မြန်မာနိုင်ငံတွင် ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင်များတစ်ဦးဖြစ်ပြီး ခရိုနီကြီးတစ်ဦးအဖြစ် သတ်မှတ် ခံထား ရသည့် ဦးဇော်ဇော်၏ Novotel Yangon Max Hotel ဖွင့်ပွဲသို့ အခမ်းအနားတွင် တွေ့ရမြင်ရခဲသည့် ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင်ကြီးများနှင့် အုပ်ချုပ်ရေး နယ်ပယ်မှ ၀န်ကြီးများ တက်ရောက်လာသည်ကို တွေ့ရသည်။
ကမ္ဘောဇစီးပွားရေးလုပ်ငန်းစု၏ ဥက္ကဋ္ဌဦးအောင်ကိုဝင်း၊ ဒဂုံစီးပွားရေး~ လုပ်ငန်းစု၏ ဥက္ကဋ္ဌဦးဝင်းအောင်၊ လွယ် ဟိန်းကုမ္ပဏီ ဥက္ကဋ္ဌ ဦးစိုင်းဆမ်ထွန်း၊ တော်ဝင်စီးပွားရေးလုပ်ငန်းစု ဥက္ကဋ္ဌ ဦးကိုကို ထွေးတို့အပါအ၀င် ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင်များ၊ သမ္မတစီးပွားရေးအကြံပေး ပါမောက္ခဒေါက်တာ အောင်ထွန်းသက်၊ သမ္မတ စီးပွား ရေးအကြံပေးအဖွဲ့မှ
ဦးတင်မောင်သန်း၊ မြန်မာငြိမ်းချမ်းရေး စင်တာမှ အကြီးတန်းအရာရှိ ဦးလှမောင်ရွှေ၊ ၈၈ မျိုးဆက်ပွင့်လင်း လူ့အဖွဲ့အစည်း မှ ကျောင်းသားခေါင်းဆောင် ကိုမြအေးတို့ တက်ရောက် ခဲ့သည်။
နိုဗိုတယ်ဟိုတယ်၏ ဖွင့်ပွဲကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ဟိုတယ်နှင့်ခရီးသွားလာ ရေးဝန်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီးဦးဌေးအောင်တို့က စက်ခလုတ် နှိပ်ဖွင့်လှစ်ပေးပြီး ရန်ကုန်တိုင်း လုံခြုံရေးနှင့် နယ် စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းလည်း စစ်ဝတ်စုံဖြင့်ပင် တက်ရောက်ခဲ့သည်။ နိုဗိုတယ် ဟိုတယ်ဖွင့်ပွဲ သည် ဟိုတယ် ဖွင့်ပွဲတစ်ခုထက် ဦးဇော်ဇော်၏ နိုင်ငံရေး၊ စီးပွားရေးနယ်ပယ် ၀င်ဆံ့မှုအင်အားကို ဖော်ပြနေသည်။…
ကြယ်ငါးပွင့်အဆင့် Novotel Yangon Max ဟိုတယ်သစ်ကြီးသည် Max Myanmar Holding လက်အောက်ရှိ Max Hotels Group ၏ အောင်မြင်မှု ခြေလှမ်းသစ်တစ်ရပ်အဖြစ် မှတ်တမ်းရေး ထိုးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း ဦးဇော်ဇော်က ပြောကြားသည်။
Novotel Yangon Max သည် မြန်မာတိုင်းရင်းသားပိုင် နိုင်ငံတကာအဆင့်မီ ကြယ်ငါးပွင့် ဟိုတယ်တစ်ခုဖြစ်ပြီး ၂၀၁၃ ခုနှစ်၊ အောက်တိုဘာ ၄ရက်နေ့တွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ရရှိခဲ့ပြီး အဆိုပါ ဟိုတယ် တည်ဆောက်ရေး စီမံကိန်းအတွက် ပြည်ပချေးငွေကျပ် ဘီလီယံ ၃၀ အပါအ၀င် စုစုပေါင်းကျပ် ၈၆ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
