Tuesday, November 11, 2014

ပြည်ထောင်စုတပ်မတော်၊ ကိုယ်စားပြုမှုနှင့် ပြင်ဆင်ရေးခရီးရှည် ( ဆောင်းပါး )

(Written By - ဒေါက်တာရန်မျိုးသိမ်း)

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးကော်မတီ၏ အစီရင်ခံစာတွင် ပြည်ထောင်စုတပ်မတော်ဟူသော ဝေါဟာရသည် ပိုမိုရှေ့တန်းရောက်လာခဲ့သည်။ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး စင်္ကြံလမ်းတွင်လည်း ပြည်ထောင်စုတပ်မတော် အသံများကို ကျယ်ကျယ်လောင်လောင် ကြားသိနေရသည်။
အခြေခံဥပဒေတွင်  ပြည်ထောင်စုတပ်မတော်ဟု အသုံးအနှုန်းကို ကနဦးပြင်ဆင်နိုင်မည်ဆိုလျှင်  ရေရှည်နိုင်ငံရေးစားပွဲဝိုင်း ဆွေးနွေးပွဲများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များနှင့် ဆွေးနွေးညှိနှိုင်းပွဲများတွင် ပိုမိုထိရောက် အကျိုးပြုနိုင်ခြေ မြင့်မားသည်။


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ပြည်ထောင်စုလွှတ်တော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီသည် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာ ၂၀ ရက်တွင် ပြည်ထောင်စုလွှတ်တော်၌ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံ ဥပဒေလေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာအပေါ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီ၏ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မှု အစီရင်ခံစာကို တင်သွင်းခဲ့သည်။

အဆိုပါအစီရင်ခံစာတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း (၇) တပ်မတော်အခန်းနှင့်ပတ်သက်၍ ဆွေးနွေးအကြံပြုမှုများကို ဖော်ပြထားသည်။ အခန်း(၇) တပ်မတော်အခန်းတွင် ပုဒ်မ ၃၃၇ မှ ပုဒ်မ ၃၄၄ အထိ ပုဒ်မရှစ်ခု ပါဝင်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း အခန်း (၁၂)၊ ပုဒ်မ ၄၃၆ (က)၌ ဖော်ပြထားသော ပုဒ်မများတွင် တပ်မတော်အခန်းမှ ပုဒ်မ (၈)ခုလုံး မပါဝင်သဖြင့် ပုဒ်မ ၄၃၆ (ခ)အရ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံဆန္ဒမဲဖြင့် ပြင်ဆင်နိုင်မည်ဖြစ်သည်။ သို့သော် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ကန့်ကွက်လျှင် အခြေခံဥပဒေပြင်ဆင်ရေးမှာ ရှေ့မတိုးသာ၊ နောက်မဆုတ်သာ ဘက်ယိမ်းသွားနိုင်ခြေရှိသည်

ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီတို့ အနေဖြင့် ပုဒ်မ ၃၃၇ တွင် တပ်မတော်ဆိုသည့်နေရာ၌ ပြည်ထောင်စုတပ်မတော်ဟု ပြင်ဆင်ရန်လည်းကောင်း၊ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌသည် ဥပဒေတစ်ရပ်လုံးတွင် ပြည်ထောင်စုတပ်မတော်ဟု ပြောင်းလဲသုံးစွဲရန်လည်းကောင်း အဆိုပြုခဲ့သည်။ ပြည်ထောင်စုတပ်မတော်ဟု သုံးနှုန်းခြင်းသည် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို မြင့်မြင့်မားမား အထောက်အပံ့ဖြစ်စေမည် ဖြစ်သည်။ ပြည်ထောင်စုရှိလျှင် ပြည်ထောင်စုတပ်မတော် ရှိရမည်ဖြစ်ပြီး ပြည်ထောင်စုတပ်မတော်စစ်စစ်ကို တည်ဆောက်နိုင်လျှင် ပြည်ထောင်စုမူစစ်စစ် ဖော်ဆောင်နိုင်ရေးကို ဦးစားပေးနိုင်မည် ဖြစ်သည်။ တိုင်းရင်းသား အများစုသည်လည်း တပ်မတော်ထက် ပြည်ထောင်စုတပ်မတော်ကို ပိုမိုသဘောတွေ့နိုင်ခြေ ရှိသည့်အလျောက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် နိုင်ငံရေးစားပွဲဝိုင်း ဆွေးနွေးပွဲများအထိ အကျိုးသက်ရောက်သွားနိုင်ခြေ ရှိသည်။ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီသည် တိုင်းရင်းသားပြည်သူများအား ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြည်သူ့အခွင့်အရေးများကို ဥပဒေနှင့်အညီ ဖြစ်ပေါ်ခံစားနိုင်စေရန် အကာအကွယ်ပေးရမည်ဟု ပုဒ်မ ၃၃၇ တွင် ထပ်မံဖြည့်စွက်ရန် အကြံပြုခဲ့သည်။

နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးသည် တပ်မတော်၏ ကွပ်ကဲမှုအောက်တွင် ရှိရမည်ဟု ပြဋ္ဌာန်းထားသော ပုဒ်မ (၃၃၈)နှင့်စပ်လျဉ်း၍ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်း အားလုံးသည် ပြည်ထောင်စုစစ်ဦးစီးအဖွဲ့၏ ကွပ်ကဲမှုအောက်တွင် ရှိရမည်ဟုလည်းကောင်း ပြည်ထောင်စုစစ်ဦးစီးအဖွဲ့ ဥပဒေကို ပြဋ္ဌာန်းရမည်ဟုလည်းကောင်း ပြင်ဆင်သင့်ကြောင်း အကြံပြုခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် အဆိုပါပုဒ်မကို ပြင်ဆင်သင့်ကြောင်းနှင့် ပြည်သူ့ရဲကို ၀န်ကြီးဌာန သီးသန့်ဖွဲ့စည်းသင့်ကြောင်း အကြံပြုခဲ့သည်။ ပြည်သူ့ရဲကို တပ်မတော်၏ ကွပ်ကဲမှုအောက်တွင် ထားရှိခြင်းထက် ပြည်ထဲရေးဝန်ကြီးဌာန၏ ကွပ်ကဲမှုအောက်တွင် ထားရှိရေးကိုလည်း အကြံပြုခဲ့ကြသည်။ ပြည်ထောင်စုစစ်ဦးစီးအဖွဲ့ဟူသော အဆိုပြုချက်သည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် နိုင်ငံရေးဆွေးနွေးပွဲတွင် ထည့်သွင်းစဉ်းစားသင့်သော အချက်ဖြစ်သည့် အားလျော်စွာ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတွင်လည်း အလေးအနက်ထား စဉ်းစားဆွေးနွေးသင့်သည်။

