Thursday, April 9, 2015

ကျောင်းသားများ နိုင်ငံရေးပါတီ ၀င်ရောက်ခွင့် ကန့်သတ်မှု အခြေခံဥပဒေ ကို ဖောက်ဖျက်ခြင်းဖြစ်

ရန်ကုန်၊ ဧပြီ ၇

တက္ကသိုလ် ကျောင်းအပ် လက်ခံ လျှောက်လွှာ တွင် ကျောင်းသား များ နိုင်ငံရေး ပါတီ ၀င်ရောက် မှု၊ နိုင်ငံရေး လှုပ်ရှားမှုများအား ကန့်သတ်ချက်များ အဖြစ် ပါဝင်ဆဲဖြစ်ကြောင်း ဒဂုံတက္ကသိုလ် အဝေးသင် ဌာနတွင် ကျောင်းအပ်ခဲ့သည့် ကျောင်းသားများ က ပြောသည်။

ကျောင်းအပ်လက်ခံ လျှောက်လွှာတွင် ကိုယ်တိုင် ၀န်ခံချက်အနေဖြင့် အမှတ်စဉ်(၅)တွင် ကျွန်တော်/ ကျွန်မ သည် မည်သည့် နိုင်ငံရေးပါတီတွင်မျှ ပါတီဝင် မဟုတ်ပါနှင့် အမှတ်စဉ် (၆)တွင် ပါတီဝင်အဖြစ် မှ နုတ်ထွက်ခဲ့သည့် အထောက်အထားကို ပူးတွဲတင်ပြ ပါသည် (ပါတီဝင်ဖြစ်ခဲ့သူများအတွက်သာ) ဟု ပါရှိသည်။

ပါတီဝင်ခွင့်မှာလည်း ကျောင်းသားတစ်ဦး၏ အခွင့်အရေးဖြစ်ကြောင်း ““ကျောင်းသားက အသက် ၁၈ နှစ် ပြည့်ပြီးရင် မည်သည့်ပါတီမဆို ကြိုက်နှစ်သက်တဲ့ ပါတီကို ၀င်ခွင့်ရှိတယ်။ တက္ကသိုလ်ကျောင်းသား တိုင်းမှာ အသင်းအဖွဲ့ အလုပ်အမှုဆောင် အဖွဲ့အစည်းတွေရှိတယ်။ ဒါဟာ ကျောင်းသား တစ်ယောက်ရဲ့ အခွင့်အရေး၊ ကျောင်းသား တစ်ယောက်ရဲ့ လုပ်ပိုင်ခွင့်ထဲမှာပါတယ်””ဟု၎င်းကပြောသည်။

ယခုကဲ့သို့ ၀န်ခံချက်များ ရေးထိုးခိုင်းခြင်းမှာ မည်သည့်နိုင်ငံတွင်မျှ မရှိကြောင်းနှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ချိုးဖောက် ရာရောက်ကြောင်း ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌကို နန်းလင်းက ပြောသည်။

““ဒါမျိုးတွေက ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်တာလည်း ဖြစ်တယ်။ ဒါမျိုးက ပါမောက္ခချုပ်တစ်ဦးက မိမိတတ်သိ တတ်အပ်တဲ့ ပညာတွေနဲ့ မဆုံးဖြတ်ဘဲနဲ့ အစိုးရက ခိုင်းတဲ့အတိုင်း လုပ်နေတဲ့ပုံစံလို့ မြင်ပါတယ်”” ဟု ၎င်းကပြောသည်။

အခြေခံဥပဒေ ပုဒ်မ ၃၈၇ တွင် နိုင်ငံသားတိုင်းသည် ပြည်ထောင်စု စိတ်ဓာတ်ကို အခြေခံပြီး တိုင်းရင်းသား လူမျိုးအချင်းချင်း စည်းလုံး ညီညွတ်ရေးနှင့် ပြည်သူတစ်ရပ်လုံးအတွက် ကြိုးပမ်းအား ထုတ် ဆောင်ရွက်ရန် တာဝန်ရှိသည်ဟု အတိအလင်း ပြဋ္ဌာန်းထားရာ တက္ကသိုလ်များတွင် နိုင်ငံရေးပါတီ ၀င်ရောက်သူများကို လက်မခံသည့်သဘော သက်ရောက်သည့် ၀န်ခံကတိ ကန့်သတ်ချက်သည် ယင်းပြဋ္ဌာန်းချက်ပါ တာဝန်ရှိမှု ကိုပင် ပြန်လည် ကန့်သတ် ထားသကဲ့သို့ ဖြစ်နေသည်။

