ရန်ကုန်၊ဧပြီ(၆)
ဆားလင်းကြီးမြို့နယ် ရဲစခန်းက ပယ်ချခဲ့သော်လည်း မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေး အာဏာနှင့် တရားစီရင်ရေး အာဏာများ ချို့ယွင်းအားနည်းမှု ပေါ်လွင်စေရန် ပြည်ထဲရေး ၀န်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကိုကိုနှင့် ရဲအုပ်စိုးဝင်းတို့ကို လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်ဖြိုခွင်းမှုတွင် မီးလောင် ဗုံးသင့်ခဲ့သည့်သံဃာ ၂ ပါးဖြစ်သော ဦးတိက္ခဉာဏနှင့် ဦးဝိသုဒ္ဒတို့က အဆင့်ဆင့် တရားစွဲဆိုမှုများ ပြုလုပ် သွားမည်ဖြစ်ကြောင်း တရားစွဲဆိုရာတွင် ပါဝင်ကူညီနေသည့် မြန်မာနိုင်ငံ ရှေ့နေများ ကွန်ရက်မှ ဦးအောင်သိန်းက ပြောသည်။
မီးလောင်ဗုံးသင့် ဒဏ်ရာရရှိခဲ့သည့် သံဃာတော် ၂ ပါးသည် ပြည် ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကိုကိုနှင့် ရဲအုပ်စိုဝင်းတို့ကို တရားစွဲရန် မတ်လ ၁၁ ရက်နေ့က ဆားလင်းကြီးမြို့ ရဲစခန်းတွင် အမှုဖွင့်ခဲ့မှုကို ပြည်ထဲရေး ၀န်ကြီးနှင့် ရဲချုပ်ပါဝင်နေ သည့်အတွက် အဆိုပါရဲစခန်းက လက်မခံခဲ့ပေ။
ထိုအမှုဖွင့်ဆိုမှုကို ငြင်းပယ်ခံခဲ့ရသောကြောင့် အချက်အလက် အပြည့်အစုံ စုဆောင်း၍ တရားရုံးသို့ ဦးတိုက် လျှောက်ရန် လုပ်ဆောင်ချက်များ လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ဦးအောင်သိန်းက ဧပြီ ၆ ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။
““ဒီအမှုကိုတော့ အချက်အလက် ပြန်စုဆောင်းပြီးတော့ ဒီဘက်က တိုင်ချက်ဖွင့်တဲ့ ရဲကဒုရဲချုပ်နဲ့ ပြည်ထဲရေး ၀န်ကြီးပါတဲ့အတွက် ရဲစခန်းက လက်မခံဘူးဆိုတော့ တရားရုံးဘက်ကို တစ်ခါလှည့်ပြီး ထပ်ကြိုးစားမယ် အဲ့ဒီ အပေါ်မှာ အုပ်ချုပ်ရေး အာဏာနဲ့ တရားစီရင်ရေး အာဏာဟာ ဘယ်လောက်ထိ ချို့တဲ့နေလဲဆိုတာ ပိုပေါ်နိုင်မဲ့ အနေအထားတွေ ပေါ်ပေါက်နိုင်အောင် ဆက်လက် ဆောင်ရွက်ဖို့ရှိတယ်”” ဟု ၎င်းကပြောသည်။
တရားဥပဒေဘောင် အတွင်းမှ အစွမ်းကုန် လုပ်ဆောင်သွားမည်ဖြစ်ပြီး ဥပဒေနှင့်အညီ ရသင့်ရထိုက်တဲ့ လူ့အခွင့်အရေးကို ရရှိအောင် လုပ်ဆောင်သွားမည်ဖြစ်ပြီး ဥပဒေနှင့်အညီ မလုပ်ဆောင်ပါကလည်း အစိုးရဘက်မှ တရားစွဲဆိုမှုများ ပြုလုပ်လာနိုင်ကြောင်း ဦးတိက္ခဉာဏက မိန့်သည်။
