Thursday, April 9, 2015

လွှတ်တော်သတင်းများ ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် သာ နိုင်ငံပိုင်သတင်းစာများ၌ ဖော်ပြခွင့်ရ

 ရန်ကုန်၊ ဧပြီ ၆

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုလွှတ်တော် စသည့် လွှတ်တော်များ၏ သတင်းများကို အစိုးရအာဘော် နိုင်ငံပိုင် သတင်းစာ များ၌ ဖော်ပြရာတွင် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး၏ ခွင့်ပြုချက်ဖြင့် သာ ဖော်ပြရမည် ဖြစ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးရဲထွဋ် လက်ထက် တွင် ညွှန်ကြား ထားကြောင်း သတင်းရရှိသည်။

ပြည်ထောင်စုလွှတ်တော် အပါအ၀င် လွှတ်တော်များနှင့် အစိုးရ၀န်ကြီးဌာနများမှ တစ်ဆင့်သာ ဆက်သွယ်ရန် တိုက်ရိုက် ဆက်သွယ် ဆောင်ရွက်ခြင်းမပြုဘဲ ပြည်ထောင်စုအစိုးရအဖွဲ့က   ညွှန်ကြားထားကြောင်း အစိုးရအဖွဲ့ ရုံးနှင့် နီးစပ်သူများထံမှ သိရှိရသည်။

““ကျွန်တော်တို့က ကျန်တဲ့ဟာတော့ အဓိက မဟုတ်ပါဘူးခင်ဗျ။ နိုင်ငံတကာနဲ့ ဆက်သွယ်တဲ့အခါမှာ မိတ်မပျက်တဲ့ သဘောကတော့ မိတ်ပျက်မှုမရှိအောင် မထိခိုက်တဲ့ ဟာမျိုးတွေပေါ့။ သိသင့် သိထိုက်တာတော့ သိရမယ်။ အများကြီး မရှိပါဘူး။ ကျွန်တော်တို့က စိစစ်ပြီးတော့ ချက်ချင်းပေးတာ များပါတယ်။ ကျွန်တော် ကတော့ ဆုံးဖြတ်တဲ့ ပုဂ္ဂိုလ် မဟုတ်ပါဘူး။ ဆုံးဖြတ်တဲ့ ပုဂ္ဂိုလ်ကို တင်ပေးရတယ်။ သူတို့ မြတ်ပါတယ်။ များသောအားဖြင့် ကျွန်တော်ပြောရဲပါတယ်။ ၉၀ ရာခိုင်နှုန်းတောင် မကပါဘူးခင်ဗျ။ အစောင် ၁၀၀ကို ၉၀ တောင် မကပါဘူး။ တော်တော်များများက ဖတ်ဖြစ်တာ များပါတယ်။ လူကြီးတွေက မူဝါဒပိုင်းမှာ မလိုလား အပ်တဲ့ပြဿနာ မဖြစ်ဖို့ရာ လေးလောက်ပါပဲ။ ပုံမှန်အားဖြင့်ကတော့ အားလုံးအတွက် အကျိုးရှိမယ်။ အားလုံး ညီညီညွတ်ညွတ် ရှိမယ်ဆိုတဲ့ သတင်းမျိုးဆို အကုန်ထည့်ပေးပါတယ်”ဟု ပြည်ထောင်စုအစိုးရ အဖွဲ့ ရုံး ညွှန်ကြားရေးမှူး ဦးအောင်ထူးက မြန်မာသံတော်ဆင့်သို့ ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ လွှတ်တော် ၃ ရပ်၏ တာဝန်ရှိ ပုဂ္ဂိုလ်များထံသို့ ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။

““ဒီလုပ်ရပ်ကို ကြည့်မယ်ဆိုရင် ဒါဟာနိုင်ငံတော်မှာ အဓိက အာဏာသုံးရပ်ရှိပါတယ်။ အုပ်ချုပ်ရေး အာဏာ၊ ဥပဒေပြုအာဏာ၊ တရားစီရင်ရေးမဏ္ဍိုင်ပေါ့။ ၃ ရပ် ရှိတဲ့နေရာမှာ ဥပဒေပြုမဏ္ဍိုင်က ဆောင်ရွက်နေတဲ့ အခြေအနေကို နိုင်ငံတော် သတင်းမီဒီယာတွေကနေ ထုတ်ပြန်ဖို့ကို ဗဟိုချုပ်ကိုင်မှု ရှိနေတယ်ဆိုရင် တခြားကိစ္စတွေကတော့ ဗဟိုချုပ်ကိုင်မှု ဘယ်လောက် ရှိနေသလဲဆိုတာ ပြောဖို့တောင် မလိုတော့ဘူးလို့ ထင်ပါတယ်။ ဥပဒေပြု မဏ္ဍိုင်ရဲ့ ဆောင်ရွက်နေမှု ဆိုတာက ပြည်သူလူထုကို လွတ်လပ်စွာ ဖော်ပြခွင့်ရှိရမယ်။ ဒီလိုဆောင်ရွက်နေမှုက ဥပဒေပြုမဏ္ဍိုင်အပေါ်မှာ တစ်စုံတစ်ရာ ချုပ်ကိုင်ထားလွယ်တဲ့ သဘောမျိုး သက်ရောက်တယ်။ ဒီအခြေအနေတွေက ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ဆောင်ရွက်နေတဲ့ အစိုးရ တစ်ရပ်အနေနဲ့ မလုပ်သင့်ဘူးလို့ ထင်ပါတယ်””ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်း က ဝေဖန်လိုက်သည်။

ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းအမှောင်ချခြင်းကို ဥပဒေပြုရေးမဏ္ဍိုင် ဖြစ်သော လွှတ်တော်များ ခံနေရကြောင်း အလုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၂၀ ရက်က ပြုလုပ်ခဲ့သော ဒီဗွီဘီဒီဘိတ် အစီအစဉ်တွင် ပြောကြားခဲ့ဖူးသည်။

သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ပထမဆုံး ပြည်ထောင်စု လွှတ်တော် နာယကကြီး ဦးခင်အောင်မြင့်၏ အမည်နှင့် ၎င်းပြောကြားချက် အချို့ကိုပင် အစိုးရသတင်းစာများ၌ မဖော်ပြရန် တည်းဖြတ်မှုများကို လည်း ပြန်ကြားရေး ၀န်ကြီးဌာနက ပြုလုပ်ခဲ့သည်။

ဝိုင်းမော်

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

No comments:

Post a Comment