ဒီအစိုးရလုပ်တဲ့ Format က ဘာလဲဆိုရင် နံပါတ်တစ် ကျောင်းသားကို ၂ ခြမ်းကွဲအောင်လုပ်မှာပဲ။ NLD တို့ အတိုက်အခံအဖွဲ့ကိုလည်း ၂ ခြမ်းကွဲအောင် လုပ်မှာပဲ။ လူမျိုးစုတွေကိုလည်း ၂ ခြမ်းကွဲအောင် လုပ်မှာပဲ။ ၂ ခြမ်းကွဲခြင်း၊ မကွဲခြင်းက အရေးကြီးတယ် . . .
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ရန်ကုန်၊ ဧပြီ ၁
မြန်မာ့နိုင်ငံရေးနှင့် စာပေစာနယ်ဇင်း လောကတွင် သြဇာကြီးသော၊ ၈၈ လူထု အရေးတော်ပုံကြီးတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုဦးစီးအဖွဲ့ဝင်ဟောင်း၊ စာရေးဆရာ၊ သတင်းစာ ဆရာကြီး တစ်ဦးဖြစ်သူ ဦးမိုးသူ(ဘကြီးမိုး)နှင့် တွေ့ဆုံ၍ လက်ရှိမြန်မာ့နိုင်ငံရေး အခြေအနေ၊ ၂၀၁၅ ရွေးကောက်ပွဲ သုံးသပ်မှု၊ အစိုးရနှင့် အာဏာလက်ကိုင်အုပ်စု၏ အပြုအမှုများ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ လက်ရှိနိုင်ငံရေး အားသာချက်၊ အားနည်းချက်များ၊ လက်ရှိ သတင်းမီဒီယာ လောကအပေါ် ရှုမြင် သုံးသပ်မှုများ စသည်ဖြင့် ပြောကြားခဲ့မှုများအား ဖော်ပြအပ်ပါသည်။
● တိုင်းရင်းသားတွေနဲ့ နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်လာနိုင်စရာရှိပါ့မလား။ အခုမှ အပစ်ရပ်မူကြမ်း သဘောတူ နိုင်တာ ဆိုတော့။
အခု ငါစဉ်းစားမိတာက တစ်ခုက အပစ်အခတ်ရပ်စဲရေး စာချုပ်ကို လက်မှတ်ရေးထိုးတာ မူကြမ်းကို သဘောတူတယ် ဆိုတာတောင် ဘယ်သူ့ဖိအားနဲ့ သဘောတူတာလဲ။ သူတို့စိတ်ရင်း စေတနာနဲ့သဘော တူတာကော ဟုတ်ရဲ့လားလို့ ငါသံသယ ရှိတယ်။ ဖိတဲ့အထဲမှာ တရုတ်ပါသလား။ တရုတ်တွေ အရေးကြီးတဲ့ အခန်းကဏ္ဍမှာပါတယ်။ တရုတ်ကလည်း တော်တော် အခြေအနေ ဆိုးသွားပြီ။ သူကလည်း စစ်တပ် နဲ့ ပေါင်းပြီးတော့ မြန်မာပြည် စီးပွားရေးတွေ အကုန်လုပ်ခဲ့တယ်ဆိုတော့ နာမည် ပျက်တွေ အကုန်လုံး နဲ့ ဖြစ်နေ တယ်။ တရုတ်အစိုးရကလည်း ဒါကို မခံနိုင်တော့ဘူး။ သူလည်းပြင်ဖို့ ကြိုးစားတယ်။ သူက ပြင်ဖို့ ကြိုးစားပေမယ့် တရုတ်စီးပွားရေးသမား၊ မြန်မာပြည် စစ်အစိုးရများနဲ့ ပူးပေါင်းပြီးတော့ မဟုတ်တာတွေ လုပ်တာသိပ်များသွားေ တာ့ ပြန်ပြင်ဖို့က သူကသိပ်ခွကျသွားတယ်။ တရုတ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေဖို့ အရမ်းကြိုးစားတယ်။ အရင်တုန်းက ဒီလို မစဉ်းစားပေမယ့် အခုစဉ်းစားရတော့မယ်။ တရုတ်သည် အခု လောက်ကိုင်တို့ ကိစ္စမှာ တရုတ်က တိုက်ရိုက် ထိပါးလာပြီ။ တိုက်ရိုက် ထိပါးလာတဲ့အခါ မခံနိုင်ဘူးဖြစ်သွား တယ်။ မခံနိုင်တဲ့အခါ တရုတ်မှာလည်း အမျိုးမျိုးရှိတယ်။ ယူနန် တရုတ်နဲ့ ပြည်မတရုတ်နဲ့ မတူဘူးလေ။ ယူနန်တရုတ်က မြန်မာပြည်စီးပွားရေးကို ချုပ်ကိုင်ထားတယ်။ တရုတ်က အစိုးရလေ။ အစိုးရနဲ့ ယူနန်က တခြားစီလေ။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ အာဏာခွဲဝေမှုကလည်း လုပ်ထားပြီး သား ဖြစ်နေတဲ့အခါကျတော့ နိုင်ငံရေး ပြဿနာတွေက အမျိုးမျိုး ရှုပ်ထွေးနေတယ်။ အခုအတွင်းဝန်များ ခန့်သင့်၊ မခန့်သင့် ပြဿနာက ပေါ်လာပြီ။ အတွင်းဝန် ခန့်တယ်ဆိုတာက ယန္တရားကို အသေကိုင်လိုက်တဲ့ သဘော။ အတွင်းဝန်က နောက်ကျန်ခဲ့မှာလေ။ အစိုးရပြောင်းရင် အတွင်းဝန်တွေက ကျန်ခဲ့မှာလေ။ အဲဒီတော့ ကိုယ်လူတွေ ကျန်ရစ်ခဲ့ဖို့ အရေးကြီးနေတယ်။ ကိုယ့်လူတွေဆိုတာကလည်း စစ်တပ်ကခန့်တဲ့လူ တွေချည်း ပဲ။ ရွေးကောက် ပွဲ ကော်မရှင်ဆိုတာပဲ စဉ်းစားကြည့်။ နောက်တစ်ခုက အင်မတန် ရီစရာ ကောင်းတယ်။ စုံစမ်းရေး ကော်မရှင် ဖွဲ့တယ်။ စုံစမ်းရေးကော်မရှင် ဘယ်သူတွေ ဖွဲ့တာတုန်းဆိုတော့ သူတို့လူတွေချည်းပဲ။
● နောက်တစ်ခုက ခုနဘဘပြောတဲ့ အထဲမှာလည်း ပါပါတယ်။ အဓိကကတော့ ဒီမိုကရက်တစ် အတိုက်အခံလို့ ပြောသော်လည်း လက်ရှိလူထုပါတီက NLD ဖြစ်နေတာပေါ့။ လက်ရှိ NLD ဘက်က အားနည်းချက်တွေ ဘဘ ပြောသလိုပဲ ၆ ပွင့်ဆိုင်၊ ၄ ပွင့်ဆိုင် ဆွေးနွေးရေးတွေလည်း မအောင်မြင်ဘူး။ အခုထိလည်း မအောင်မြင် သေးဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကလည်း ဇာတ်မျောကြီး ဖြစ်နေတယ်ပေါ့။ ပြည်သူဘက် ကလည်း လက်မှတ်ထိုးထားတဲ့ ၅ သန်းက ဘာလုပ်ရမှန်း မသိဘူး ဖြစ်နေတယ်ပေါ့။ အဲဒီအပြင် လက်ရှိ ကျောင်းသား အရေးအခင်းကိစ္စမှာလည်း NLD ဘက်က တော်တော်ကို အားနည်းခဲ့တယ်လို့ ပြောရမှာပေါ့။
