Thursday, April 9, 2015

သမဂ္ဂများဖွဲ့စည်းခွင့်ကို သက်ဆိုင်ရာတက္ကသိုလ် ပဋိညာဉ်များနှင့်အညီ လုပ်ဆောင်ရန် ပြည်သူ့လွှတ်တော် အတည်ပြု

 ရန်ကုန်၊ ဧပြီ ၇

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရာတွင် ထည့်သွင်းတောင်းဆိုထားသည့် သမဂ္ဂဖွဲ့စည်းခွင့်နှင့် ပတ်သက်၍ ဒိုက်ဦး လွှတ်တော်ကိုယ်စားလှယ် ဦးမင်းဆွေ၏ တင်ပြဆွေးနွေးမှုကို သက်ဆိုင်ရာတက္ကသိုလ် ပဋိညာဉ် စာတမ်းနှင့်အညီ လုပ်ဆောင်ရန် ဧပြီ(၇)ရက်က ပထမအကြိမ် ပြည်သူ့ လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန် အစည်းအဝေးတွင် ထည့်သွင်း အတည်ပြုလိုက်သည်။

ကျောင်းသား၊ ဆရာသမဂ္ဂများ ဖွဲ့စည်းထူထောင်၊ လှုပ်ရှားခွင့်ကို ““အဆင့်မြင့်ပညာကျောင်းများတွင် ဆရာ သမဂ္ဂများနှင့် ကျောင်းသား သမဂ္ဂကို သက်ဆိုင်ရာ တက္ကသိုလ် ပဋိညာဉ်စာတမ်းနှင့်အညီ လွတ်လပ်စွာ ဖွဲ့စည်းတည်ထောင် လှုပ်ရှားခွင့်ရှိရေး””ဟူ၍ ပြည်သူ့လွှတ်တော်က ထည့်သွင်း အတည်ပြု လိုက်ခြင်းဖြစ် သည်။

““ အမျိုးသားလွှတ်တော်ရဲ့ အတည်ပြုချက် အမှတ်စဉ် ၁၂ နဲ့ ၁၉ မှာ တက္ကသိုလ် ပဋိညာဉ်အရ ပဋိညာဉ်နှင့် အညီလို့ ဖော်ပြထားပြီးတော့ ပြည်သူ့ လွှတ်တော်ဥပဒေ ကြမ်းကော်မတီရဲ့ စိစစ်ချက်အပိုဒ် ၁၂နဲ့၄၆မှာ ပဋိညာဉ်အရ ပဋိညာဉ် စာတမ်းနဲ့အညီလို့ ဖော်ပြထားပါတယ်။ မူလအမျိုးသားပညာရေး ဥပဒေမှာရော အဆိုပြု ပြဋ္ဌာန်းချက်မှာရော ဒီပဋိညာဉ်ဆိုတဲ့ စကားလုံးဟာ မပါဘူးဖြစ်ပါတယ်။ ဒါကြောင့် အမှတ်စဉ် ၁၂၊ ၁၉၊ ၄၆ တို့ကို ဥပဒေမှာ ထည့်သွင်းပြဋ္ဌာန်းမယ်ဆိုရင် ပဋိညာဉ်စာတမ်းကို အရင်ပြုစုရမှာ ဖြစ်ပါတယ်။ မူလ ဥပဒေပုဒ်မ ၂ရဲ့ အဓိပ္ပာယ်ဖော်ပြချက်မှာလည်း ဒီပဋိညာဉ်စာတမ်းနဲ့ ပတ်သက်ပြီးတော့ ဖော်ပြထားတာ မရှိပါဘူး။ ဒါ ကြောင့် ကျွန်တော်တင်ပြချင်တာ ကတော့ဥပဒေကို ပဋိညာဉ်စာတမ်းများ အတည်ပြုပြီးမှသာလျှင် ဒီ ဥပဒေကို အတည်ပြုသင့်ကြောင့် တင်ပြရခြင်းဖြစ်ပါတယ်””ဟု ဒိုက်ဦးလွှတ်တော်ကိုယ်စားလှယ် ဦးမင်းဆွေက တင်ပြ ဆွေးနွေးခဲ့ပြီးနောက် လွှတ်တော်က အတည်ပြုလိုက်သည်။…

ယင်းတောင်းဆိုချက်ကို အမျိုးသားလွှတ်တော်တွင် ဆွေးနွေးခဲ့စဉ်ကလည်း တက္ကသိုလ်ပဋိညာဉ်များနှင့် အညီ ဖွဲ့စည်းရမည်ဟု အတည်ပြုခဲ့သည်။ သို့သော် သက်ဆိုင်ရာ တက္ကသိုလ်ကျောင်းများအလိုက် ရေးဆွဲရမည့် ပဋိညာဉ်များနှင့် ပတ်သက်၍ မည်သို့ မည်ပုံ ရေးဆွဲရမည်ကိုမူ သီးခြားဆွေးနွေးခဲ့ခြင်း မရှိပေ။

