Friday, April 10, 2015

ဖားကန့်မြေပြိုမှုတွင် ဆယ်နှင့်ချီသော ကျောက်တူးသမားများ ပျောက်ဆုံးဆဲ

ချင်းမိုင်၊ ဧပြီလ ၁၀

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအနီးရှိ ကျောက်စိမ်းတွင်း မြေပြိုရာမှ ပျောက်ဆုံးနေသည့် ဆယ်နှင့်ချီသော လုပ်သားများကို ရှာဖွေမရသေးဘဲ ဖြစ်နေသည်ဟု လုံးခင်းရဲစခန်း အရာရှိတစ်ဦးက ပြောသည်။

ဧပြီ ၈ ရက်က မြယမုံ ကျောက်စိမ်းတူး ကုမ္ပဏီ၏ လုပ်ကွင်းအတွင်း မြေပြိုခဲ့ရာ တစ်ဦးအသက်ရှင် လွတ်မြောက်ခဲ့သည်။ မြေတူးစက် ငါးစီးမှလြည်း မြေပြိုမှုကြောင့် နစ်မြုပ်သွားခဲ့ပြီး နှစ်စီးသာ ပြန်လည် ဖေါ်ထုတ်နိုင်သေးသည်။

"ဖော်နေဆဲဘဲ။ ဘယ်နှစ်ယောက်လဲဆိုတော့ အသေးစိတ်ကတော့ ၁၀ ယောက်ရတယ်။ မြေတူးစက်က ၅ စက်မှာ နှစ်စက်က ဖော်ပြီးပြီ။ နှစ်စက်ဖော်နေဆဲဘဲ။ မနေ့က ၁ ယောက်က ပြန်ရပြီ။ ရှာတုန်းဘဲ။ ဒီတစ်ရက် နှစ်ရက် သုံးရက်လောက် မိုးတော်တော်ရွာတယ်" လုံးခင်း ရဲစခန်း အရာရှိက ပြောသည်။

ယင်းမြေပြိုမှုတွင် ကုမ္ပဏီ၏ လုပ်သားများနှင့် ရေမဆေးကျောက်ရှာသူ စုစုပေါင်း ၆၀ ကျော် ပျောက်ဆုံးနေသည်ဟု ဖားကန့်မြို့ခံများက ခန့်မှန်းထားသည်။

"တစ်လကို သုံးလေးကြိမ်လောက် မြေပြိုမှု ဖြစ်နေတာ။ ဘာကြောင့် ဖြစ်လဲဆိုတော့ ကျောက်စိမ်း တူးပြီးတော့ အသုံးမလိုတော့တဲ့ မြေတွေကို ဒီအတိုင်း စုပုံထားတဲ့အခါကြတော့ မြေက ကျစ်လစ်မှု မရှိတဲ့အခါကျတော့ မိုးသည်းလာပြီဆိုရင် ပြန်ပြိုမှု ဖြစ်နေတာပဲ" ဟု ဒေသခံတစ်ဦးက ပြောသည်။

ဖားကန့်မြို့တွင် ၂၀၁၅ ခုနှစ် ဇန်နဝါရီလက တစ်ကြိမ်၊ မတ်လအတွင်း မြေပြိုမှု သုံးကြိမ် ဖြစ်ပွားခဲ့ပြီး ယခုနှစ်အတွင်း မြေပြိုမှု အနည်းဆုံး လေးကြိမ်ခန့် ဖြစ်ပွားခဲ့သည်။ ရေမဆေးကျောက် ရှာသည့် ကုမ္ပဏီများ စွန့်ပစ်ထားသော မြေစာပုံများတွင် ရှာဖွေလုပ်ကိုင်ကြရာမှ သေဆုံးမှုများ ရှိနေခြင်း ဖြစ်သည်။

၂၀၁၁ ခုနှစ်နောက်ပိုင်း ကချင်ပြည်နယ်တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သဖြင့် ၂၀၁၂ ခုနှစ် မေလက ကျောက်လုပ်ငန်းများ ရပ်နားထားရာမှ ၂၀၁၄ ခုနှစ် စက်တင်ဘာလတွင် ကျောက်စိမ်းတူးဖော်မှု လုပ်ငန်း ပြန်လည် လုပ်ကိုင်လာခြင်း ဖြစ်သည်


Credit - Mizzima News

No comments:

Post a Comment