ရန်ကုန်၊ ဧပြီ ၆
ရွေးကောက်ပွဲ ကော်မရှင် အသစ်ပြန်လည် ဖွဲ့စည်းရန် လက်မှတ်ရေးထိုး ဆန္ဒထုတ်ဖော်မှု စုစုပေါင်း လက်မှတ် ၁၂၀၀ ကျော် ရရှိပြီ ဖြစ်သောကြောင့် သင်္ကြန်အပြီးတွင် ပထမအသုတ်အဖြစ် သမ္မတနှင့် ပြည်သူ့လွှတ်တော် ထံသို့ ပေးပို့တင်သွင်း သွားမည်ဖြစ်ကြောင်း ပြည်သူ့ လှုပ်ရှားမှု မြှင့်တင်ရေးကွန်ရက်၊ တွဲဖက်တာဝန်ခံ ဦးကြည်လင်းက ဧပြီ (၆)ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။
ရွေးကောက်ပွဲ ကော်မရှင် အသစ်ပြန်လည် ဖွဲ့စည်းရန် လက်မှတ်ရေးထိုး ဆန္ဒထုတ်ဖော်မှုကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ကတည်းက စတင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ် ဇန်န၀ါရီလတွင် ဒုတိယ
အကြိမ် လုပ်ဆောင်ခဲ့ကာ ယခုတတိယအကြိမ်အဖြစ် ဧပြီလ ၅ ရက်နေ့က တာမွေမြို့နယ် မေတ္တာညွန့် ရပ်ကွက် ကျောက် တန်းခန်းမ တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
““အရင်(၂)ပွဲ လုပ်ထားတာက ၁၀၀၀ ကျော် မနေ့ကပွဲ က၂၀၀ ကျော်ရပါတယ်။ ၂၀၀၀ ကျော်လောက်တော့ မှန်းထားတယ်။ စောစောစီးစီး လုပ်နိုင်ရင်တော့ သင်္ကြန်ပေါ့။ နောက်ကျရင် ဇူလိုင်လလောက်ပေါ့။ သင်္ကြန် ပြီးလောက်မှာ ပထမတစ်သုတ် တင်ဖို့ စဉ်းစားထားတယ်။ လက်မှတ်တွေက ရပ်ကွက်ထဲထိ ဆင်းရတယ်။ လက် ဖက်ရည်ဆိုင်ထိ ဆင်းရတယ်ဆိုတော့ အချိန်ယူရတယ်လေ။ ဒါကြောင့် ဇူလိုင်လ လောက်မှာ နောက် တစ်သုတ် ထပ်တင်သွားမှာပါ”” ဟု ဦးကြည်လင်းက ပြောသည်။
လက်ရှိ ရွေးကောက်ပွဲ ကော်မရှင်သည် ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေနှင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ပြည်ထောင်စု လွှတ်တော်မှ ၂၀၁၂ ခုနှစ်တွင် အသစ်ပြန်လည် ပြဋ္ဌာန်းလိုက်သော ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေပုဒ်မ ၅ နှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ပုဒ်မ ၃၉၈(ခ)နှင့် ကိုက်ညီမှု မရှိသောကြောင့် ရွေးကောက်ပွဲ ကော်မရှင် အသစ်ပြန်လည် ဖွဲ့စည်းပေးရန် တောင်းဆို နေကြခြင်းလည်း ဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၃၉၈ (ခ)နှင့်၂၀၁၂ ခုနှစ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥပဒေပုဒ်မ ၅ အရ ကော်မရှင် ဥက္ကဋ္ဌသို့ အဖွဲ့ဝင်သည် ပြည်ထောင်စု တရားသူကြီးချုပ်(သို့) ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး အဖြစ်ဖြစ်စေ၊ တိုင်းဒေသကြီး (သို့) ပြည်နယ်တရားလွှတ်တော် တရားသူကြီး အဖြစ်ဖြစ်စေ တစ်ခုခုတွင် အနည်းဆုံး ၅ နှစ် ဆောင်ရွက်ခဲ့သူ (သို့) တိုင်းဒေသကြီး (သို့) ပြည်နယ် အဆင့်ထက် မနိမ့်သော တရားရေးအရာရှိ (သို့)ဥပဒေ အရာရှိ ရာထူးတွင် အနည်းဆုံး တာဝန် ထမ်းဆောင်ခဲ့သူ(သို့) တရားလွှတ်တော် ရှေ့နေအဖြစ် အနည်း ၂၀ နှစ် အမှုလိုက်ပါ ဆောင်ရွက်ခဲ့သူ (သို့)ထင်ပေါ် ကျော်ကြားသည့်ဂုဏ် သတင်းရှိသော ပုဂ္ဂိုလ်အဖြစ် နိုင်ငံတော် သမ္မတက ယူဆသူဖြစ်ရမည်ဟု ပြဋ္ဌာန်းထားသည်။
လက်ရှိ ရွေးကောက်ပွဲ ကော်မရှင်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မညီသောကြောင့် အသစ်ပြန်လည် ဖွဲ့စည်းပေးရန် အသင်းအဖွဲ့များနှင့် ဥပဒေပညာရှင်များမှ တောင်းဆိုလျက် ရှိကြသော်လည်း မတ်လ ၂၆ ရက်နေ့ ရက်စွဲဖြင့် ရွေးကောက်ပွဲ ကော်မရှင်ကို တိုင်းရင်းသား ၈ ဦးဖြင့် တိုးချဲ့ဖွဲ့စည်းရန် သမ္မတ ဦးသိန်းစိန်က မတ်လ ၃၀ ရက်နေ့တွင် ပြု လုပ်သော ပြည်ထောင်စု လွှတ်တော် ၁၂ကြိမ်မြောက် အစည်အဝေးသို့ သ၀ဏ်လွှာ ပေးပို့ခဲ့ပြီး ဧပြီလ ၃ ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ် ၁/၂၀၁၅ ဖြင့် အတည်ပြု ခန့်အပ်ခဲ့သည်။ သမ္မတ ခန့်အပ်ခဲ့သူများတွင် ယခင်နယက လက်ထက် ပထမဆုံး ဖွဲ့စည်းပေးခဲ့သည့် ရွေးကောက်ပွဲ ကော်မရှင် မှ အချို့ပုဂ်္ဂိုလ်များ ပြန်လည် ပါဝင်လာခြင်းအတွက် ဝေဖန်မှုများလည်း ရှိနေသည်။
““၂၀၁၀ ရွေးကောက်ပွဲက လုံးဝကို တရားမျှတမှု မရှိခဲ့ဘူး။ လုပ်ချင်ရာ လုပ်သွားတာ ၂၀၁၀ ရွေးကောက်ပွဲမှာ ပါလာခဲ့တဲ့ ပုဂ္ဂိုလ်တွေ ပြန်ပါလာတော့ ဘ၀င်တော့ မကျဘူးပေါ့ ဗျာ။ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်း လက်ထက်တည်းက လုပ်ပုံကိုင်ပုံကို သဘောမကျဘူး။ ကြိုတင်မဲတွေကို လုပ်ချင်တာ လုပ်ရအောင် သူ့လူ သူထည့်တဲ့ အပိုင်းတွေ။ ဦးစိုးသိန်း လက်ထက်က ပုဂ္ဂိုလ်တွေ ပြန်ပါတော့ မပြေးသော်လည်း ကန်ရာရှိပေါ့။ လုပ်မယ် မလုပ်မယ် မသေချာသော်လည်းဘဲ လူဒီလောက်ပဲ ရှားသလားလို့ ပြန်မေးချင်ပါတယ်။ ဒီအချိန်စု ပေါင်းစပ်ပေါင်းတွေ ပါလာတာတော့ မကောင်းဘူး ပြည်သူ့ဘက်က မားမားရပ်မဲ့ ပုဂ္ဂိုလ်တွေ ပါလာရင်တော့ အကောင်းဆုံးပေါ့။ တရားမျှတမှုကို လိုချင်တယ်”” ဟု အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက မြန်မာသံတော်ဆင့်သို့ ပြောသည်။
နေမျိုးဝင်း
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald
No comments:
Post a Comment