Thursday, April 9, 2015

ဝင်ငွေခွန် လျှော့ချသော်လည်း အောက်ခြေ လူတန်းစား အလုပ်သမားများအတွက် တိုက်ရိုက် အကျိုး သက်ရောက်မှုမရှိ အခြေခံလုပ်ခလစာ သတ်မှတ်ခြင်းသာ အဓိကဖြစ်

 ရန်ကုန်၊ ဧပြီ ၇

၂၀၁၅ ခုနှစ်အတွက် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ပြည်သူများ ထမ်းဆောင်ရမည့် ၀င်ငွေခွန်များ လျှော့ချသော် လည်း အောက်ခြေ လူတန်းစား အလုပ်သမားများအပေါ် တိုက်ရိုက် အကျိုး သက်ရောက်မှု မရှိဘဲ အခြေခံ လုပ်ခလစာ သတ်မှတ်ခြင်းသာ အဓိကဖြစ်ကြောင်း အလုပ်သမား အဖွဲ့အစည်း များက ဧပြီ ၆ ရက်တွင် မြန်မာသံတော်ဆင့်မှ တစ်ဆင့် ဝေဖန် ပြောကြားလိုက်သည်။

၂၀၁၅ ခုနှစ်၊ ဧပြီ ၂ ရက်က ပြဋ္ဌာန်းခဲ့သည့် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေတွင် ပါဝင်သော စည်းကြပ် ရန် ၀င်ငွေခွန် နှုန်းထားများမှာ ၁ ကျပ်မှ သိန်း (၂၀)ကျပ်ထိ (၀) ရာခိုင်နှုန်း၊ ကျပ်သိန်း နှစ်
ဆယ့်တစ်ကျပ်မှ ကျပ် သိန်း (၅၀)အထိ (၅)ရာခိုင်နှုန်း၊ သိန်းငါးဆယ့်တစ်ကျပ်မှ ကျပ်သိန်း ၁၀၀ အထိ ၁၀ ရာခိုင်နှုန်း၊ သိန်းတစ်ရာ တစ်ကျပ်မှ ကျပ်သိန်း ၂၀၀ အထိ ၁၅ ရာခိုင်နှုန်း၊ သိန်းနှစ်ရာတစ်ကျပ်မှ ကျပ်သိန်း ၃၀၀ အထိ၂၀ ရာ ခိုင်နှုန်း၊ ကျပ်သိန်းသုံးရာတစ်ကျပ်နှင့် အထက်အား ၂၅ ရာခိုင်နှုန်းဟူ၍ လျှော့ချ သတ်မှတ်ခဲ့သည်။

““လစာ ၂ သိန်းအထက် ၀င်ငွေခွန်ဆောင်ရမှာ။ လက်ရှိ အခြေအနေမှာတော့ ဒါဟာ အခြေခံလူတန်းစား အလုပ်သမားတွေအတွက် တိုက်ရိုက် အကျိုးသက်ရောက်မှု မရှိဘူး။ မြန်မာပြည်မှာ ၀င်ငွေအခွန်ကိစ္စက ပြဿနာ အများကြီးရှိတယ်။ အခြေခံလုပ်ခလစာ မသတ်မှတ်ရသေးဘူး။ အဲဒီအတွက် အောက်ခြေလူ တန်းစား အလုပ်သမားတွေ ၀င်ငွေခွန် ဘယ်လိုဆောင်မလဲ။ balance မဖြစ်ဘူး။ လစာ ၂ သိန်းပဲရရ ၃ သိန်းပဲရ ရ မြန်မာပြည်ရဲ့ အနေအထားအရ မဖူလုံပါဘူး။ မြန်မာပြည်ကတော့ စနစ်မကျသေးတဲ့ အပြင် ဥပဒေက တစ်ပြေး ညီ သတ်မှတ်ထားတာ မရှိတဲ့အတွက် သူတို့ ဥပဒေကို ဘယ်လိုပဲ ရေးဆွဲရေးဆွဲ လက်တွေ့မှာ ထိထိရောက်ေ ရာက် ဆောင်ရွက်တာ မရှိဘူး””ဟု အလုပ်သမားအခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ မှ ဒေါ်အိရွှေစင်ညွန့် က မြန်မာသံတော်ဆင့်သို့ ဝေဖန်ပြောကြားသည်။