ပုဒ်မ (၃၄၀) တွင် တပ်မတော်သည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ သဘောတူညီချက်ဖြင့် နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတွင် ပြည်သူတစ်ရပ်လုံး ပါဝင်ရေးအတွက် စီမံဆောင်ရွက်ခွင့်ရှိသည်။ တပ်မတော်၏ဦးဆောင်မှုဖြင့် ပြည်သူ့စစ်မဟာဗျူဟာကို ဖော်ဆောင်ရမည်ဟူသော ပြဋ္ဌာန်းချက်နှင့် စပ်လျဉ်း၍ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက ဥပဒေအရ ပြည်သူ့စစ်မဟာဗျူဟာကို နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုဖြင့် ပြည်ထောင်စုစစ်ဦးစီးအဖွဲ့က တပ်မတော်ကဏ္ဍကို တာဝန်ယူဆောင်ရွက်ရန်၊ စစ်ဘက်နှင့် အရပ်ဘက်ဆက်ဆံရေးကောင်းရန်၊ ပြည်သူကို စည်းရုံးနိုင်ရန်ဟု အကြံပြုခဲ့သည်။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ သဘောတူညီချက်နေရာတွင် နိုင်ငံတော်သမ္မတ၏ သဘောတူညီချက် သို့မဟုတ် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့်ဟုပြင်ဆင်ရန် ၀ိုင်းဝန်းအကြံပြုခဲ့ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ပုဒ်မ ၃၄၂ အရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အဆိုပြုထောက်ခံချက်ဖြင့် သမ္မတက ခန့်အပ်တာဝန်ပေးသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ခန့်အပ်ရေးတွင် နိုင်ငံတော်သမ္မတအနေဖြင့် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ကို ရယူနိုင်ရေးကိုလည်း အကြံပြုခဲ့ကြသည်။ အကယ်စင်စစ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် အုပ်ချုပ်ရေးသာမက ဥပဒေပြုရေးတွင်ပါ ပတ်သက်နေသဖြင့် ပြည်ထောင်စုလွှတ်တော်၏ ထောက်ခံချက်ရရှိနိုင်ရေး ထည့်သွင်းစဉ်းစားချက်သည် ကြောင်းကျိုးဆီလျော်သည်ဟု မှတ်ချက်ပြုနိုင်သည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအရ တပ်မတော်နှင့် ဥပဒေပြုရေး အခန်းကဏ္ဍတွင်လည်း ပြင်ဆင်သင့်သော ပုဒ်မများကို အကျယ်တ၀င့် ဆွေးနွေးအကြံပြုခဲ့ကြသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းသော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်တွင် ပုဒ်မ ၇၄၊ ပြည်သူ့လွှတ်တော်တွင် ပုဒ်မ ၁၀၉ (ခ)၊ အမျိုးသားလွှတ်တော်တွင် ပုဒ်မ ၁၄၁ (ခ)၊ တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်လွှတ်တော်တွင် ပုဒ်မ ၁၆၁ (ဃ)တို့ကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီအနေဖြင့်ပြင်ဆင်ရန် စဉ်းစားသင့်သော ပုဒ်မများအဖြစ် အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြခဲ့သည်။ ကော်မတီအနေဖြင့် အခန်းအလိုက် အသေးစိတ်ဆွေးနွေးရာတွင် အဆိုပါပုဒ်မများသည် မူလအတိုင်းထားရှိရန် ပြင်ဆင်ရန်၊ ဖြည့်စွက်ရန်၊ ပယ်ဖျက်ရန်၊ အခြေအနေ အချိန်အခါအရ ပြင်ဆင်ရန် စဉ်းစားသင့်ကြောင်း သတ်မှတ်ခဲ့သော ပုဒ်မများတွင် ထည့်သွင်းခဲ့သည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီနှင့် ရခိုင်အမျိုးသားပါတီတို့က ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်များနှင့် ပြည်နယ်လွှတ်တော်များတွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ ပါဝင်ခြင်းမပြုသင့်ကြောင်း အကြံပြုဆွေးနွေးခဲ့သည်။ ကရင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌကလည်း ပြည်သူလူထုက ရွေးကောက်တင်မြှောက်သော လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်များ ဖြစ်ရမည်ဟု ထည့်သွင်းအကြံပြုခဲ့သည်။ ချင်းတိုးတက်ရေးပါတီနှင့် ကရင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌတို့သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်များ ဖွဲ့စည်းခြင်းနှင့် စပ်လျဉ်း၍ ပုဒ်မ ၁၆၁ (ဃ)ကို ပယ်ဖျက်သင့်ကြောင်း၊၊ ကရင်ပြည်သူ့ပါတီက သုံးပုံတစ်ပုံဟူသော စကားရပ်အစား လေးပုံတစ်ပုံဟု ပြင်ဆင်သင့်ကြောင်း၊ အကြံပြုခဲ့သည်။ မွန်ပါတီ၊ ကရင်ပါတီ၊ ရခိုင်ပါတီ၊ ချင်းပါတီတို့၏ အကြံပြုချက်များသည် တိုင်းရင်းသားလူမျိုးစု အများစု၏ ဆန္ဒသဘောထားနှင့် ရာခိုင်နှုန်းပြည့်နီးပါး ထပ်တူကျနိုင်ခြေ မြင့်မားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်များတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်ခြင်းသည် ဒီမိုကရေစီစံနှုန်းနှင့် ဆန့်ကျင်နေပြီး အထွေထွေသဟဇာတဖြစ်ရေး ဦးတည်လျက်၊ ဆွေးနွေးညှိနှိုင်းလျက်၊ တစ်ဆင့်ပြီးတစ်ဆင့် ပြင်ဆင်သွားရန်ဖြစ်သည်ဟု အကြံပြုဆွေးနွေးခဲ့သည်။ ထို့ကြောင့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်များနှင့် ပြည်နယ်လွှတ်တော်များတွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ ပါဝင်ခြင်းကို မျက်နှာစုံညီ ဆွေးနွေးညှိနှိုင်းမှုများမှတစ်ဆင့် ပြင်ဆင်လျှော့ချသွားနိုင်ရန် ရည်ရွယ်ချက်ထားသည်ကို တွေ့ရှိရသည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် တွေ့ဆုံဆွေးနွေး အဖြေရှာရေးမူကို ဆုပ်ကိုင်ရပ်တည်နေသည့်အားလျော်စွာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များနှင့် ပတ်သက်၍လည်း တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်ရေး ဆော်သြတိုက်တွန်းလျက်ရှိသည်။ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌကလည်း ပုဒ်မ ၁၀၉(ခ)နှင့်ပုဒ်မ ၁၄၁ (ခ)ပါ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ၏ဦးရေကို ကာလသတ်မှတ်၍ ထိန်းညှိလျှော့ချသင့်သည်ဟု အကြံပြုခဲ့သည်။