““ဦးဇင်းတို့ကို ရက်စက် ကြမ်းတမ်းစွာ အသုံးချပြီးတော့ လုပ်ကိုင်တဲ့အပေါ်မှာ ဦးဇင်းတို့က အမှုအနေနဲ့ တင်တာပေါ့လေ။ ဦးဇင်းတို့ရဲ့ လူ့အခွင့်အရေး ဥပဒေအရ ရသင့်ရထိုက်တယ်ထင်လို့ တင်တာ ငြင်းပယ်မယ် ဆိုရင်လည်း ဥပဒေကို သူတို့ငြင်းပယ်ရာ ရောက်မှာပေါ့””ဟု ၎င်းကပြောသည်။
အစိုးရ အဖွဲ့အစည်းကို တရားစွဲဆိုမှုအား လက်မခံခြင်းမှာ တရားဥပဒေနှင့် မညီကြောင်း ““အစိုးရအဖွဲ့မှာ တာဝန်အမြင့်ဆုံး ပုဂ္ဂိုလ်တွေကို တရားစွဲတဲ့အခါ သူတို့ကတော့ ဘယ်လက်ခံမလဲ ဒါပေမဲ့ ကျုပ်တို့ကတော့ အကြောင်း အချက်အလက်နဲ့ ပတ်သက်ပြီး ဖြစ်စဉ်တစ်ခုကိုတော့ တရားရုံးမှာ သိအောင်တော့ တင်ပြရမှာပဲ။ သူတို့က ချည်းပဲ တရားစွဲတာ အရေးယူတာ ဆောင်ရွက်တာကတော့ သူတို့ရဲ့လုပ်ဆောင်ချက်တွေက ဥပဒေနဲ့ညီလား၊ မညီလားဆိုတာ တရားရုံးဘက်ကို တစ်ဖန်ထပ် လှည့်ပြီး ဆွေးနွေးဖို့ရှိပါတယ်””ဟု ဦးအောင်သိန်းက ပြောသည်။
တရားဥပဒေနှင့် အမိန့်အာဏာမှာ အဓိပ္ပာယ်ချင်း ကွဲလွဲကြောင်းနှင့် အမိန့်ဆိုသည့် မှန်ကန်မှု အားနည်းသည့် အချက်ကို ကျင့်သုံးပါက မှားယွင်းမူသာ ဖြစ်သောကြောင့် အမိန့်ကို ဆန့်ကျင်ရသည့် လုပ်ဆောင်ချက် မျိုး ပြုလုပ်နေခြင်းဖြစ်ကြောင်း ဦးတိက္ခဉာဏက မိန့်သည်။
““ဥပဒေနဲ့ အမိန့်က တခြားစီပဲလေ။ ဥပဒေက မျှတတဲ့ သဘောမျိုးကို ဆောင်တာ ဖြစ်စေချင်တာလေ အမိန့် ဆိုတာ မှန်ကန်ချင်မှ မှန်ကန်မှာ မျှတချင်မှ မျှတမှာ။ ဥပဒေအရ လိုက်နာ မကျင့်သုံးဘဲ အမိန့်တွေနဲ့ ပြန်ပြီး လုပ်မယ်ဆို သူတို့မှားလိမ့်မယ် ထင်တယ်။ ဦးဇင်းတို့ဘက်ကလည်း အမိန့်တွေကို အာခံပြီးတော့ ဥပဒေအရ ဆောင်ရွက်ချင်တဲ့ သဘောကိုပြတာ””ဟုဦးတိက္ခဥာက ထပ်မံ မိန့်ကြားခဲ့သည်။
၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၉ ရက်က လက်ပံတောင်းတောင် သပိတ်စခန်း မီးလောင်ဗုံးဖြင့် ဖြိုခွင်းခံရမူ ၂ နှစ် ၄ လပြည့်ပြီ ဖြစ်သော်လည်း စုံစမ်းထုတ်ဖော်ခြင်း မရှိသည့်အတွက် မတ်လ၂၉ ရက်တွင် လက်ပံတောင်းေ တာင် ဒေသခံ ပြည်သူများက လစဉ်ဆန္ဒပြ တောင်းဆိုခဲ့ပြီး၂၀၁၅ခုနှစ်၊ မတ်လ ၂၉ ရက်တွင် ၂၈ ကြိမ်မြောက် ဆန္ဒပြ တောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။
သဇင်လှိုင်
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald
No comments:
Post a Comment