အမျိုးသားပညာရေး ဥပဒေအား ပြင်ဆင်သည့် ဥပဒေမူကြမ်း တွင် ကျောင်းအုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်း၌ ဆရာသမဂ္ဂကိုယ် စားလှယ်နှင့် ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ်ဆိုသော စကားလုံးအား ဆရာများက ရွေး ချယ်သော ကိုယ်စားလှယ်၊ ကျောင်းသားများ က ရွေးချယ်သော ကိုယ်စားလှယ် အဖြစ်ပြင်ဆင်ပေးရန် အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုး ဇေယျာသော်က ပြည်သူ့လွှတ် တော်၌ အဆိုတင်သွင်းသည်။

ကျောင်းအုပ်ချုပ်ရေး အဖွဲ့အစည်း၌ သမဂ္ဂအဖွဲ့ဝင် ဆရာ၊ ဆရာမများ၊ ကျောင်းသားများသာ မကဘဲ မည် သည့်ကျောင်းသား၊ ဆရာကိုမဆို ကိုယ်စားပြုနိုင်ရန်အတွက် ယခုကဲ့သို့ တင်သွင်းခြင်း ဖြစ်သည်။

““ ပထမဆုံးကျွန်တော်ပြော ချင်တာကတော့ ဒီဟာက သမဂ္ဂတည်ရှိတာ၊ မရှိတာနဲ့ သက်ဆိုင်ခြင်း မရှိဘူးဗျ။ အဲဒီပုဒ်မက တက္ကသိုလ်ကောင်စီ လို့ခေါ်တဲ့ တက္ကသိုလ်ရဲ့ အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းမှာ ဘယ်သူတွေ ပါဝင်သင့်တယ်ဆိုတဲ့ ကိစ္စပါ။ အဲဒီအပေါ်မှာ NNER ရဲ့ အဆိုပြုချက်အနေနဲ့ တင်ထားတာ။ ဆရာသမဂ္ဂက ရွေးချယ်တဲ့ ကိုယ်စားလှယ်၊ ကျောင်းသား သမဂ္ဂ ရွေးချယ်တဲ့ ကိုယ်စားလှယ် ဆိုပြီး တော့တင် ထားတယ်။ အဲဒီနေရာမှာ ကျွန်တော်အဓိက ပြောချင်တာကတော့ ဆရာတိုင်း သည်လည်း ဆရာသမဂ္ဂထဲကို ၀င်ချင်မှဝင်မှာ၊ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တွေ ဖြစ်ချင်မှဖြစ်မှာ။ အဲဒီတော့ တက္ကသိုလ် အုပ်ချုပ်ရေးပိုင်းဆိုင် ရာမှာ အမှန် တကယ်လိုအပ်တာက ဆရာတွေ ရွေးချယ်စေလွှတ်တဲ့ ကိုယ်စားပြုပုဂိ္ဂုလ်။ အဲဒီလိုပဲ ကျောင်း သားတွေ ဘက် ကလည်း ကျောင်းသားတွေ ရွေးချယ်စေလွှတ်လိုက်တဲ့ ကိုယ်စားပြုပုဂိ္ဂုလ်။ အဲဒီပုဂိ္ဂုလ်တွေပါဖို့ ဆိုတာ ပိုပြီး တော့အဓိကကျပါတယ်””ဟု ဦးဖြိုးဇေယျာသော်က မြန်မာ သံတော်ဆင့်သို့ပြောသည်။ အဆိုပါ ပြင် ဆင်ချက်နှင့် ပတ်သက်၍ ဥပဒေကြမ်းကော်မတီကလည်း ထောက်ခံခဲ့ သည့်အတွက် ပြည်သူ့ လွှတ် တော် က ပြင်ဆင်အတည်ပြုခဲ့သည်။

““ ကျောင်းသားသမဂ္ဂကိုယ်စားဆိုတဲ့ စကားလုံးအသုံးအနှုန်းဟာ ကျွန်တော်တို့ ကျောင်းသား သမဂ္ဂတွေအား လုံး ဗကသ၊ တကသ၊ ကသဖရဲ့ ကျောင်းသားသမဂ္ဂ အဖွဲ့အစည်းပေါင်းစုံရဲ့ ပညာရေး မူဝါဒလုပ်တဲ့ညီလာခံမှာ သမဂ္ဂ ဆိုတဲ့ စကားလုံးကို ပါစေချင်လို့ကို တမင်ထည့်ထားတာပါ။ ဒါသမဂ္ဂတွေရဲ့ လိုလားချက်ပါ””ဟု ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်(ဗကသ) ဒုတိယ ဥက္ကဋ္ဌ ကိုလင်းထက်နိုင်က မြန်မာသံတော် ဆင့်သို့ပြော သည်။

ကိုကိုလွင်၊ ၀ိုင်းမော်


မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

No comments:

Post a Comment