Thursday, April 9, 2015

ဒုတိယမြောက် ရွေးကောက်ပွဲ၊ X2O မဏ္ဍပ်နှင့် တစ်ကျော့ပြန် စိုးရိမ်သောကများ – ချမ်းမြေ့ခိုင်

 မြန်မာသက္ကရာဇ် ၁၃၇၆ မှ ၁၃၇၇ သို့ ကူးပြောင်းမည့် မဟာသင်္ကြန် ကာလသို့ မကြာမီ အချိန်အတွင်း ကျရောက် တော့မည်ဖြစ်သည်။ ထိုသင်္ကြန်ကာလ နီးလာသည်နှင့်အမျှ ဖျက်မရသော အတိတ် ပုံရိပ်နှင့် ခြောက် လှန့်နေသော ပုံရိပ်ဆိုးတစ်ခုမှာ X2O မဏ္ဍပ်၏ ကြေကွဲဖွယ် ဖြစ်ရပ်ဖြစ်သည်။

၂၀၁၀ ပြည့်နှစ် ရန်ကုန်သင်္ကြန်မှာ မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်ကြီးပတ်လမ်း တင့်ကားကုန်း အရှေ့လမ်းဆုံ X2O ၊ မဏ္ဍပ်ရှေ့တွင် ဗုံး ၃ လုံး ဆက်တိုက် ပေါက်ကွဲမှုဖြစ်ခဲ့ပြီး လူ ၁၀ ဦး သေဆုံး၍ ၁၇၀ ကျော် ဒဏ်ရာရခဲ့သည့် မေ့မရသော ဖြစ်ရပ်ဆိုးကြီးကို ပြည်သူများ တွေးကြောက်နေဆဲ ဖြစ်သည်။

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲနှင့် တိုက်တိုက်ဆိုင်ဆိုင်ပင် မြန်မာ့သင်္ကြန် တွင် ပထမဦးဆုံးအကြိမ် ဗုံးပေါက်ကွဲ ခဲ့ခြင်းလည်း ဖြစ်သည်။

သင်္ကြန်ကာလအတွင်း အစိုးရအနေဖြင့် လုံခြုံရေး အခြေအနေ မည်သို့ လုပ်ဆောင်သွားမည့် ကိစ္စနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်း နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဦးတင်ဝင်းက ““လုံခြုံရေး လုပ်ငန်းကော်မတီ အနေနဲ့ကတော့ ခါတိုင်းနှစ်တွေလိုပဲ လုပ်ငန်းကို ပြည်သူလူထုအားလုံး စနစ်တကျနဲ့ လုပ်ငန်းတွေ ပျော်ပျော် ရွှင်ရွှင်နဲ့ ပြီးဆုံးသွားနိုင်အောင် စည်းကမ်းချက် သတ်မှတ်ချက်လေးတွေ ထုတ်ထားတာတော့ ရှိတယ်၊ မနှစ် ကလိုပဲ လုံခြုံရေးနဲ့ ပတ်သက်လို့ တို့စည်းကမ်းထိန်းသိမ်းရေး ကော်မတီ၊ လုံခြုံရေး လုပ်ငန်းကော်မတီ ၂ခု ပေါင်းစပ်ပြီး တို့ဆောင်ရွက်ထားတာ ရှိတယ်။ အဲဒီတော့ စည်းကမ်းထိန်းသိမ်းရေး ကော်မတီ အနေနဲ့ကတော့ သက်ဆိုင်ရာ သင်္ကြန်ကာလအတွင်းမှာ စည်းကမ်းမဲ့ ယာဉ်တွေ မောင်းတာတွေ နောက်ပြီးရင် စည်းကမ်း မဲ့ နောက်ပြီး သင်္ကြန် ဟိုဒင်းမှာလည်း ပါပြီးသားပဲ။ မကြာမီမှာ ထုတ်တော့မှာဖြစ်တဲ့ မြန်မာရိုးရာ အတာသင်္ကြန်နဲ့ ပတ်သက်ပြီးတော့ ဒါသတင်းစာတွေလည်း ထည့်မှာဖြစ်တယ် ဒါတွေက ဘာတွေလဲဆိုရင် ရေကစား မဏ္ဍပ် တွေမှာ မြန်မာ့ရိုးရာ ယဉ်ကျေးမှုနဲ့ ဆန့်ကျင်တဲ့ သရုပ်ပျက်ဝတ်ဆင်မှုတွေ သရုပ်ပျက် ပြုလုပ်မှုတွေ မပြုလုပ်ဖို့ နောက်ရေကစားရာမှာ ဆပ်ပြာမှုန့်တွေ ရေခဲ အိတ်တွေ နောက်ပြီးတော့ လူကိုအန္တရာယ် ဖြစ်စေတဲ့ ပစ္စည်းတွေနဲ့ ပစ်ပေါက်ပြီး ရေကစားတာတွေ (pressure pump) တွေနဲ့ ရေးပက်တာတွေ မပြုလုပ် ဖို့ နောက် ရေကစားမဏ္ဍပ် အနီးမှာ အရက်မျိုးစုံ ရောင်းချတွေ မူးယစ်ဆေးဝါး ရောင်းချတာတွေ မပြုလုပ် ဖို့ တွေ့ရင် ဥပဒေနဲ့အညီ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ရေပက်ခံကားတွေပေါ်မှာ တုတ်ဓား လက်နက်တွေနဲ့ တခြားအန္တရာယ်ပြု နိုင်တဲ့ ပစ္စည်းတွေ တင်မသွားဖို့ ဒါတွေကိုလည်း ကြိုတင်ပြီးတော့ သတင်းထုတ်ပြန် သွားမှာဖြစ်ပါတယ် ” ဟု မြန်မာသံတော်ဆင့်သို့ ပြောသည်။

