Thursday, April 9, 2015

ပြည်ခိုင်ဖြိုးပါတီ ၂၀၁၅ ရွေးကောက်ပွဲဝင်ရန် ဗိုလ်ချုပ်အောင်ဆန်းကို အသုံးပြု

ရန်ကုန်၊ ဧပြီ (၆)

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီသည် လာမည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကြီးတွင် ဗိုလ်ချုပ်အောင် ဆန်း ချမှတ်ခဲ့သော မူဝါဒများကို လက်ကိုင်ပြု၍ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည် ဟု ဧပြီလ(၃)ရက် တွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ဦးသာဝင်း က မြန်မာ သံတော်ဆင့် သို့ ပြောသည်။

““ကျွန်တော်တို့ပါတီက ဗိုလ်ချုပ်မူဝါဒနဲ့ ရွေးချယ်ခံမှာပါ။ မူဝါဒဆိုတာ ဗိုလ်ချုပ်ညွှန်ကြားချက်၊ မိန့်ကြားချက်တွေ ပြောခဲ့ ဆိုခဲ့တာတွေပေါ့။ ကျွန်တော်တို့ နိုင်ငံသားတွေ လိုက်နာ ရမယ့် ညွှန်ကြားချက်၊ မိန့်ကြားချက်များတာပေါ့။ ရာခိုင်နှုန်း များ တာပေါ့””ဟု ရွေးကောက်ပွဲ ၀င်ရောက် ယှဉ်ပြိုင်မှုအပေါ် ဦးသာဝင်းက ရှင်းလင်း ပြောကြား ခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် ဗိုလ်ချုပ်အောင်ဆန်း မူဝါဒများကို လက်ကိုင်ထား ယှဉ်ပြိုင်မယ့်အပြင် ဗိုလ်ချုပ်အောင်ဆန်း၏ သားအကြီးဆုံး ဦးအောင်ဆန်းဦးကို ဒုဥက္ကဋ္ဌ နေရာထား ၍ ရွေးကောက်ပွဲ ယှဉ်ပြိုင်မည်ဟု နိုင်ငံတကာ ရုပ်သံမီဒီယာဌာနများက ရေးသားဖော်ပြ ခဲ့သည်။ ထိုသို့ ဒုဥက္ကဋ္ဌနေရာတွင် ဦးအောင်ဆန်းဦး ထားရှိမည့်အပေါ် ““ကျွန်တော်တော့ မကြားမိသေးဘူး။ မဖြစ်နိုင်ပါဘူး”” ဟု ဗဟိုကော်မတီဝင် ဦးသာဝင်းက ပြောသည်။

ပြည်ခိုင်ဖြိုးပါတီ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် အကြောင်း အရာများအပေါ် ပြည်ခိုင်ဖြိုးပါတီ ရန်ကုန်တိုင်း တောင်ပိုင်းခရိုင် ဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုဥက္ကဋ္ဌ ဦးတင်အောင်ကို မြန်မာ သံတော်ဆင့်မှ မေးမြန်းခဲ့သော်လည်း ၎င်းအနေဖြင့် ပြောဆိုရန် ငြင်းပယ် ခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီသည် လာမည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် အများစုအောင်နိုင်ရေး အတွက် ဗိုလ်ချုပ်အောင်ဆန်းမူဝါဒကို အသုံးချခြင်း ဖြစ်နိုင်ကြောင်း၊ ယခုကဲ့သို့ ဗိုလ်ချုပ်မူဝါဒ အသုံးပြု ကာ ပြည်သူလူထု၏ ယုံကြည်မှုကို တည်ဆောက်၍ ယခင်စစ်အစိုးရ အာဏာရှင်စနစ် တည်မြဲစေရန် နည်းပရိ ယာယ် တစ်ခုတည်းဟုသာ ထင်မြင်ယူဆရကြောင်း နိုင်ငံရေးပါတီများနှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများ က ဝေဖန် သုံးသပ်ခဲ့ကြသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ယခင်စစ်အစိုးရ လက်ထက်တွင် တာဝန် ထမ်းဆောင်ခဲ့သော စစ်အာဏာရှင် ပုဂ္ဂိုလ်များ ပါဝင်ဖွဲ့စည်းထားပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် မဲအပြတ်အသတ် အနိုင်ရရှိခဲ့ကာ မဲမသမာမှုများ၊ ကြိုတင်မဲ လိမ်လည်မှုများစသည့် ကိစ္စရပ်များစွာ ဖြစ်ပွားခဲ့သည်။ ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် တစ်ဖက်ပါတီဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို အပြတ်အသတ် ရှုံးနိမ့် ခဲ့ သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီမှ ဒုဥက္ကဋ္ဌ(၃)ဦးဌေးဦး အပါအ၀င် အခြားသော ဗဟိုကော်မတီဝင် များကို ဆက်သွယ် မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပေ။

ဝတ်ရည်နွေးနွေး


မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

 
 

No comments:

Post a Comment