Tuesday, April 7, 2015

ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အဖြေရှာမည့် ၄၈ ပွင်ဆိုင်ဆွေးနွေးပွဲ မနက်ဖြန်စပြီ

ရန်ကုန်၊ ဧပြီ ၇

သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ် လွှတ်တော်ဥက္ကဋ္ဌများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံရေးပါတီတို့မှ ခေါင်းဆောင်တို့ ပါဝင်သော ၄၈ ပွင့်ဆိုင် ဆွေးနွေးပွဲကို ဧပြီလ ၈ ရက်တွင် ပြုလုပ်ရန်ရှိနေရာ ဖိတ်ကြားခံထားရသည်ဟု အမျိုးသားဒီမိုကရေစီ အင်အားစု ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်သည်။

တွေ့ဆုံမှုကို သမ္မတအိမ်တော် ငုရွှေဝါခမ်းမတွင် ပြုလုပ်မည်ဖြစ်သည်။ အဓိကအဖြစ် အချက်သုံးချက်ကို ဆွေးနွေးမည်ဟု အမျိုးသားဒီမိုကရေစီ အင်အားစု၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။ ငြိမ်းချမ်းရေးဖြစ်စဉ်၊ ၂၀၁၅ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန်၊ ရွေးကောက်ပွဲမတိုင်မီ ကြားကာလ နိုင်ငံတည်ငြိမ်ရေးတို့ ဆွေးနွေးမည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယခု ၄၈ ပွင့်ဆိုင် ဆွေးနွေးပွဲသည် ဒုတိယအကြိမ် ဆွေးနွေးမည့် ဆွေးနွေးပွဲဖြစ်ကာ ပြီးခဲ့သည့် ဇန်နဝါရီလ ၁၂ ရက်ကလည်း နေပြည်တော် သမ္မတ အိမ်တော်တွင် သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပါတီခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များ ၄၈ ဦးပါဝင်သည့် ဆွေးနွေးပွဲဖြစ်သည်။

ထိုစဉ်က ဆွေးနွေးပွဲသည် လူများပြီး အချိန်နည်းကာ ထိရောက်မှုမရှိဟု ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။ သို့သော် သမ္မတ ပြောရေးဆိုခွင့်ရှိသူနှင့် ပြန်ကြားရေးဝန်ကြီးဖြစ်သူ ဦးရဲထွဋ်က သမ္မတသည် မည်သူ့ကိုမျှ ပစ်ပယ်လိုခြင်းမရှိခြင်းကြောင့်လည်းကောင်း၊ လူအများ၏ အကြံပြုချက်အများအပြားကို ရယူလိုခြင်းကြောင့်ဟု တုန့်ပြန်ဖြေရှင်းထားသည်။

ဧပြီလ ၁၀ ရက်တွင်လည်း သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်၊ လွှတ်တော်ဥက္ကဋ္ဌများ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား ကိုယ်စားလှယ်တစ်ဦးတို့ပါဝင်မည့် ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲ ပြုလုပ်ဦးမည်ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲသည် တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်လာနိုင်ခြေနည်းသည်ဟု ထုတ်ဖေါ်ပြောဆိုပြီး ထိုရွေးကောက်ပွဲကို သပိတ်မှောက်မည့် နည်းလည်းတစ်ခုအဖြစ် ရွေးချယ်နိုင်သည်ဟု ထုတ်ဖေါ်ပြောဆိုပြီးနောက် အပွင့်ဆိုင် ဆွေးနွေးပွဲများ ဆွေးနွေးရန် ဆက်တိုက် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့စည်းပုံပြင်ဆင်ရေး အလေးပေးဆောင်ရွက်ရန် ထုတ်ဖေါ်ပြောဆိုချက်များ ထွက်ပေါ်လာသော်လည်း ၄၈ ပွင့်ဆိုင်ဆွေးနွေးပွဲ အစီအစဉ်တွင်မူ ရွေးကောက်ပွဲ အောင်မြင်ရန်အလေးပေး ဆွေးနွေးကြမည့် အခြေအနေရှိသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ခြောက်ပွင့်ဆိုင် တွေ့ဆုံရန် အဆိုပြုထားသော်လည်း နှောင့်နှေးနေမှုများအတွက် ဝေဖန်မှုများ ကျယ်ကျယ်ပြန့်ပြန် ထွက်ပေါ်ခဲ့သည်။


Credit - Mizzima News

No comments:

Post a Comment