ယင်းကဲ့သို့ လုံခြုံရေး ပေးသွားမည် ဖြစ်သော်လည်းလုံခြုံရေးအင်အား မည်မျှသုံးစွဲမည်ကို ထုတ်ဖော် ပြောနိုင်ခြင်း မရှိကြောင်းကို ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဦးတင်ဝင်းက ““အင်အားအနေနဲ့ တို့ကပြောလို့မရဘူးလေ။ ဘာလို့လဲဆိုတော့ တို့လုံခြုံရေးလုပ်တဲ့အခါမှာ တို့လုပ်တဲ့အရံ အတားတွေလည်းရှိတယ် ဒါတွေကိုဘယ်မှာ ဘယ်နေရာမှာ လုံခြုံရေးအရ အင်အား ဘယ်လောက်နဲ့ ဘယ်နေရာ ဘာလုပ်မယ်ဆိုတာ လုံခြုံရေးအရ ပြောပိုင်ခွင့်မရှိဘူး”” ဟု မြန်မာသံတော်ဆင့်သို့ ပြောသည်။

အစိုးရအနေဖြင့် နှစ်စဉ်နှစ်တိုင်း လုံခြုံရေး အခြေအနေ ဖော်ထုတ်ပြောကြားခြင်း မရှိခဲ့သည့်အပြင် မှုခင်း ဖြစ်ပွားမှုနှုန်းများ လျှော့ချနိုင်မှုမရှိသေးပေ၊ ၂၀၁၃ ခုနှစ်အတွင်း မှုခင်းဖြစ်ပွားမှုပေါင်း ၄၀၇ မှု ဖြစ်ပွား ခဲ့ပြီး သေဆုံးသူ ၂၅ ဦး၊ ဒဏ်ရာရရှိသူ ၁၈၅ ဦးရှိခဲ့ကာ ၂၀၁၄ ခုနှစ်တွင်း မှုခင်းဖြစ်ပွားမှုပေါင်း ၅၇၈ မှုဖြစ်ပွား ခဲ့ပြီး၊ သေဆုံးသူဦးရေ ၄၃ ဦး၊ ဒဏ်ရာရရှိသူဦးရေ ၂၄၈ ဦးရှိခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီးမှ ထုတ်ပြန်ထားေ သာ သတင်းများအရ သိရသည်။