အားနည်းတာထက် NLD ဘက်ကလည်း သူတို့လည်း စမလုပ်တာနေမှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ NLD က သိန်းလွင် ကိစ္စပဲကြည့်လေ၊ တရားခံစာရင်းထဲမှာ အပါမခံနိုင်ဘူး ဖြစ်နေတယ်။ နောက်ကမြှောက်ပေး တာ NLD လို့ အပြောမခံနိုင်ဘူး ဖြစ်နေတယ်။ အဲဒါကိုကြောက်လို့ သိန်းလွင်တောင်မှ NLD တာဝန်ကနေ ရပ်ဆိုင်း လိုက်တယ်။
● တစ်ခုရှိတာက လူထုကလည်း အဲဒါကိုပဲ ပြောနေကြတာပေါ့။ တစ်လျှောက်လုံး အတိုက်အခံ အနေနဲ့ရော အစိုးရနဲ့ ပြတ်ပြတ်သားသား ရပ်တည်လာခဲ့ပြီးတော့ အခုမှ အပြောခံရမှာတို့၊ တရားခံ အရှာခံရမှာတို့ ကြောက်လို့ မလုပ်ဘူးဆိုတဲ့ အပေါ်မှာလည်း လူထုကလည်း ဝေဖန်မှုတွေ ရှိနေတာပေါ့။
အဲဒါပြောတာပေါ့။ လူထုက ဝေဖန်မှုတွေကတော့ အများကြီးပေါ့ကွာ။ NLD ပါတီရဲ့ အားနည်းချက်ထဲမှာ ဒါတွေပါတယ်။ ကိုယ့်ပေါင် ကိုယ်လှန်မထောင်းချင်လို့။ ဘာလဲဆိုတော့ မတတ်နိုင်ဘူး။ နည်းနည်းလေး၊ အခြေအနေလေး အချိန်အခါလေး ၂၀၁၅ ဘာဖြစ်မယ်ဆိုတာ မပြောနိုင်သေးဘူး။ ၂၀၁၅ ဖြတ်သန်းပြီး သူတို့အားနည်းနည်း ဘယ်သူ့အားနည်းနည်း ကိုယ့်ဘက်က အားနည်းတာတွေ အကုန်လုံးကို ဖယ်ချ ထားလိုက်။ ဘာလို့ဆို ၂၀၁၅ တကယ်တမ်း ရွေးကောက်ပွဲ ဖြစ်၊ မဖြစ် မပြောနိုင်ဘူး။ ရွေးကောက်ပွဲ ဖြစ်လို့ရှိရင် ငါတို့ ဘယ်လိုလုပ်ကြမလဲ။ အဲဒီဟာလေးပဲ အာရုံစိုက်ပြီးတော့ ကျန်တဲ့ဟာတွေ မပြောတော့ဘူး။ ပြောချင်တဲ့ အကြောင်းအရာက အဲလောက်ပဲ။ ၂၀၁၅ ဆိုတာ သိပ်မဝေးတော့ဘူး။ နိုဝင်ဘာဆိုရင် ဘယ်နှလပဲ လိုတော့လဲ အခုပဲ ဧပြီရောက်နေပြီ။ ၇ လပဲ ကျန်တော့တယ်။ အခုပဲ ရွေးကောက်ပွဲ လုပ်မယ်ဆိုပြီး မဲစာရင်းတွေ အကုန်လုံး ကောက်ပြီးပြီလား။ မကောက်ရသေးဘူး။ ငြိမ်းချမ်းရေးကို တကယ်ရပြီလား။ မရသေးဘူး။ သူတို့ရဲ့ ဒီအစိုးရ လုပ်တဲ့ Format က ဘာလဲဆိုရင် နံပါတ်တစ် ကျောင်းသားကို ၂ ခြမ်းကွဲအောင် လုပ်မှာပဲ။ NLD တို့ အတိုက်အခံ အဖွဲ့ကိုလည်း ၂ ခြမ်းကွဲအောင် လုပ်မှာပဲ။ လူမျိုးစုတွေကိုလည်း ၂ ခြမ်းကွဲအောင် လုပ်မှာပဲ။ မွန်ကိုလည်း ၂ ခြမ်းကွဲအောင် လုပ်မယ်။ ကရင်ကိုလည်း ၂ ခြမ်းကွဲအောင်လုပ်မယ်။ ချင်းလည်း ၂ ခြမ်းကွဲ အောင်လုပ်မယ်။ ကချင်လည်း ၂ ခြမ်းကွဲအောင် လုပ်မယ်။ စစတည်းက ၂ ခြမ်းကွဲအောင် လုပ်မှာ သူ့ရဲ့အဓိက လုပ်ရပ်ပဲ။ အဲဒီတော့ သူကတော့ လုပ်မှာပဲ ၂ ခြမ်း ကွဲအောင် NLD လည်း အဲလိုလုပ်မှာပဲ။ NLD အားနည်း ချက်ပေါ့။ အဲဒီတော့ ၂ ခြမ်းကွဲခြင်း၊ မကွဲခြင်းက အရေးကြီးတယ်။ Main Target က ဘာတုန်း။ NLD ကို မကြိုက်ဆုံးလို့ ပြောကြတဲ့အထဲမှာ ဦးဝင်းတင်ရယ်၊ ကိုစိန်ဝင်းရယ်၊ ငါရယ် ၃ ယောက်က NLD ကို မကြိုက်ဆုံး ပြောတယ်။ ဒါပေမဲ့ ကြိုက်တာ၊ မကြိုက်တာနဲ့ မဆိုင်ဘူး။ အရေးကြီးတဲ့ ပြဿနာက အဓိကရန်သူကို တိုက်ဖို့ပဲ။ ရန်သူကိုနိုင်အောင် တိုက်ပစ်ရမယ်။ နိုင်အောင်တိုက်ဖို့ဆိုတာ အင်အားသိပ်ကောင်းဖို့လိုတယ်။ အင်အားသိပ် ကောင်းဖို့ဆိုရင် ကိုယ့်ဘက်က အားနည်းတာတွေကို အသာလေးဖုံးထား။ Target က တစ်က ရွေးကောက်ပွဲ လုပ်ဖြစ်ဖို့ပဲ။ လုပ်ဖြစ်လို့ရှိရင် ဘယ်နည်းနဲ့ဖြစ်ဖြစ် ပြည်မမှာ ဒီမိုကရေစီ အင်အားစုက နိုင်ရမယ်။ ပြည်နယ် တွေမှာ လူမျိုးစုတွေက နိုင်ရမယ်။ ဒါမှ ဘယ်လိုပဲ သူ့ဟာသူ ၂၅ ပဲဖြစ်ဖြစ် ငါတို့က ၇၅ Majority ရထားလို့ရှိရင် ဘာပဲ ဖြစ်ဖြစ် ပြောင်းလဲလို့ရပြီ။ သူတို့ရော ရွေးကောက်ပွဲ လုပ်ရဲရဲ့လား။ လုပ်မှာပါ။ ရခိုင်ကိစ္စရှိသေးတယ်။ ရခိုင်ကိစ္စ ခုထက်ထိ ဖြေရှင်းလို့ မရသေးဘူး။ ရခိုင်ကို ဘယ်သူစတာတုန်း ဒီလူတွေကို သူတို့သွင်းလာတာပဲ။ ရခိုင်က မြင်သာထင်သာ ရှိသေးတယ်။ တရုတ်က သွင်းတာပိုဆိုးတာပေါ့။ မန္တလေးအထိ ရောက်နေပြီ ဒီလူတွေ။
● ရွေးကောက်ပွဲ လုပ်ဖြစ်တာ မလုပ်ဖြစ်တာက တစ်ပိုင်း၊ ရွေးကောက်ပွဲ လုပ်ဖြစ်ခဲ့သည်ရှိသော် အားလုံးက စိုးရိမ်နေတဲ့ အင်အားစုကတော့ စစ်တပ်ရဲ့ ပါဝင်ပတ်သက်မှုပေါ့။ ဒီရွေးကောက်ပွဲမှာ စစ်တပ်က ဘယ်လို အနေအထားနဲ့ နေမှာလဲဆိုတဲ့ အပေါ်မှာ တော်တော်များများက စိုးရိမ်ပူပန်မှုတွေ ရှိကြတယ်။
စစ်တပ်က မတ်လ ၂၇ ရက်နေ့ကပဲ ပြောတယ် တရားမျှတစွာနဲ့ ဘက်မလိုက်ပဲ ဆောင်ရွက်ဖို့ ပြောတယ်။ စစ်တပ်ကလည်း အဲလိုမှ မပြောရင် ပြောစရာမရှိဘူး။ ဒါပေမဲ့ ခုနတုန်းကပြောတာ ပြန်ချုပ် လိုက်လို့ရှိရင် အရေးကြီးတာက လေနဲ့ ပြောလို့မရဘူး။ အလုပ်နဲ့ပြဖို့လိုတယ်။ အလုပ်နဲ့ မပြခဲ့နိုင်လို့ ဒီပြဿနာပေါင်းစုံ တက်တာ။ ဒီရွေးကောက်ပွဲကာလမှာလည်း စစ်တပ်ကသော်လည်းကောင်း၊ အစိုးရက သော်လည်းကောင်း လေနဲ့ ပဲ ပြောလို့မရဘူး။ တရားမျှတမှုဖြစ်တာတို့၊ ခိုင်မာတာတို့၊ မှန်မှန်ကန်ကန် ဖြစ်ဖို့တို့ သူတို့လည်း လုပ်နေ တာပဲလေ။ ရွေးကောက်ပွဲ လေ့လာရေး ကော်မရှင်တွေ နိုင်ငံ တကာက ကြည့်ခွင့်ပေးပါတယ်။ အဲလို လုပ်ထား တဲ့အခါမှာ ဒါကိုယ့်ရှူး ကိုယ်ပတ်တာနော်။ မီဒီယာတွေကို ဖွင့်ပေးလိုက်တဲ့အတွက်၊ နောက် တစ်ခုက လူတိုင်း၊ လူတိုင်းမှာ လက်ကိုင်ဖုန်းရှိရင် ဓာတ်ပုံရိုက်လို့ရတယ်။ ဓာတ်ပုံရိုက်လို့ရတာနဲ့ ဓာတ်ပုံက အထောက်အထားပဲ။ တုတ်နဲ့ မရိုက်ဘူး ပြောပေမယ့် ဓာတ်ပုံတွေထဲမှာ ရိုက်နေတာပဲ။
● အရွေ့တစ်ခုကနေ အပွင့်တစ်ခုဖြစ်လာတာက နိုင်ငံရေးသဘောအရပဲ။
ဘာလို့ဆိုစဉ်းစားကြည့်၊ အယ်ဂျာဆီးရားကြောင့် ရွှေဝါရောင်က နည်းနည်းပေါ်လာတာ။ အယ်ဂျာဆီးရား မရှိခဲ့ရင်၊ ငါတို့ ၈၈ တုန်းက ဘာပေါ်ခဲ့လို့တုန်း။ ငါတို့အကုန်လုံး စုတ်ပြတ်အောင် ခံခဲ့ကြရတာ။ ၈၈ တုန်းက ငါတို့ခံရတာဖြစ်ပြီးတော့ မပေါ်လွင်ခဲ့ဘူး။ ရွှေဝါရောင်ရဲ့ ကုသိုလ်ကံက ရွှေဝါရောင်မှာ အယ်ဂျာဆီးရား ရှိနေပြီ။ အယ်ဂျာဆီးရားမရှိရင် ရွှေဝါရောင်က ပေါ်ကို မပေါ်ဘူး။ အခုဟာက မင်းတို့မီဒီယာတွေရှိလို့ ကျောင်းသား အရေးအခင်းတို့၊ လက်ပံတန်းတို့၊ မြို့တော်ခန်းမရှေ့တို့က မီဒီယာတွေ ပွင့်လင်းလာလို့၊ မီဒီယာတွေ လုပ်လို့ ရလာလို့ ဒါတွေ ပေါ်လာတာ။ Documentary ပဲ။ အချက်အလက်နဲ့ ပြောလို့ရတယ်။ အခုကုန်ကုန် ပြောရရင် ဒီရက်ထဲမှာ DVB ကနေပြီးတော့ ဒီဘိတ်မှာ တို့ပြည်တို့မြေကို ပြောလိုက်တဲ့ အခါမှာ ရောက်လေရာ အရပ်၊ ဖားကန့်လည်း ဖားကန့်ပေါ့။ ထားဝယ်လည်း ထားဝယ်မို့လို့ ဘယ်နေရာမဆို စစ်အုပ်စုနဲ့ ခရိုနီနဲ့ပေါင်းပြီးတော့ ပြည်သူ လူထု ကို နှိပ်စက်နေတယ်ဆိုတာ ပေါ်လာတယ်။ ဘယ်ဟာမှ ဖုံးလို့ မရဘူး ပေါ်မှာပဲ။
● ခုန ဘဘပြောတဲ့အထဲမှာလည်း ပါသလိုပေါ့။ လက်ရှိ အတိုက်အခံဘက်မှာတော့ အားနည်းချက်၊ အားသာချက် ကတော့ နှစ်ခုရှိနေတာပေါ့။ အားနည်းချက်ကတော့ ဒီဘက်က နိုင်ငံရေး စီမံခန့်ခွဲမှု ညံ့ဖျင်းတာပေါ့လေ။ အားသာချက်ကတော့ လူထုက ဘာပဲဖြစ်ဖြစ် မျက်လုံးစုံမှိတ်ပြီးတော့ အားပေးနေတဲ့သဘောပေါ့။
ဒါတော့ မတတ်နိုင်ဘူး။ ဘာလို့ဆိုတော့ မင်းတို့က ကောင်းလို့မဟုတ်ဘူး။ မင်းတို့ကို ချစ်လို့မဟုတ်ဘူး။ ဟိုဘက်ကို အမြင်ကတ်တဲ့ ပုဒ်မက သိပ်ကြီးနေလို့။ ဘယ်လောက် အမြင်ကတ်လဲဆိုရင် ဖြစ်နိုင်ရင် သတ်ချင်တဲ့အထိ ဖြစ်နေတယ် လူတွေက။ အဲလောက်တောင် မုန်းတာဖြစ်နေတဲ့အတွက် ဘယ်နည်းနဲ့ဖြစ်ဖြစ် မင်းတို့ကို အားပေးရမှာပဲ။