ထို့ပြင် ပုဒ်မ ၃၆၉ အပိုဒ်က တွင် နိုင်ငံသားတိုင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဖြစ်စေ၊ သက်ဆိုင်ရာ ဥပဒေများနှင့်ဖြစ်စေ မဆန့်ကျင်လျှင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ်၊ ပြည်နယ် လွှတ်တော် တစ်ရပ်ရပ်တွင် ရွေးကောက် တင်မြှောက်ခွင့်နှင့် ရွေးကောက်တင်မြှောက် ခံပိုင်ခွင့် ရှိသည်ဟုလည်း ပြဋ္ဌာန်းထားသည်ကို တွေ့ရသည်။

ထို့ပြင် အသက် ၁၈ နှစ်ပြည့်ပြီးသည့် ကျောင်းသားတိုင်း မဲထည့်ခွင့်ရှိပြီး မိမိနိုင်ငံ့အရေးတွင် ပါဝင်ပတ်သက်ခွင့် ရှိနေသည့် အခြေအနေတွင် ယင်းဝန်ခံချက် လက်မှတ်ရေး ထိုးခိုင်းသည့် စည်းမျဉ်း စည်းကမ်းများမှာ ပယ်ဖျက် သင့်ပြီဖြစ်ကြောင်း ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသား သမဂ္ဂ အထွေထွေ အတွင်းရေးမှူး ကိုစည်သူမောင် က ပြောသည်။

ယင်းစည်းကမ်းချက်များသည် စစ်အစိုးရ လက်ထက်ကတည်းက ကျောင်း သားများ နိုင်ငံရေးကို လုံးဝ စိတ်ဝင်စားမှု မရှိစေရန် ဖန်တီးမှု တစ်ခု ဖြစ်သည်။

““ဒီစည်းကမ်းချက်တွေက မ-ဆ-လ နဲ့ န-၀-တခေတ်တုန်းက ထုတ်ပြန်ခဲ့တဲ့ စည်းကမ်းချက်တွေပါ။ ဒါပေမဲ့ ခုထက်ထိရှိနေတယ် ဆိုတာတော့ ဒီအချိန်မှာတော့ ဖျက်သင့်တဲ့ စည်းမျဉ်း စည်းကမ်းတွေလို့ပဲ မြင်တယ်””ဟု ကိုစည်သူမောင်က ပြောသည်။

ကျောင်းသားတစ်ဦး၏ တာဝန်မှာ ပညာကို လေ့လာသင်ယူရန် ဖြစ်သည့် အတွက် တခြားသော ကိစ္စရပ် များအတွက် ပညာရေးပိုင်းက တာဝန်ရှိသူတွေက ထည့်သွင်းစဉ်းစားဖို့ မလိုအပ်သည့်အပြင် ကျောင်းသား တစ်ယောက်၏ ပညာရေးကြိုးစားမှု အပေါ်မှာသာ မူတည်ပြီး တက္ကသိုလ် ၀င်ခွင့်နှင့် စည်းကမ်းပိုင်းဆိုင်ရာ တွေကို စဉ်းစားရန်လိုကြောင်း ကိုစည်သူမောင်က ပြောသည်။