ယင်းသို့ ၀င်ငွေခွန်နှုန်းထားများ လျှော့ချသော်လည်း လက်တွေ့၌ အခွန်စည်းကြပ်မှုတွင် လျော့ရဲသည့် အခြေအနေတွင် ရှိနေကြောင်းကို ““၂၀၁၃ နှစ်စပိုင်းလောက်ကတည်းက ၀င်ငွေခွန်ကိစ္စရှိတယ်။ ပုဂ္ဂလိက ကုမ္ပဏီတွေ အားလုံးက ၁ သိန်း ၃ သောင်း အထက်ကို ၀င်ငွေခွန်ဆောင်ရတယ်။ အခြေခံ လုပ်ခကြေးငွေ ကို ကြေညာဖို့ တုံ့ဆိုင်းနေတာ တော်တော် အခြေအနေဆိုးတယ်။ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့် ကတော့ အခက်အခဲ၂ ခု ရှိတယ်ပြောတယ်။ ၀င်ငွေခွန်ကို တိုင်းဒေသကြီးအလိုက် သတ်မှတ်မလား။ လုပ်ငန်း အမျိုးအစား အလိုက် သတ်မှတ်မလားဆိုတဲ့ ၂ ခုအပေါ်မှာ အခြေခံပြီး သုံးသပ်တယ်လို့ ကြားတယ်။ တချို့ ကုမ္ပဏီတွေလည်း အခွန်ဆောင်တယ်။ တချို့ကုမ္ပဏီက မဆောင်ဘူး။ အခွန်စည်းကြပ်မှုကတော့ လျော့တိ လျော့ရဲ အခြေအနေမှာ ရှိနေတုန်းပဲ””ဟု မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်လင်းက ပြောသည်။

စက်မှုဇုန် အလုပ်သမားတစ်ဦး အနေဖြင့် အခြေခံလစာနှင့် အခြားခံစားခွင့် အပါအ၀င် တစ်လလျှင် ပျမ်းမျှ လစာငွေကျပ် ၆ သောင်းကျော်ရှိပြီး အချိန်ပိုကြေး တစ်နာရီလျှင် ၂၂၀ ကျပ်မှ ၂၅၀ ကျပ်အထိသာ ရရှိသည်ဟု အလုပ်သမား သမဂ္ဂအဖွဲ့ချုပ်မှ ပြုစုထားသည့် စာရင်းများ၌ ဖော်ပြထားသည်။

ယင်းသို့ ၀င်ငွေခွန်လျှော့ချ သတ်မှတ်ခြင်းသည် Tax Base ကျယ်ပြန့်အောင် လုပ်ဆောင်ခြင်းဖြစ်ပြီး လက်တွေ့ အကောင်အထည် ဖော်ရာ၌ အခက်အခဲများ ရှိနိုင်ကြောင်း၊ ရာနှုန်းပြည့် အောင်မြင်ရန် မလွယ်ကူ နိုင်ကြောင်း ကို စီးပွားရေးပညာရှင် ဦးခင်မောင်ညို(ဘောဂဗေဒ)က-

““လူတော်တော်များများဆီက နည်းနည်းကောက်ရင်များများရမှုအပေါ် Tax Base ကျယ်ပြန့် အောင်လုပ်တယ်လို့ နားလည်ပါတယ်။ လူများများဆီက နည်းနည်းဆီ ကောက်မယ်ဆိုရင် ပေးချင်တဲ့ စိတ်လည်း ပေါက်မှာပေါ့။ တချို့လူတွေပဲ ဖိတောင်းမယ်ဆိုရင် မပေးချင်တော့ဘူးပေါ့။ လက်တွေ့ အကောင်အထည်ဖော်တဲ့အခါမှာ အခက်အခဲတွေ ရှိနိုင်ပါတယ်။ အကုန်လုံးက ကျေကျေနပ်နပ် အခွန်လာပေးမယ်လို့ ရှိမှာမဟုတ်သ လို အောက်ခြေအထိ ကျယ်ကျယ်ပြန့်ပြန့် ကောက်ဖို့ကလည်း လွယ်မှာမဟုတ်ဘူး။ လုံးဝ မကောက်တာ ထက်စာ ရင် ပိုကောင်းပါတယ်။ သို့သော်လည်းပဲ မြန်မာနိုင်ငံရဲ့ အခြေအနေအရ အဘက်ဘက်မှာ အားနည်းချက်ရှိလို့ ရာနှုန်းပြည့် အောင်မြင်ဖို့က မလွယ်ဘူးပေါ့”” ဟု မြန်မာသံတော်ဆင့်သို့ သုံးသပ် ပြောကြားသည်။

တင်ဇာအောင်


မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

No comments:

Post a Comment