ရန်ကုန်၊ ဧပြီ ၇
မြန်မာသံတော်ဆင့်ဂျာနယ်ပါ ဓာတ်ပုံနှင့် သတင်းစာသား များကို မြန်မာသံတော်ဆင့်မီဒီယာအား အသိမပေး၊ အကြောင်းမကြားဘဲ မြန်မာသံတော်ဆင့်ဂျာနယ်ထဲမှ ရယူသုံးစွဲပါသည်ဟု ရှင်းလင်းစွာ ဖော်ပြခြင်းမပြုဘဲ သူရိယအလင်းဂျာနယ်က ရယူသုံးစွဲခဲ့ပါသည်။
မြန်မာသံတော်ဆင့်ဂျာနယ် အတွဲ(၄)၊ အမှတ်(၄)၊ ဧပြီလ (၄) ရက်ထုတ်စာမျက်နှာ ၁၇ တွင် မြန်မာ သံတော်ဆင့် ဂျာနယ်မှ အယ်ဒီတာနှစ်ဦး သီးသန့်တွေ့ဆုံ မေးမြန်း ရယူထားသည့် ““အစိုးရသစ်၏ နိုင်ငံရေးအကျဉ်းသား လွတ်ငြိမ်းချမ်းသာခွင့်များသည် ဦးသိန်းစိန် နာမည်ကောင်းရစေရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ စီစဉ်ပေး မှုဟု နိုင်ငံတော်သမ္မတရုံးအကြံပေး ဦးအံ့မောင်ဆို””ခေါင်းစဉ်ပါ သတင်းတစ်ခုလုံးနီးပါးကို သူရိယ အလင်း ဂျာနယ်တွင် ဧပြီလ ၈ ရက်နေ့အတွက် ကြိုတင်
ထုတ်ဝေခဲ့သည့် အတွဲ(၁)၊ အမှတ်(၆)၊ စာမျက်နှာ (၂၂)တွင် ““နိုင်ငံရေး အကျဉ်းသား လွတ်ငြိမ်းချမ်းသာခွင့်များသည် ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ၏ စီစဉ်ပေးမှုကြောင့် ဟုဆို””ခေါင်းစဉ်ဖြင့် ကူးယူဖော်ပြခဲ့သည်။
ယင်းစာမျက်နှာ ၂၂တွင် အေးရှားဝေါလ်သတင်းမှ စာပိုဒ်အချို့မှာ မြန်မာသံတော်ဆင့်ဂျာနယ်တွင် ဖော်ပြ ထားသည့် စာပိုဒ်အချို့အား ပုံဖျက်ကူးယူ ဖော်ပြထားသည်ကို တွေ့ရသည်။
ထို့ပြင် သူရိယအလင်းဂျာနယ် နောက်ကျောဖုံးတွင် မြန်မာသံတော်ဆင့် ဂျာနယ်ရှေ့ဖုံးပါ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး တင်အေး စစ်ဝတ်စုံဖြင့် တပ်မတော်နေ့ အခမ်းအနား တက်ရောက်သည့် ဓာတ်ပုံနှင့် ရွှေပေါ်ကျွန်းဆရာတော်နှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့၏ ဓာတ်ပုံကိုလည်း ကူးယူဖော်ပြခဲ့သည်။
အဆိုပါကိစ္စရပ်နှင့် ပတ်သက်ပြီး သူရိယအလင်း သတင်းဂျာနယ်ကို ဆက်သွယ်ပြောကြားရာ သူရိယအလင်း သတင်းဂျာနယ် တာဝန်ခံ အယ်ဒီတာ ဦးဝင်းကျော်က နှုတ်အားဖြင့် တောင်းပန်ခဲ့သော်လည်း ဂျာနယ်တွင် အတိ အလင်းဖော်ပြ တောင်းပန်နိုင်ခြင်း မရှိကြောင်း ပြောဆို ခဲ့သည်။
သို့ဖြစ်ရာ ယင်းသို့အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်ဖောက်ဖျက်ပြီး မူလပိုင်ရှင်ကို လေးစားမှုမရှိခြင်း၊ မီဒီယာဥပဒေ ကို ဖောက်ဖျက် ကျူးလွန်ခြင်း၊ သတင်းမီဒီယာ တစ်ရပ်၏ အမြင့်ဆုံးကျင့်ဝတ် စံနှုန်းတစ်ခုကို ဖောက်ဖျက်ခြင်း တို့ကို ကျူးလွန်ခဲ့သော်လည်း တာဝန်ခံမှု၊ တာဝန်ယူမှုမရှိသည့်အတွက် သူရိယအလင်းဂျာနယ် အားဥပဒေနှင့် အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်သည်။
မြန်မာသံတော်ဆင့် သတင်းဌာန
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald
No comments:
Post a Comment