ဧပြီလ ၈ ရက် အမျိုးသားလွှတ်တော်တွင် ဆွေးနွေးချက်များအရ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက် ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန လိမ်လည်သည်ဟုဆိုကာ ပါးရိုက်ခံရနိုင်ကြောင်း အမျိုးသားလွှတ်တော်အမတ် ဦးလှဆွေက ထုတ်ဖေါ်လိုက်သည်။
နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက် ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာနတို့ ဆောင်ရွက်ခဲ့သော လုပ်ငန်းများအပေါ် အမျိုးသားလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီက ဧပြီ ၈ ရက်က စိစစ်တင်ပြရာတွင် အမတ်အချို့၏ ထောက်ပြဆွေးနွေးချက်ကို ညွှန်းဆိုလျက် ဦးလှဆွေက ဆိုခြင်းဖြစ်သည်။
"ကိုယ်စားလှယ် နှစ်ယောက် ဆွေးနွေးချက်တွေကြောင့် မွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန (ပါးရိုက်မယ်ဆိုလို့ နာမည်ကြီးတဲ့ ဝန်ကြီးဌာန)တော့ ကိုယ်တိုင် ပါးရိုက်ခံရတော့မယ်ထင်တယ်" ဟုဆိုသည်။
ဦးလှဆွေက သူအင် လူမှုကွန်ယက် ဖေ့စ်ဘုတ်တွင် "ကိုယ်တိုင် ပါးရိုက်ခံရပြီ" ဟု ခေါင်းစဉ်တင်လျက် ရေးသားထားသည်။ ပလက်ဝမြို့နယ်တွင်းရှိ တံတားတစ်ခုသည် ရာနှုန်းပြည့်ပြီးပါပြီဆိုသော်လည်း ပလက်ဝမြို့နယ် လွှတ်တော်အမတ် ဆလိုင်းခွဲယန်က လွှတ်တော်တွင်း ဆွေးနွေးရာတွင် အဆိုပါ တံတားသည် ဧပြီ ၄ ရက်တွင် အာစီတိုင်သာ စိုက်ထူရသေးကြောင်း တင်ပြခဲ့သည်ဟု ဦးလှဆွေက ဆိုသည်။
"ဖုံးဖြင့် ဓါတ်ပုံရိုက်၍ အွန်လိုင်းမှ ပေးပို့ခဲ့သောပုံများကို လွှတ်တော် ပရိုဂျက်တာကြီးမှာ ထိုးပြသွားပါတယ် ၊ ဒါဆို မပြီးသေးတာကို ပြီးပြီလို့ပြောတာ ဟာ လိမ်တာပေါ့ ပါးတချက်" ဟု ရေးသားထားသည်။
အလားတူ ကလေးမြို့နယ်အတွင်းရှိ ခရိုင်ချင်းဆက် အာစီတံတားသစ်သည်တိုနေပြီး ကမ်းစပ်နှင့် ပေ ၄၀ ကွာနေသည်ဟု ကလေးမြို့နယ် လွှတ်တော်အမတ် ဦးသိန်းလှိုင်က တင်ပြခဲ့သည်။ "ဖြစ်ပုံက တံတား က တိုနေပြီး ချောင်းစပ်ကို ပေ ၄၀ အကွာမှာဘဲ ကမ်းကပ်ခုံ ဆိုတာကြီးကို တည်ဆောက်ထားသဗျ အဲ့မှာ ပါးတစ်ချက်" ဟု ရေးသားထားသည်။
ခရိုင်ချင်းဆက် တံတားတိုနေသည်ကို လွှတ်တော်အမတ် ဦးသိန်းလှိုင်က ဆွေးနွေးရာတွင် အဆိုပါ တံတားကို ကန်ထရိုက်က ခန့်မှန်းတွက်ချက် တည်ဆောက်ထားသည်ဟု ဆိုသည်။ ကွင်းဆင်း စစ်ဆေးရေးအဖွဲ့က ကွင်းဆင်းစစ်ဆေးရာတွင်လည်း စံမမှီ တည်ဆောက်ထားသည်ကို တွေ့ရသည်ဟု ဆွေးနွေးခဲ့ကြောင်း ဦးလှဆွေက ရေးသားသည်။
ထို့ကြောင့် အဖေ့မြေကုမ္ပဏီ ဥက္ကဋ္ဌကို မသမာလုပ်မှုဖြင့် အမှုဖွင့်ထားသည်ဟု အစီရင်ခံစာတွင် ဆိုသော်လည်း အစီရင်ခံစာတွင် ပါရှိသည့် ရဲစန်းသို့ စုံစမ်းရာတွင် အမှုဖွင့်ထားခြင်းမရှိဟုလည်း ဦးသိန်းလှိုင်၏ ဆွေးနွေးမှုကို ကိုးကားလျက် ဦးလှဆွေက ရေးသားသည်။
"ဒါဆို စစ်ဆေးရေးအဖွဲ့ ဆိုတာကလည်း အရေးမယူတာကို ယူပါတယ်ပြောတာဟာ လိမ်နေတာဘဲပေါ့ ဒါက ပါး တချက်" ဟု ဦးလှဆွေက ဆိုသည်။
"ဝန်ကြီးဌာနက တာဝန်ရှိသူများကလည်း သွားမစစ်ဘူးလား" ဟု ဦးလှဆွေက မေးခွန်းထုတ်ထားသည်။ ကြည့်ရတာ နယ်ခံအမတ်က ပရော်ဂျက်တာနဲ့ လွှတ်တော်မှာထိုးပြတာတောင် ဖြုံဖြုံ ရှိဟန်မတူသေးပါဘူး အဲ့ အတွက် ပါးတချက်" ဟု ဦးလှဆွေက ရေးသားသည်။
ဧပြီ ၈ ရက်အမျိုးသားလွှတ်တော်တွင် ကျေးလက်ဒေသ နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက် ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာနတို့ ဆောင်ရွက်ခဲ့သော လုပ်ငန်းများအပေါ် စိစစ်တင်ပြခြင်းအစီရင်ခံစာကို ပြည်သူ့ငွေစာရင်း ကော်မတီက တင်ပြခဲ့ခြင်းဖြစ်သည်။
အဆိုပါ အစီရင်ခံစာကို လွှတ်တော်အမတ် ခုနှစ်ဦး ဆွေးနွေးခဲ့ကြသည်။
Credit - Mizzima - News in Burmese
No comments:
Post a Comment