Friday, April 10, 2015

ရွှေစင်စင်္ကြာကို MNTV ပြန်တောင်းပန်

ရန်ကုန်၊ ဧပြီ ၁၀

ယာဉ်တိုက်မှုသတင်းကို အမည်မှားဖေါ်ပြခြင်းကြောင့် နစ်နာကြေး သိန်းပေါင်း တစ်သောင်း ပေးရန် ရွှေစင်စင်္ကြာယာဉ်လိုင်းက တောင်းခံပြီးနောက် MNTV ရုပ်သံလိုင်းက ဧပြီလ ၁၀ ရက်တွင် ပြန်လည်တောင်းပန်လိုက်သည်။

ဧပြီ ၅ ရက် ညပိုင်း ရန်ကုန်၊ မန္တလေး အမြန်လမ်းတွင် ခရီးသည်ယာဉ်နှစ်စီးတိုက်မိရာ "ရွှေစင်္ကြာ" အစား "ရွှေစင်စင်္ကြာ" ဟု ဖေါ်ပြခဲ့ရာ နစ်နာမှုများရှိသည်ဟု "ရွှေစင်စင်္ကြာ" က လျော်ကြေးတောင်းမှုအပေါ် MNTV က ပြန်လည်တောင်းပန်လိုက်ခြင်းဖြစ်သည်။

"သတင်းနှင့် ပတ်သက်၍ ထပ်မံအတည်ပြုချက်များ ရယူသောအခါ ဖြစ်စဉ်ဖေါ်ပြချက် သတင်း၌ ပါဝင်သွားခဲ့သည့် "ရွှေစင်စင်္ကြာ" ကုမ္ပဏီ လီမိတက်မှ ယာဉ်တစ်စီးမဟုတ်ဘဲ "ရွှေစင်္ကြာ" ယာဉ်လိုင်းမှ ယာဉ်တစ်စီးသာဖြစ်ကြောင်း သိရသည်နှင့် သတင်းစာသားကို ပြင်ဆင်၍ ပြန်လည်ထုတ်လွှင့်ခဲ့ပါသည်" ဟု ဧပြီ ၈ ရက်ထုတ် ကြေးမုံသတင်းစာတွင် ကြေညာသည်။

ထိုသို့ ထုတ်လွှင့်ခဲ့သည်ကို "မစဉ်းစား မဆင်ချင် ပေါ့ဆပျက်ကွက်မှုများအပေါ် ကျွန်ုပ်အမှုသည် ကုမ္ပဏီ၏ အရပ်ရပ် နစ်နာမှုအတွက် အထွေထွေ လျှော်ကြေး ငွေကျပ်သိန်းပေါင်း တစ်သောင်းတိတိကို ဤကြေညာသည့်နေ့မှ ခုနှစ်ရက်အတွင်း ပေးအပ်ရန် တောင်းဆိုလိုက်ပါသည်" ဟု "ရွှေစင်စင်္ကြာ" က ဧပြီ ၈ ရက်တွင် ကြေညာချက်ထုတ် တောင်းဆိုခဲ့သည်။

"ယခုကဲ့သို့ မဟာသင်္ကြန်ကာလ နီးကပ်ချိန်တွင် များပြားလာသော ခရီးသည်များ၏ မယုံကြည်မှုပြစ်တင်ဝေဖန်မှုများ ခါးစည်းခံနေရပါသည်" ဟုလည်း ကြေညာချက်တွင် ဖေါ်ပြခဲ့သည်။

MNTV ၏ ပြန်လည်ရှင်းလင်းချက်တွင်မူ "ရွှေစင်္ကြာ" အစား "ရွှေစင်စင်္ကြာ" ဟူ၍ စောလျင်စွာ ဖေါ်ပြခဲ့ခြင်းနှင့်ပတ်သက်ပြီး မိမိတို့ သတင်းအဖွဲ့အနေဖြင့် "ရွှေစင်စင်္ကြာ" ကုမ္ပဏီ လီမိတက်၏ ဂုဏ်သတင်းကို တစ်စုံတစ်ရာ ထိခိုက်စေလိုသည့် ရည်ရွယ်ချက်မရှိဘဲ ရိုးသားစွာ ဖေါ်ပြခဲ့ခြင်းသာ ဖြစ်ပါသည်ဟု ပြန်လည်ရှင်းလင်းထားသည်။

နောက်နောင်တွင် အလားတူဖြစ်ရပ်မျိုး မဖြစ်ရန်လည်း အလေးထား ဆောင်ရွက်သွားမည်ဟု MNTV က ဆိုသည်။


Credit - Mizzima News

No comments:

Post a Comment