မှုခင်းဖြစ်ပွားမှုနှုန်းမှာ နှစ်အလိုက် တိုးပွားလာနေရာ အစိုးရ၏ လုံခြုံရေး လုပ်ဆောင်ချက်များအပေါ် ပြည်သူများ စိုးရိမ်စိတ် ဖြစ်ပေါ်လာသည်မှာ တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးပွားလာမှာ မလွဲဖြစ်ပြီး အစိုးရ၏ လုံခြုံရေး ဆောင်ရွက်မှုများအပေါ် မေးခွန်းထုတ်စရာ ဖြစ်သည်။

သင်္ကြန်ကာလအတွင်း အစိုးရအနေဖြင့် မဏ္ဍပ်များ တစ်ခုချင်းစီအလိုက် လုံခြုံရေးအင်အား ပေးသွားမည် မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ပြောကြားသည်။

ယင်းသို့ အစိုးရက လုံခြုံရေးမပေးနိုင်သဖြင့် ပုဂ္ဂလိကအနေဖြင့် ငှားရမ်းသုံးစွဲရပြီး မဏ္ဍပ်ကစားသူအများစုသည် လုံခြုံရေးမပေးလျှင် မလာရောက်ကြကြောင်း အမည်မဖော်လိုသူ မဏ္ဍပ်စီစဉ်သူတစ်ဦးက ဆိုသည်။

““မနှစ်က ကျွန်တော်တို့ မဏ္ဍပ်တိုင်းကို မဏ္ဍပ်ပေါ်မှာ ရဲသို့မဟုတ် SB နှစ်ဦးစီ လုံခြုံရေးပေးတယ်။ ဒီနှစ်လည်း ဒီအတိုင်းပဲ။ မဏ္ဍပ်ရှိတဲ့ လမ်းတွေမှာ လုံခြုံရေးရုံးတွေ ဆောက်ပြီး လုံခြုံရေးအင်အား ၅ ယောက်ကနေ ၁၀ ယောက်ကြား တွေ့ရတယ်။ မဏ္ဍပ်ကို လုံခြုံရေး မပေးတော့ ပုဂ္ဂလိက လုံခြုံရေးကို ထပ်ငှားရတယ်။ အဲဒီလို လုံခြုံရေး အင်အားပြမှ မဏ္ဍပ်လာထိုင်မယ့် သူတွေက ဦးစားပေးရွေးချယ်ကြတာ ပုဂ္ဂလိက လုံခြုံရေးဆို တာ လေ့ကျင့်ထားတဲ့ နိုင်ငံ့ဝန်ထမ်း လုံခြုံရေးလောက် အတွေ့အကြုံမရှိဘူး။ ဒီတော့ဖြစ်လာမယ့် အန္တရာယ် တိုင်းကို အနည်းငယ်တော့ ကာကွယ်မှု ပေးနိုင်ပါတယ်”ဟု မဏ္ဍပ်စီစဉ်သူတစ်ဦးက မြန်မာသံတော်ဆင့် သို့ ပြော သည်။

““ဒီနှစ်လုံခြုံရေးပေးတယ်။ အရင်နှစ်အတိုင်းပဲ အာမခံကြေး တိုးကောက်တဲ့အပေါ် အဆင်မပြေတာတော့ မရှိပါဘူး။ ဒီနှစ်ကောလာဟလ ထွက်လာတော့ လုံခြုံရေးတိုးပြီး ငှားထားလိုက်တာပေါ့” ဟု Out of the control မဏ္ဍပ်စီစဉ်သူတစ်ဦးက မြန်မာသံတော်ဆင့်သို့ ပြောသည်။

ယင်းသို့လုံခြုံရေး မပေးနိုင်သော်လည်း သင်္ကြန်ကာလအတွင်း ရေကစားမဏ္ဍပ် ဆောက်လုပ်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး မြို့တော်စည်ပင်သို့ ပေးဆောင်ရသည့် မဏ္ဍပ်စပေါ်ငွေ တိုးမြှင့်ခဲ့သည်။