● လာမယ့် ၂၀၁၅ ရွေးကောက်ပွဲကျရင်လည်း မီဒီယာအနေနဲ့ အရေးကြီးတာပဲပေါ့။
ငါတို့မီဒီယာက သိပ်ကောင်းတယ်။ သူတို့ဘာသာသူတို့ ဖွင့်ပေးလို့ပဲ ကောင်းကောင်း၊ ဘယ်လိုပဲ ကောင်းကောင်း ငါတို့ တော်တော် ကောင်းနေပြီ။ ကြည့်လိုက် မီဒီယာကြည့်လိုက် အကုန်လုံး အမည်းတွေနဲ့ ထွက်လာပြီ။ မှန်ပါတယ် ငါတို့အထဲကတွေ ထောင်ကျနေ တာတွေ ရှိတယ်။ ကျပေမယ့်လည်း ငါတို့နိုင်နေတာပဲ။ ငါတို့က လုပ်ခွင့်ရှိလို့ လုပ်နိုင်နေတာကိုက လူတိုင်းက၊ သတင်းစာ ၂ မျိုးဖြစ်သွားပြီလေ။ အစိုးရထုတ်တဲ့ သတင်းစာနဲ့ ပုဂ္ဂလိက သတင်းစာ။ တခြားစီဖြစ်သွားပြီ။ အဲဒီတော့ လူတွေက ငါလည်း အစိုးရသတင်းစာကို တစ်သက်လုံးက ကြေးမုံဆိုရင် လပေးနဲ့ ယူဖတ်တာပေါ့။ အရင်တုန်းက ကြေးမုံ သတင်းစာရဲ့ အားပြုချက်က နာရေးကြော်ငြာ ကြည့်ဖို့ဆိုပြီး ၀ယ်ရတာ။ အခုနာရေး ကြော်ငြာတောင် ကြည့်စရာ မလိုတော့ဘူး ဖြစ်နေပြီ။ နောက်တစ်ခုက ယနေ့ခေတ်မှာ သိပ်ပြီးတော့ ထင်ရှားတာတစ်ခုက မီဒီယာရှိလို့ပေါ့။ ငါတို့ဘက်က နားလည်ဖို့ လိုတာက မီဒီယာက တစ်ခါတစ်ရံ ငါတို့ဘက်က လွန်သွားတာ၊ ရောသွားတာ ရှိတတ်တယ်။ စုပုံချစ်ကို အခန်း ပြန်သိမ်းတယ် ဆိုတဲ့ကိစ္စက ဒီအရေးအခင်းထဲမှာပါလို့ အခန်းပြန်သိမ်းတယ်ဆိုတဲ့ အဓိပ္ပာယ် သက်ရောက်နေ တယ်။ အမှန်က မတိုင်ခင်က သိမ်းပြီးသား ဖြစ်နေတယ်။ အဲဒီတော့ ငါတို့ မီဒီယာတွေ ဘက်ကလည်း တစ်ခါတစ်ခါကျတော့ ငါတို့က ပြောချင်ဇောနဲ့ ပြောလိုက်လို့ရှိရင် ငါတို့ထောက်ကွက် ဖြစ်သွားတာပေါ့။ တစ်ခါ တလေ ကျတော့လည်း ကိုယ့်ဘက်က မီဒီယာဖြစ်တဲ့အတွက် မီဒီယာရဲ့ ခွန်အားပေါ့။ အဲဒါကိုငါတို့က ဥပမာ လူထုဒေါ်အမာ ငါတို့ကို အမြဲတမ်း သွန်သင်တဲ့ စကားတစ်ခုရှိတယ်။ လူပုဂ္ဂိုလ် ထိခိုက်အောင် မလုပ်ပါနဲ့။ အယူအဆကို မင်းတိုက်ချင်သလိုတိုက်ပါ။ တစ်ခါတစ်လေကျတော့ ဖြစ်သွားတတ်တာ အယူအဆကို တိုက်ရင်းနဲ့ ပုဂ္ဂိုလ်ပါ သွားတတ်တယ်။ အဲဒါ သိပ်အရေးကြီးတယ်။
အံ့ခေါင်မင်း
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald


No comments:
Post a Comment