Novotel Yangon Max ဟိုတယ်တွင် ၂၉ စတုရန်းမီတာမှ ၇၅ စတုရန်းမီတာအထိ ကျယ်ဝန်းသည့် အခန်း ပေါင်း ၃၆၆ ခန်း ပါဝင်ပြီး အခန်းများ သဘာဝ အလင်းရောင်း ကောင်းစွာ ရရှိစေမည့် ခေတ်ပေါ်ဒီဇိုင်းများ၊ အလုပ်စားပွဲ၊ ခေတ်မီ အသုံးအဆောင် တန်ဆာပလာများ၊ ခေတ်မီရေချိုးခန်းနှင့်အတူ သီးခြားမိုးရေချိုးခန်း တို့ဖြင့် ကျက်သရေရှိရှိ ဇိမ်ကျကျ နေထိုင်နိုင်စေရန် ဖန်တီးတည်ဆောက် ပေးထားပါသည်။ ထို့အတူ Banquet စတိုင်အခင်း အကျင်းနှင့် ဧည်သည် ၇၀၀ အထိ တည်ခင်းနိုင်သည့် Ballroom ဧည့်သည် ၄၀၀ အထိ ၀င်ဆံ့ သည့် Junior Ballroom ၊ အစည်းအဝေး ခန်းမများ၊ နိုင်ငံတကာအဆင့်မီ စားသောက်ဆိုင်များ၊ ရုံးခန်းများနှင့် ဆိုင်ခန်းများ၊ ဧည့်သည် အပန်းဖြေ နိုင်စေရန်အတွက် ကိုယ်ကာယ လေ့ကျင့်ခန်း၊ spa ၊ တင်းနစ်ကွင်း၊ ယောဂ ခန်းမ၊ ရေကူးကန်နှင့် ဂျာကူဇီ၊ ကလေးများအတွက် သီးသန့်ရေကူးကန်နှင့် အပန်းဖြေဆော့ကစား ရန်နေရာတို့ ပါဝင်ပြီး အဆောက်အအုံတစ်ခုလုံး၏ ဧရိယာမှာ စတုရန်းပေ ၈သိန်း ရှိပါသည်။
Novotel Yangon Max ဟိုတယ်ကြီး၏ စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များကို နိုင်ငံတကာတွင် ဟိုတယ်စီမံခန့်ခွဲမှု ဆိုင်ရာ ပြင်သစ်အခြေစိုက် အဖွဲ့အစည်းတစ်ခုဖြစ်သည့် Accor Group က တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ် သည်။ Accor Group သည် Brand အမည်ခွဲပေါင်း ၁၄ ခုနှင့် အတူ နိုင်ငံပေါင်း ၉၂ နိုင်ငံတွင် ဟိုတယ် ပေါင်း ၃၆၀၀ ကျော်ကို အောင်မြင်စွာ စီမံခန့်ခွဲလျက်ရှိသော လုပ်ငန်းစုတစ်ခုဖြစ်သည်။
Max Hotels Group အနေ ဖြင့်ပြီးခဲ့သည့် ဆယ်စုနှစ်တစ်ခု ကျော်ကြာ ကာလအတွင်း Max Resort (Chaung Tha), Hotel Max (Nay Pyi Taw) , Ayeyarwady Hotel (Nay Pyi Taw) တို့ကို ဖွင့်လှစ်နိုင်ခဲ့သည့်အပြင် Max Resort (Ngapali) နှင့် Max Resort (Inn Lay) တို့ကိုလည်း တည်ဆောက်နေဆဲ ဖြစ်သည်။
ဦးဇော်ဇော်ခေါ် ဦးတင်ဆန်းသည် ၁၉၈၇ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်တက်ရောက်ပြီး ၁၉၈၈ အရေးတော်ပုံ တွင် တက်ကြွသော နိုင်ငံရေးလှုပ်ရှားသူ ကျောင်းသားတစ်ဦးဖြစ်ခဲ့ကာ ၁၉၈၉ ခုနှစ်တွင် အခြားကျောင်းသား များ နည်းတူ စစ်ထောက်လှမ်းရေးများ၏ ဖမ်းဆီးမှု မခံရစေရန် ပြည်ပသို့ တိမ်းရှောင် ထွက်ပြေးခဲ့သည်။ ရန်ကုန်သို့ ၁၉၉၅ တွင် ပြန်ရောက်လာခဲ့သော်လည်း ၁၉၉၆ ကျောင်းသား အရေးအခင်းတွင် ပါဝင်ခြင်းမရှိတော့ ဘဲ လုပ်ဖော်ကိုင် ဖက်နိုင်ငံရေးသမားများ အဝေဖန်ခံကာ စီးပွားရေးလောကသို့ ခြေစုံပစ် ၀င်ရောက်ခဲ့သူဖြစ် သည်။
ဦးဇော်ဇော်သည် စီးပွားရေးလောကသို့ ၀င်ရောက်ပြီး ၇နှစ် တာကာလအတွင်း မက်စ်မြန်မာ ကုမ္ပဏီအုပ်စု အပြင် အဖျော်ယမကာ ကုမ္ပဏီ၊ ကူးသန်းရောင်း ၀ယ်ရေးကုမ္ပဏီ၊ လုံးခင်းကျောက်စိမ်းတွင်း၊ လယ်ဝေးရှိ ဘိလပ် မြေစက်ရုံ၊ မွန်ပြည်နယ် ဘီးလင်းရှိ ရာဘာစိုက်ခင်း၊ ပင်းယထုတ်လုပ်ရေး ကုမ္ပဏီလီမိတက်။ Hotel Max (ချောင်းသာ)၊ Royal Kumudar Hotel၊နေပြည်တော်ဟိုတယ်ဇုန်၊ ဟိုတယ် ဧရာဝတီ၊ နေပြည်တော် ဧရာဝတီဘဏ် လုပ်ငန်းတို့ကို ပိုင်ဆိုင်ခဲ့သည်။
ကျော်ကျော်မင်း
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald





No comments:
Post a Comment