Thursday, April 9, 2015

တာဝန်ရှိလူကြီးမင်းများသို့ – ပေးစာ

 ၁။ ပြည်ထောင်စုအစိုးရအဖွဲ့၊ နေပြည်တော်

၂။ အဂတိလိုက်စားမှုကို တိုက်ဖျက်ရေးကော်မရှင်နှင့် တာဝန်ရှိ လူကြီးမင်းများသို့ …

ကျွန်တော်အာရကန် မောင်လှ(ခ) ဦးအောင်သန်းနုက လေးစားရိုသေစွာဖြင့် အယ်ဒီတာမှတစ်ဆင့် နိုင်ငံတော် အကြီးအကဲများ၊ တာဝန်ရှိ ပုဂ္ဂိုလ်များထံ တိုင်ကြား တင်ပြအပ်ပါသည်။ ကျွန်တော်သည် မြန်မာ့ဆိပ်ကမ်း အာဏာပိုင် စစ်တွေ ဆိပ်ကမ်းတွင် ၁၉၈၂-ခု မတ်လဆန်းက အလုပ်စတင် ၀င်ရောက်ခဲ့ပါသည်။ ကျွန်တော်သည် ဌာနတွင်း ဌာနလူကြီးများက ချစ်ခင်မှု၊ အရေးပေးမှု၊ အားကိုးမှုဖြင့် ဌာန၀န်ထမ်း စည်းလုံး ညီညွတ်မှု၊ ဌာနတိုး တက်အောင်
အဘက်ဘက်မှ ဆောင်ရွက်မှုများတွင် မိမိ၏ ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသရွေ့ တက်ကြွစွာဖြင့် ဌာန ၀န်ထမ်းဘ၀အား ပျော်ရွှင်မှုအပေါင်းဖြင့် ဖြတ်သန်းခဲ့ပါသည်။ ၂၀၀၄-ခုနှစ်ပိုင်း စစ်တွေ ဆိပ်ကမ်း သို့ ရောက်ရှိ လာသည့် ပြည်နယ်ဆိပ်ကမ်း အရာရှိတစ်ဦး၏ ၎င်း၏ မသမာသော ကိုယ်ကျိုးစီးပွား အတွက်ဌာန တစ်ခုလုံးကို ဖြိုခွဲအုပ်ချုပ်ကာ ဌာနပိုင်ငွေများအား မတရားခိုးယူခြင်း၊ ဌာနပိုင်ပစ္စည်းများ ခိုးယူခြင်း၊ ငွေကြေး အလွဲသုံး စား ပြုလုပ်ခြင်း၊ လာဘ်ပေး လာဘ်ယူ ပြုလုပ်ခြင်းနှင့် ၀န်ထမ်းထုတစ်ရပ်လုံး စည်းလုံးမှု ပျက်ပြား သွားအောင် ပြစ် မှုပေါင်း မြောက်မြားစွာ ကျူးလွန်ခဲ့ပါသည်။ အဆိုပါ ပြစ်မှုများကို ယခု လက်ရှိပြည်နယ် ဆိပ်ကမ်း အရာရှိနှင့် ၀န်ထမ်းအချို့လည်း ထပ်တူထပ်မျှ ကျူးလွန်လျက် ရှိနေပါသည်။ ၎င်း ပြစ်မှုပေါင်းစုံကို အထက်သို့ တင်ပြခဲ့၍ ကျွန်တော်လည်း ဘ၀ပျက်ခဲ့ရပါသည်။

ဖော်ပြပါ အကြောင်းကိစ္စများကို သိရှိနိုင်စေရန် အရေးယူ ဆောင်ရွက်နိုင်စေရေးတို့အတွက် ၃၀- ၁၂-၂၀၁၄ ရက်စွဲ၊ ၂၇-၂- ၂၀၁၅ ရက်စွဲ၊၃-၃-၂၀၁၅ ရက်စွဲဖြင့် နိုင်ငံတော် သမ္မတကြီးနှင့် နိုင်ငံတော် အစိုးရအဖွဲ့၊ လွှတ်တော် ဥက္ကဋ္ဌကြီးများနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်နှင့် ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ၊ နိုင်ငံတော် တရားသူကြီးချုပ်နှင့် ရှေ့နေ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၊ မြန်မာနိုင်ငံ အမျိုး သား လူ့အခွင့်အရေး ကော်မရှင်၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဒေသ အာဏာပိုင်များသို့ လေးစား ရိုသေစွာ တင်ပြတိုင်ကြား ထားရှိပြီးလည်း ဖြစ်ပါသည်။

နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်၏ ပွင့်လင်းမြင်သာသော ဒီမိုကရေစီ ဟုခေါ်သော အစိုးရလက်ထက်တွင် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေစိုးမိုးရေး၌ ကျွန်တော်တို့ ၀န်ထမ်း ပြည်သူများအတွက် (၁) အမှန် တရားများ လုံးဝ(လုံးဝ) ပျောက်ဆုံးနေပါသည်။ (၂) ရေနစ်သူကို ၀ါးကူ၍ ကယ်ဆယ်ရမည့်အစား ၀ါးကူ၍ နှစ်သတ်ခြင်း ခံနေရပါသည်။(၃) မဏ္ဍိုင်ကြီး (၃)ရပ်လုံး၌ ခေါက်ရိုး အထပ်ထပ် ကျိုးနေပါသည်။ သို့ဖြစ်ပါ၍ နိုင်ငံတော် အစိုးရ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ပေးပါရန် အယ်ဒီတာ သံတော်ဆင့်ဂျာနယ်မှ တစ်ဆင့် တင်ပြတိုင်ကြား လိုက်ပါသည်။

လေးစားစွာဖြင့်

အာရကန်မောင်လှ(ခ) ဦးအောင်သန်းနု

ဒု-ကုန်ကြပ် (၀န်ထမ်းဟောင်း) စစ်တွေဆိပ်ကမ်း


မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

No comments:

Post a Comment