““စည်းကမ်းပိုင်းကိုပြန်ပြီး သုံးသပ်ဖို့ လိုအပ်တယ်။ တက္ကသိုလ်ပရိဝုဏ်မှာ နိုင်ငံရေးပါတီ လှုပ်ရှားမှုကို ခွင့်မပြုနဲ့။ သို့ပေမယ့်လို့ ကျောင်းသား တစ်ယောက်က နိုင်ငံရေးပါတီမှာတော့ ၀င်ရောက်ပြီးတော့ လှုပ်ရှား ဆောင်ရွက်ခွင့် ရှိတယ်။ ဒါက ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာဆိုင်ရာ အခွင့်အရေး၊ နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေး။ ဒီပေါ်မှာတော့ မကန့်သတ် သင့်ဘူးပေါ့နော်””ဟု ၎င်းက ပြောသည်။

နိုင်ငံရေးပါတီ ဆိုသည့်အဖွဲ့အစည်းမှာလည်း တရားဝင် အဖွဲ့အစည်း ဖြစ်သည့်အတွက် ကျောင်းသားများ မှာလည်း နှစ်သက်သည့် အဖွဲ့အစည်းသို့ ၀င်နိုင်ပြီး ယခုကဲ့သို့ တားဆီးပိတ်ပင်ခြင်းမှာ လူ့အခွင့်အရေး ချိုးဖောက်သည့် သဘောသက်ရောက်ကာ ကျောင်းသားများ၏ လွတ်လပ်ပိုင်ခွင့်ကို ထိပါးသည့် သဘော ဖြစ်ေ ကြာင်း ဦးဒေးဗစ်လှမြင့်က ပြောသည်။

နိုင်ငံခြားကျောင်းများ ဖွဲ့စည်းပုံစံမျိုးနှင့် ကွဲပြားခြားနားကြောင်း ““နိုင်ငံခြား ကျောင်းတွေမှာ ရှိတာတွေကတော့ ကျောင်းမှာ အဖွဲ့အစည်းတွေ ထောင်ပြီး တက်တက်ကြွကြွ လှုပ်ရှားလိုစိတ် ရှိပါလားလို့တောင် ပါတတ်တယ်။ ပြောင်းပြန်ပါ။ ပိတ်ပင် တားမြစ်ထားတာမျိုး လုံးဝမရှိဘူး။ ကျွန်တော်တို့ ကျောင်းအဖွဲ့အစည်းမှာ တက်ခဲ့တဲ့ ကျောင်းမှာ Myanmar Student Society (M.S.S) ဆိုတာ စထောင်တယ်။ အဖွဲ့အစည်း ထောင်ဖို့ ခွင့်ပြုတဲ့ အပြင် ဘတ်ဂျက်ပါ ထုတ်ပေးတယ်””ဟု နိုင်ငံတကာ ပညာရေး ၀န်ဆောင်မှု ဆောင်ရွက်နေသည့် LAS ရေးဝန်ဆောင်မှု လုပ်ငန်းမှ အကြီးအကဲဖြစ်သည့် ဦးကျော်ဇေယျက ပြောသည်။

နိုင်ငံတကာတွင် ပညာသင်ဆု ချီးမြှင့်ရန် ရွေးချယ်ရာတွင် လူမှုရေး အဖွဲ့အစည်းများတွင် ပါဝင်သည့် လုပ်ဆောင်ချက်များနှင့် နိုင်ငံရေး လုပ်ငန်းစဉ်များတွင် စွမ်းဆောင်ချက်များ ရှိမှသာ နိုင်ငံရေး သိပ္ပံ၊ နိုင်ငံရေး ဘောဂဗေဒ၊ လူမှုရေးသိပ္ပံ စသည့် ဘာသာရပ်များတွင် ပညာသင်ဆု ပေးခြင်းဖြစ်သည်။

ဆရာ/ဆရာမများအား ပါတီမ၀င်ရဆိုသည့် ကန့်သတ်ထားချက်များ ကိုလည်း နိုင်ငံသားတစ်ယောက်၏ ရသင့် ရထိုက်သည့် အခွင့်အရေးဟု မှတ်ယူပြီး ဥပဒေတွင်ထည့်ရန် တိုက်တွန်းရကြောင်း ရန်ကုန် စီးပွားရေး တက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုဇေယျာလွင်က မြန်မာသံတော်ဆင့် သို့ ပြောသည်။

သဇင်လှိုင်


မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

 
 

No comments:

Post a Comment