

ထိုသို့ မီဒီယာလွတ်လပ်ခွင့်ကို ကန့်သတ်ချုပ်ချယ်ထားသည့် ခေတ်နောက်ကျနေသော ပြင်းထန်သည့် ဥပဒေများကို ပြန်လည်ပြုပြင်ရမည့်အစား ဦးသိန်းစိန်အစိုးရသည် ထိုဥပဒေများကို သတင်းထောက်များအား ခြိမ်းခြောက်ရန်၊ ဖိနှိပ်ရန် တိုး၍ အသုံးပြုနေပါသည်။

သမ္မတခင်ဗျား 

ခင်ဗျားတို့ အစိုးရသည် ယခင် စစ်အစိုးရအပေါ် ချမှတ်ခဲ့သော စီးပွားရေးနှင့် ဘဏ္ဍာရေး ပိတ်ဆို့မှုများကို ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေသည့် ဦးသိန်းစိန်အတွက် သံတမန် ဆုလာဘ်အဖြစ် လျှော့ပေါ့ ရွှေ့ဆိုင်းပေးခဲ့ပါသည်။

ထိုပြုပြင်ပြောင်းလဲရေးများကို ၂၀၁၂ အတွင်း ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခဲ့ချိန်တွင် ဆင်ဆာဖြတ်မှုကို အဆုံးသတ်ခဲ့ပြီး ဖမ်းဆီးထားသော သတင်းထောက်များအား ပြန်လွှတ်ပေးခြင်း၊ မီဒီယာ လွတ်လပ်ခွင့်အတွက် ဥပဒေများကို ဖြေလျှော့ရန် ကတိပေးခြင်းများ ပြုလုပ်ခဲ့ပါသည်။ ယခုအခါ ဦးသိန်းစိန်အစိုးရသည် အဆိုပါ ဝတ္တရားများကို ပျက်ကွက်၍ နောက်ကြောင်း ပြန်လှည့်နေပါသောကြောင့် ခင်ဗျားတို့ အစိုးရအနေနှင့် စီးပွားရေး၊ ဘဏ္ဍာရေးပိတ်ဆို့မှုများကို ပြန်လည်ဆောင်ရွက်ရန် စဉ်းစားသင့်ပြီး စစ်တပ်အချင်းချင်း အပြန်အလှန်ဖလှယ်မှုများ အပါအဝင် စီးပွားရေး၊ သံတမန်ရေး၊ မဟာဗျုဟာမြောက် ဆက်ဆံရေးများကို ရပ်ဆိုင်းသင့်ပါကြောင်း ကျွန်တော်တို့မှ တိုက်တွန်းလိုပါသည်။ ထို့အပြင် အမေရိကန်နိုင်ငံ အနေနှင့် သတင်းထောက် ကိုအောင်ကျော်နိုင်အတွက် တရားမျှတမှုကို ဖော်ဆောင်ပေးပါရန်နှင့် ဖမ်းဆီးခံထားရသော သတင်းထောက်များ အားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရန်၊ မီဒီယာဥပဒေများကို ပြန်လည်ပြင်ဆင်ပါရန်လည်း တိုက်တွန်းလိုက်ပါသည်။

ထိုသို့ ဆောင်ရွက်မှသာလျှင် မြန်မာ့ဒီမိုကရေစီ ပြောင်းလဲရေးသည် အမေရိကန်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး၏ အသီးအပွင့်ကို ရရှိခံစားနိုင်ပါလိမ့်မည်။

ရိုးသားစွာဖြင့်
ဂျိုးဆိုင်မွန်
ဦးဆောင်ညွှန်ကြားရေးမှူး
သတင်းထောက်များ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ
မိတ္တူကို…

(၁) ဦးသိန်းစိန် -- သမ္မတ၊ ပြည်ထောင်စုမြန်မာနိုင်ငံ
(၂) ဦးရဲထွဋ် -- ပြန်ကြားရေးဝန်ကြီး
(၃) ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် -- ကာကွယ်ရေးဦးစီးချုပ်၊ မြန်မာ့တပ်မတော်
(၄) ဦးကျော်မင်းဆွေ -- အတွင်းရေးမှူး၊ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ
(၅) ဦးကျော်မျိုးထွဋ် -- အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ ဝါရှင်တန်ဒီစီ
(၆) ဒဲရစ်မစ်ချယ် -- မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး
(၇) တွမ်မာလီနိုစကီ -- ဒုဝန်ကြီး၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမား ဝန်ကြီးဌာန

Credit - The Voice

No comments:

Post a Comment