အမျိုးသားဒီမိုကရေစီအင်အားစု ပါတီကမူ လွှတ်တော်ကိုယ်စားလှယ်များအဖြစ် အဆင့်ဆင့်အချိုးကျ လျှော့ပေါ့သတ်မှတ်သည့် ဦးရေအတိုင်း ရွေးကောက်ပွဲများဖြင့် ပေါ်ပေါက်လာမည့် နောင်အနာဂတ် လွှတ်တော်အသီးသီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းသည့် တိုင်းစစ်ဌာနချုပ်အလိုက် ရွေးကောက်တင်မြှောက်ထားသော တပ်မတော်သားများဟု ပြင်ဆင်ရန် အကြံပြုခဲ့ကြသည်။ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီအနေဖြင့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်များနှင့် ပြည်နယ်လွှတ်တော်များတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းပြီး ရွေးကောက်တင်မြှောက်ရေးဘက်ကို ပိုမိုဇောင်းပေး အကြံပြုခဲ့သည်။ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီသည် တစ်ဆင့်ပြီးတစ်ဆင့် လျှော့ချရေးကိုပင် အကြံပြုဆွေးနွေးခဲ့ခြင်း မရှိသည်ကို တွေ့ရှိရသည်။

အမျိုးသားလွှတ်တော်ဖွဲ့စည်းခြင်းနှင့် စပ်လျဉ်း၍ ပုဒ်မ ၁၄၁(ခ)ပါ ပြဋ္ဌာန်းချက်ကို ပြင်ဆင်နိုင်ရေး ညှိနှိုင်းရာတွင် ၀ဒီမိုကရက်တစ်ပါတီက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ဥပဒေနှင့်အညီ အမည်စာရင်းတင်သွင်းသည့် စစ်တိုင်းတစ်တိုင်းလျှင် ကိုယ်စားလှယ်တစ်ဦးကျစီ ပါဝင်သော တပ်မတော်သားကိုယ်စားလှယ်များဟု လည်းကောင်း၊ ကရင်ပြည်သူ့ပါတီက ပြည်နယ်တစ်ခုစီအတွက် ကိုယ်စားလှယ်သုံးဦးကျစီဖြင့် ကာကွယ်ရေးဦးစီးချုပ်က ဥပဒေနှင့်အညီ အမည်စာရင်းတင်သွင်းသည့် တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၄၂ ဦးဟု လည်းကောင်း၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီက သက်ဆိုင်ရာပြည်ထောင်စုနယ်မြေများ အပါအ၀င် ပြည်နယ်တစ်ခုစီအတွက် ကိုယ်စားလှယ်လေးဦးကျစီဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဥပဒေနှင့်အညီ အမည်စာရင်းတင်သွင်းသည့် စစ်တိုင်းဌာနချုပ်များအလိုက် ရွေးကောက်တင်မြှောက်ထားသည့် ၅၆ ဦးထက်မပိုသော တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များဟုလည်းကောင်း ပြင်ဆင်ရန် အကြံပြုခဲ့ကြသည်။

အချုပ်အားဖြင့်ဆိုသော် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အပါအ၀င် လွှတ်တော်များတွင် တပ်မတော်သားကိုယ်စားလှယ်များ တိုက်ရိုက်ပါဝင်မှုနှင့် ရေရှည်နိုင်ငံရေး ဆွေးနွေးပွဲများတွင် ပြည်ထောင်စုတပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့များအားလုံး ပါဝင်မှုတို့ကို ထိန်းညှိနိုင်ရေးတွင် ဘက်ညီသော၊ ရေရှည်အမြင်ရှိသော၊ ပွင့်လင်းမြင်သာသော နိုင်ငံရေးစားပွဲဝိုင်း ဆွေးနွေးပွဲများကို မဖြစ်မနေ ဖြတ်သန်းရမည် ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးသည် ခယောင်းလမ်းခရီးရှည်ဖြစ်သည့် အားလျော်စွာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ခေါင်းဆောင်မှုအောက်တွင် တိုင်းရင်းသားပါတီများ၊ အဖွဲ့အစည်းများနှင့် ခေါင်းဆောင်များအနေဖြင့် လက်ချင်းချိတ် လိုက်ပါနိုင်ရေး မျက်မှောက်ပြုသင့်ပါကြောင်း မီးမောင်းထိုး၊ တိုက်တွန်းဆော်သြလိုက်ရပါသည်။







Credit - Eleven Media Group


 
 (ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များအား အောက်တိုဘာလအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-ဝေယံဖြိုးဦး))

No comments:

Post a Comment