ချင်းမိုင် (မဇ္ဈွိမ) ။ ။ ထိုင်းနိုင်ငံ မဲဟောင်ဆောင်ခရိုင်အတွင်းရှိ ကရင်နီဒုက္ခသည်စခန်းတွင် ဧပြီလ ၇ ရက် အိမ်ခြေပေါင်း ၁၅၀ ကျော် မီးလောင်မှု ဖြစ်ပွားခဲ့သည်ဟု ဒုက္ခသည်စခန်းကော်မတီက တာဝန်ရှိသူများက ပြောသည်။
ကရင်နီဒုက္ခသည်စခန်း ရပ်ကွက် ၁၊ ၁၁၊ ၁၂ တို့တွင် နံနက် ၁၁ နာရီကျော် မီးစတင် လောင်ကျွမ်းခဲ့ပြီး မွန်းလွဲပိုင်း ၁ နာရီချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်ဟု ကရင်နီစခန်းကော်မတီဒုဥက္ကဋ္ဌ ခူဖောက ပြောသည်။
“လူအသေအပျောက်တော့ မရှိဘူး။ အိမ်ခြေက မနက်ဖြန်မှ အတိအကျ သိရမယ်။ ခန့်မှန်းတာက ၁၅၀ ကျော်တယ်။ လောလောဆယ် စုံစမ်းနေဆဲ။ ပေါ့ဆမီး မီးဖိုချောင်ကနေ စလောင်တယ်လို့
မျက်မြင်သက်သေတွေ ပြောတာက မီးဖိုချောင်ကနေ စာလောင်တယ်လို့ ပြောတယ်။ ဒါပေမဲ့ စုံစမ်းနေတုန်းပါပဲ”ဟု သူက မဇ္ဈွိမကို ပြောသည်။
လက်ရှိ ဒုက္ခသည် ဦးရေပေါင်း ၇၀၀ ကျော် ကောက်ခံရရှိထားကာ လက်ရှိ အမျိုးသမီး အဖွဲ့ရုံး၊ ရပ်ကွက် အုပ်ချုပ်ရေးရုံးခန်းမဆောင်၊ ဌာနဆိုင်ရာရုံး သုံးနေရာတွင် နေရာချထားပေးသည်ဟု သူက ပြောသည်။
ကရင်နီ ဒုက္ခသည်စခန်း ရပ်ကွက် ၁ အိမ်ခြေ ၉၆ လုံးနှင့် ၁၂ မှ အိမ်ခြေ ၅၂ လုံး စုစုပေါင်း အိမ်ခြေ ၁၄၈ လုံး နှင့် ရပ်ကွက် ၁၁ မှအိမ်အချို့နှင့် မီးလောင်မှုတွင် လူသေဆုံးမှု မရှိသော်လည်း ရပ်ကွက်ရုံးနှင့် အမက (၁) ကျောင်း တစ်ကျောင်းလည်း မီးလောင်ကျွမ်းခဲ့သည်ဟု ဒုက္ခသည်စခန်းကော်မတီ အထွေထွေ အတွင်းရေးမှူး (၃)က ခူးပိုးရယ်က ပြောသည်။
လူမှုအဖွဲ့အစည်းများက ရေသန့်နှင့် ခေါက်ဆွဲထုတ်များကို လာရောက်ထောက်ပံ့မှု ရှိနေပြီး ကရင်နီ ဒုက္ခသည်စခန်း ကော်မတီက ညနေစာအတွက် ချက်ပြုတ်ကျွေးနေရကာ လက်ရှိ မီးဒုက္ခသည်များအတွက် နေရာထိုင်ခင်း၊ အဝတ်အစား၊ အိမ်သုံးပစ္စည်းများ အရေးပေါ်လိုအပ်နေသည်ဟု သူက ပြောသည်။
“လောလောဆယ် သူတို့ စားဝတ်နေရေးနဲ့ နေထိုင်ရေးက အခက်အခဲ ရှိနေတယ်။ သူတို့နေစရာ ထိုင်စရာ ၊ စားဝန်နေရေးလည်း မရှိဘူး။ သူတို့ အဝတ်အစား၊ စောင်တွေကအစ၊ အိမ်သုံးပစ္စည်းတွေ မရှိတော့ဘူးဆိုတော့ စခန်းကော်မတီကနေဘဲ စီစဉ်နေရတယ်”ဟု သူက ပြောသည်။
အဆိုပါ ကရင်နီဒုက္ခသည်စခန်းသည် ၁၉၈၄ ခုနှစ်က ပြည်တွင်း စစ်ပွဲများကြောင့် ထိုင်းနယ်စပ်သို့ ထွက်ပြေး တိမ်းရှောင်လာသော ဒုက္ခသည်များ ဖြစ်ပြီး လက်ရှိ ဒုက္ခသည်ပေါင်း (၁၁,၆၆၃) ဦး ခိုလှုံနေသည်ဟု စခန်းကော်မတီ ဒုဥက္ကဋ္ဌ ခူဖောက မဇ္ဈွိမကို ပြောသည်။
Credit - Mizzima News
No comments:
Post a Comment