ယင်းသို့ တိုးမြှင့်ခြင်းမှာ ပြီးခဲ့သည့် နှစ်အတွင်း မဏ္ဍပ်အများစုမှာ စည်းကမ်း ဖောက်ဖျက်မှု များပြားပြီး ယင်းအတွက် ပေးဆောင်ရသော ဒဏ်ကြေး စုစုပေါင်းမှာ စပေါ်ငွေထက် ကျော်လွန်ခဲ့ခြင်းကြောင့် စပေါ်ငွေပမာဏ တိုးမြှင့်ရခြင်းဖြစ်ကြောင်း မြို့တော်စည်ပင်သာယာရေး ကော်မတီလမ်း၊ တံတားဌာနမှ ဒုဌာနမှူးဖြစ်သူ ဦးစိုးသိန်းအောင်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

စပေါ်““(deposit) ကြေးက သိန်း ၁၀၀ မနှစ်ကတော့ ၇၅ သိန်း။ ပြစ်ချက်ကျူးလွန်ရင် တစ်ခါတည်း စပေါ်ထဲက ဖြတ်လို့ရအောင် မနှစ်တုန်းက နှစ်ခုလောက် ကျော်သွားတယ်။ ကျော်သွားရင် ပြန်တောင်းလို့ မရတော့ဘူးလေ။ အဲဒါကြောင့်မြှင့်တာ မနှစ်တုန်းက မဏ္ဍပ်တော်တော်များများ အရေးယူခံရတယ်။ လွတ်တာက ၂ ခု၊ ၃ ခု လောက်တော့ ရှိတာပေါ့နော်”” ဟု မြန်မာသံတော်ဆင့်သို့ ပြောသည်။

သင်္ကြန်ပွဲတော်ကာလ အထူးလုံခြုံရေးအတွက် ရေကစားသူများသည် ကာမစိတ်ကြွဆေးဝါး အပါအ၀င် မူးယစ်ဆေးဝါးများ သုံးစွဲခြင်း မပြုရန်နှင့် မှုခင်းမဖြစ်ပွားစေရေး ကြိုတင်သတိပေး နှိုးဆော်စာများကို ဧပြီလ ၄ ရက်နေ့တွင် ရဲတပ်ဖွဲ့က ပထမဆုံးအကြိမ် ထုတ်ပြန်ခဲ့ပြီး လိုက်နာမှုမရှိပါက ဥပဒေအရ ထိရောက်စွာ မဖြစ်မနေ အရေးယူမည်ဟု ကြေညာခဲ့သည်။

သင်္ကြန်ကာလ လုံခြုံရေးအတွက် မြို့ကြီးများဖြစ်သည့် ရန်ကုန်နှင့် မန္တလေးတို့တွင် မဏ္ဍပ်များ စည်ကားရာ လမ်းမကြီးပေါ်၌ မှုခင်းများ မဖြစ်ပွားစေရန်နှင့် အရက်သေစာ အပါအ၀င် မူးယစ်ဆေးဝါးများ သုံးစွဲရောင်း ချ ခြင်းများ မရှိစေရန် သက်ဆိုင်ရာ မြို့နယ်အလိုက် ရဲတပ်ဖွဲ့က လှည့်ကင်း၊ ၀ပ်ကင်းနှင့် အသွင်ယူ စုံစမ်းခြင်း များ ဆောင်ရွက်မည့်ဖြစ်ပြီး ယာယီရဲကင်းများ နေရာအနှံ့ဖွင့် ကာ ရေကစားသူနှင့် ရေပက်ခံသူများအတွက် လုံခြုံရေး ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကဆိုသည်။

ယင်းသို့ ရဲတပ်ဖွဲ့မှု၏ ထုတ်ပြန်ချက်သည် ၂၀၁၅ ရွေးကောက်ပွဲ ကာလနှင့် တိုက်ဆိုင်နေသော ယခုနှစ် သင်္ကြန်အပေါ် ပြည်သူလူထု၏ စိုးရိမ်စိတ်ကို နှစ်သိမ့်နိုင်မှု အားနည်းနေဆဲဖြစ်သည်။

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

No comments:

Post a Comment