Thursday, April 9, 2015

ဗိုလ်ချုပ်ကြေးရုပ်တု ပြည်သူ့ရင်ပြင်ပြောင်းရွှေ့ရေးအဆို ၂ နှစ်ခွဲ ကာလအထိ အစိုးရအဆင့်ဆင့် ဆောင်ရွက်မှု မရှိသေး

 ရန်ကုန်၊ဧပြီ ၇

ရန်ကုန်မြို့ ဗိုလ်ချုပ်ပန်းခြံအတွင်း ထားရှိသော ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုကို အစိုးရလက်ထက် အလိုက် အထင်ကရရှိသည့် ပြည်သူ့ရင်ပြင်သို့ ပြောင်းရွှေ့ထားရှိရေး အဆိုကို ၂၀၁၃ ခုနှစ် ရန်ကုန် တိုင်းဒေသကြီး လွှတ်တော် စတုတ္ထ ပုံမှန်အစည်းအဝေးတွင် အဆိုတင်သွင်းခဲ့သော်လည်း ၂ နှစ်ခွဲကာလ ကြာမြင့်သည်အထိ အစိုးရအဆင့်ဆင့် အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း ယင်းအဆိုကို တင်ပြဆွေးနွေးခဲ့သူ ရန်ကုန် တိုင်း ဒေသ ကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်က ဧပြီ ၇ ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုကို ပြည်သူ့ရင်ပြင်သို့ ပြောင်းရွှေ့ထားရှိရေး အဆိုကို ၂၀၁၃ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးတွင် အဆိုတင်ပြ ဆွေးနွေးခဲ့ရာ ရန်ကုန်တိုင်း မြို့တော်ဝန် ဦးလှမြင့်နှင့် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ ၂ ဦးစလုံးက ပြည်ထောင်စု အစိုးရထံ တင်ပြ ပေးမည်ဖြစ်ကြောင်း တူညီစွာ သဘောထား မှတ်ချက်ပြုခဲ့သည်။ ၎င်းအဆိုအပေါ် ဆောင်ရွက်ခြင်း မရှိ၍ ဆဋ္ဌမပုံမှန် အစည်းအဝေးနှင့် အဋ္ဌမပုံမှန် အစည်းအဝေးတို့တွင် ထပ်မံမေးမြန်းခဲ့ရာ ပြည်ထောင်စု အစိုးရထံ တင်ပြထားကြောင်း ရန်ကုန်တိုင် ၀န်ကြီးချုပ်နှင့် ရန်ကုန်မြို့တော်ဝန်တို့က ဖြေကြားထားပြီး ၂ နှစ်ကျော် ကြာမြင့်သည်အထိ ဆောင်ရွက်ခြင်းမရှိ၍ ၂၀၁၅ ခုနှစ် ဧပြီလ ပထမပတ်တွင် ကျင်းပခဲ့သော ရန်ကုန် တိုင်း ဒေ သကြီး လွှတ်တော် အထူးအစည်းအဝေးတွင် မေးခွန်း ၁၀၀တွင် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်က ထပ်မံ မေးမြန်းထားသည်။

ထိုသို့ အဆင့်ဆင့် တင်ပြဆွေးနွေးသော်လည်း ထူးခြားမှု မရှိဘဲ ပြည်ထောင်စု အစိုးရသို့ တင်ပြ ထားကြောင်း ဖြေကြားခဲ့ပြီး ဗိုလ်ချုပ်ကြေးရုပ်တု ရွှေ့ပြောင်းရေးအဆို ကြန့်ကြာနေခြင်းနှင့် စပ်လျဉ်း၍ ““ကျွန်တော်တို့က ၂၀၁၃ မှာ တင်တယ်ဆိုတာ ၂၀၁၅မှာ ဗိုလ်ချုပ်ရာပြည့်ရှိလို့ အဆိုအောင်ခဲ့ရင် ရန်ကုန် မှာ ဗိုလ်ချုပ်ရာပြည့်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပဖို့ ကြိုတင်တင်ပြတာပါ။ ဒါပေမဲ့ အစိုးရပိုင်း တာဝန်ရှိသူတွေက ဒီကိစ္စကို မသိကျိုးကျွန် ပြုနေကြတာ ၀မ်းနည်းစရာ ကောင်းတယ်။ စဉ်းစားစရာက ရန်ကုန်တိုင်း အစိုးရအဖွဲ့က တကယ်ပဲ ပြည်ထောင်စုအစိုးရကို တင်သလား။ တင်တယ် ဆိုရင် ပြည်ထောင်စုအစိုးရ လက်ထဲမှာ ဘာကြောင့် အရေးယူ ဆောင်ရွက်မှု မရှိတာလဲ။ ဗိုလ်ချုပ်နဲ့ ပတ်သက်ရမယ့်အချက် မြင်သွားပြီ””ဟု တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ဦးကျော်က ပြောသည်။

သင်္ဃန်းကျွန်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြည်သူ့လွှတ်တော် အစည်းအဝေး တွင် ငွေစက္ကူအသစ်များ ထုတ်လုပ်မည် ဆိုပါက ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံထည့်သွင်း ရိုက်နှိပ်ရန် အဆိုကို တင်သွင်းခဲ့ရာ ပြည်ထောင်စု မြန်မာနိုင်ငံဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်တင်ဦးက ဗိုလ်ချုပ်အောင်ဆန်းနှင့် အခြားသော ခေါင်းဆောင်များ၏ ရုပ်ပုံများကို အလျဉ်းသင့် သလို ဖော်ပြပေးမည် ဖြစ်ကြောင်း ဖြေကြား ခဲ့သော်လည်း ယနေ့အထိ ၁၀၀၀၀ တန်ငွေစက္ကူများနှင့် ၅၀၀၀ တန် ငွေစက္ကူအသစ်များ ထွက်ရှိလာ သော်လည်း ရုပ်ပုံပြောင်းလဲခြင်း မရှိသေးပေ။

အစိုးရ အဆင့်ဆင့်မှ ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်သည့် ဆောင်ရွက် ချက်များ အားနည်းမှု အပေါ် ““တိုင်းဒေသကြီး လွှတ်တော်မှာ တင်တယ်။ အမှန်ဆို ဒါတွေက ဆင်ဖြူတော် ဆောင်ယူရသလို ခက်ခဲတဲ့ ကိစ္စမဟုတ်ပါဘူး။ ဗိုလ်ချုပ်ကို တကယ်ချစ်တယ်ဆိုရင် တိုင်းဒေသကြီးနဲ့ ဆိုင်တယ်။ ပြည်ထောင်စုနဲ့ ဆိုင် တယ်ဆိုပြီး ဘော်လီဘော ပုတ်နေစရာ မလိုပါဘူး””ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုးက မြန်မာသံတော်ဆင့်သို့ သုံးသပ်ပြောကြားသည်။

ဝတ်ရည်နွေးနွေး


မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

No comments:

Post a Comment