Thursday, April 9, 2015

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကကြီး သူရဦးတင်ဦးနှင့် တွေ့ဆုံခြင်း – အံ့ခေါင်မင်း

 ကျောင်းသားကိစ္စက NLD က နဂိုတည်းက ကျောင်းသားတွေရဲ့ ပညာရေးနဲ့ ပတ်သက်တာဆိုတော့ ရပ်တည်ချက်က အခိုင်အမာ ထောက်ခံ ချက်ရှိတာပါပဲ . . . NLD က မပါဘူးမဟုတ်ဘူး ပါတယ် NLD ပါပုံပါနည်းက တံဆိပ်ကြီးတွေ တပ်ပြီးတော့ ၀ိုင်းအော်ပြီးတော့ ပါတာမဟုတ်ဘူး . . .

ဦးဉာဏ်ဝင်းလား မသိဘူး။ သူ့ဖေ့စ်ဘုတ်မှာတော့ NLD လုပ်တယ်လို့ တိုက်ရိုက်စွပ်စွဲတယ်။ ဦးရဲထွဋ်လည်း ပြောတယ်။ ပဲခူးက လက်ပံတန်းကိစ္စနဲ့ ပတ်သက်ပြီးတော့ ဦးဉဏ်ဝင်း၊ တိုင်းဒေသကြီး ၀န်ကြီးချုပ် သူ့ရဲ့ ဖေ့စ်ဘုတ်မှာလည်း ပါတယ်ပြောတယ် …

နယ်တွေမှာ တပ်တွေက ဘယ်လောက်ဖိစီးပြီးတော့ နှိမ်နင်းနေလဲ မသိဘူးလေ။ မပြောနိုင်ဘူး … ငြိမ်းချမ်းရေး ဆွေးနွေးတာက ပါတဲ့လူပါတယ်။ မပါတဲ့လူ မပါဘူးပေါ့။ မပါတဲ့လူက ကေအိုင်အေ တချို့မပါဘူး။ တအာဝ်းမပါဘူး။ မိုင်းလားမပါဘူး။ နောက် “၀” ၊ ကိုးကန့်တွေ မပါဘူးပေါ့ … ဒါတွေက နိုင်ငံအတွက်လည်း သိက္ခာကျတယ်။ ကိုးကန့်ဘက်မှာ ဖြစ်တဲ့ကိစ္စတွေက အဓိပ္ပာယ် ရှိတယ် …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ရန်ကုန်၊ ဧပြီ ၇

၂၀၁၅ ခုနှစ်၊ အထွေထွေ ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ နိုင်ငံတွင်း အခြေအနေများ သည်လည်း ရွေးကောက်ပွဲ အရေးမှစကာ ပညာရေးကိစ္စအလယ်၊ ငြိမ်းချမ်းရေးကိစ္စတို့အဆုံး ရှုပ်ထွေးလျက်သာ ပိုမို ရှုပ်ထွေး လာလျက်ရှိသည်။ ထိုသို့ အခြေအနေတွင် အဓိက လူထုအတိုက်အခံ ပါတီကြီးဖြစ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ၏ နိုင်ငံရေးအသံများက တိတ်တဆိတ် ဖြစ်နေလှသည်။ ဒီချုပ်၏ နိုင်ငံရေးအသံများကို သိလိုကြသည်ဟု ပြည်သူလူထုများသာမက ဆရာတော် သံဃာတော်ကြီးများကပင် ဖွင့်ဟမိန့်ကြား လာမှုများကို ကြားသိနေရပါသည်။ ထို့အတွက် ဒီချုပ်၏ နာယကကြီးဖြစ်သော (တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ဗိုလ်ချုပ်ကြီးဟောင်း) သူရဦးတင်ဦးနှင့် အောက်ပါ တွေ့ဆုံပြောကြား ဖြစ်ခဲ့သည် များကို ဖော်ပြခြင်း ဖြင့် လူထု၏ ဆန္ဒတစ်ရပ်အား မြန်မာသံတော်ဆင့် က ဖြည့်ဆည်းတင်ပြ လိုက်ရပါသည်။

● လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ကျောင်းသားကိစ္စတွေ၊ ငြိမ်းချမ်းရေး သဘောတူညီမှု မူကြမ်း လက်မှတ်ရေးထိုးတဲ့ ကိစ္စတွေ စသဖြင့်အပေါ်မှာ အဖွဲ့ချုပ်ရဲ့ သဘောထားကို သိချင်နေကြတယ်။

ပထမဦးဆုံး ကျောင်းသားကိစ္စက NLD က နဂိုတည်းက ကျောင်းသားတွေရဲ့ ပညာရေးနဲ့ ပတ်သက်တာ ဆိုတော့ ရပ်တည်ချက်က ထောက်ခံချက်တွေ ရတယ်။ အခုလည်း အခိုင်အမာ ထောက်ခံချက်ရှိတာ ပါပဲ။ နောက်ပြီးတော့ လည်း ကျောင်းသားတွေကို ဘာလက်နက်မှ မပါဘဲနဲ့ ဒီလိုပဲ ဆန္ဒပြ လမ်းလျှောက် လာတာကို၊ လျှောက်လာ တဲ့လမ်း ဆိုတာက ပြည်သူလူထု လူတကာသွားတဲ့လမ်း။ အဲဒီတော့ သူတို့ သွားခွင့်ရှိတာပေါ့။ နောက်ပြီးတော့ သူတို့အနေနဲ့ ဆန္ဒဖော်ထုတ်မယ်ဆိုတော့ ဒါက ငြိမ်းချမ်းစွာ ဖော် ထုတ်ပြီးတော့၊ လမ်းလျှောက် ပြီးတော့၊ ရွာတွေ၊ မြို့တွေဖြတ်လာပြီးတော့ ရွာတွေမြို့တွေကလည်း သူတို့လုပ်တာနဲ့ ပတ်သက်လို့ ကျောင်းသားတွေအပေါ် စာနာတယ်ဆိုတဲ့ ကြိုကြတယ်၊ ဆိုကြတယ်၊ ကျွေးကြတယ်၊ မွေးကြတယ်။ ဒါလေးတွေ ရှိလာတဲ့ အခါကျတော့ အုပ်ချုပ်တဲ့အပိုင်းက သူတို့အနေနဲ့ ဒါလိုဟာမျိုးဖြစ်လာရင် တာဝန် အကြီးမားဆုံးက စောင့်ရှောက်ရမယ် ဆိုတဲ့တာဝန်။ ဒါပဲ။ ရဲဆိုတာက ပြည်ထဲရေး ၀န်ကြီးဌာနအောက်က၊ ဒါနဲ့ပတ်သက်လို့ ပြည်ထဲရေးဝန်ကြီးနဲ့ ဆိုင်တဲ့ကိစ္စဆိုတော့ ပြည်ထဲရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန ဆိုရင်တော့ ရဲအဖွဲ့အစည်းပေါ့။ မီးသတ်ဆိုရင်လည်း မီးသတ်ပေါ့။ ဒါနဲ့ ပတ်သက်လို့ရှိရင်တော့ ဒါကို ဥပဒေစိုးမိုးရေး၊ ငြိမ်ဝပ်ပိပြားမှု ထိန်းသိမ်းရေးဆိုတဲ့ သူတို့ဒီထဲမှာ တာဝန်ရှိတဲ့အတိုင်း စောင့်ရှောက်ရမယ်။ စောင့်ရှောက်ရမယ် ဆိုတာက ဆန္ဒပြတဲ့ကလေးတွေက သွားတယ်။ သူ့ဟာသူ ငြိမ်းငြိမ်းချမ်းချမ်းသွားတယ်။ သူတို့ ဘယ်သူ့ကိုမှ အန္တရာယ် လည်း မပြုဘူး။ ပစ္စည်းကိုလည်း အန္တရာယ်မပြုဘူး။ လူကိုလည်း အန္တရာယ် မပြုဘူး။ သူတို့ အချင်းချင်းလည်း အန္တရာယ်မပြုဘူး။ ဒီလိုအန္တရာယ်ကင်းစွာ လူသွားလမ်းပေါ် သွားတယ်ဆိုရင် သူတို့က စောင့်ရှောက်ရမှာပေါ့။ ဘာဖြစ်လို့စောင့်ရှောက်ရမလဲဆိုရင် မဟုတ်တဲ့ သဘောသဘာဝ၊ ပျက်စေချင်တဲ့၊ လန့်စေချင်တဲ့၊ ဒုက္ခပေးချင်တဲ့ လူတွေက ရောယောင်ပြီးတော့ မပါရအောင် စောင့်ရှောက် ပေးရမယ်။ ဘေးကနေ လိုက်ပြီးတော့ လက်နက်မပါဘဲနဲ့ ဒါကို စောင့်ရှောက်ပေးရမယ်။ မင်းတို့ လုံခြုံရေး အတွက် တို့တာဝန်ရှိတယ်။ နောက်တစ်ခုက မင်းတို့ လွတ်လွတ်လပ်လပ် ပြောတာနဲ့ ပတ်သက်လို့ ပြောခွင့် ရှိတယ်။ တို့လည်း ပြောခွင့်ရှိတယ်။ သူ့ရဲ့တာဝန်က စောင့်ရှောက်ရမယ့် တာဝန်။ အဲလိုစောင့် ရှောက်ရမယ့် တာဝန်ရှိတာတောင်မှ တချို့က လုပ်တာတွေက မသပ်မရပ်တာက ဒါတွေကလည်း နိုင်ငံတကာ EU တို့ သင်တာ တွေကလည်း ဒါတွေသင်မှာပါပဲ။ ဒါတွေနဲ့ ပတ်သက်လို့ လူအုပ်ထဲမှာ သူတို့ပါပြီးတော့ အဲဒီပါတဲ့လူက ဟိုဟာရေးတယ်၊ ဒီဟာမှတ်တယ်၊ စစ်တယ်၊ ဆေးတယ်။ ဒါတွေလုပ်လာရင် ကလေးတွေကတော့ ဘယ်ဘ၀င် ကျမလဲ။ အဲဒါတွေက မလုပ်အပ်ဘူး။ ဒါနဲ့ ပတ်သက်လို့ ဆိုပါတော့၊ ဒါတွေကတော့ အန္တရာယ် ပြုလာတယ်။ ဒါကတော့ ကျန်တဲ့ပုဂ္ဂိုလ်တွေနဲ့ ပတ်သက်လို့ မဆိုင်တဲ့လူတွေကို ထိခိုက်ကုန်မယ်၊ ဆိုရင်တော့ ဒါနဲ့ ပတ်သက် တာတွေကို ကာရမယ်၊ တားရမယ်။ ဒီထဲမှာရှိတဲ့လူဆိုရင် သူသတိပေးရမှာပေါ့။ မင်းဒါမျိုးမလုပ်နဲ့ မကိုင်နဲ့၊ မင်းဒါမျိုးလုပ်ရင် မင်းတို့မူလ လုပ်နေတဲ့ ကိစ္စကြီး တစ်ခုလုံးက ပျက်စီးသွားမယ်။ အရောရော အနှောနှော ဖြစ်သွားမယ်။ လိုချင်တဲ့အရာလည်း မရောက်ဘူး။ စီမံခဲ့တဲ့ ရည်ရွယ်ချက်က ဒါအတွက် မဟုတ်ဘူးဆိုရင် ဒါတွေနဲ့ ပတ်သက်တာတွေကို မလုပ်သင့်ဘူးပေါ့။ ပေါ်လာရင် လည်း ပေါ်လာတဲ့ အတိုင်းအတာအရ ငြိမ်းချမ်းစွာ အရေးယူလို့ရတာပါပဲ။ အဲဒါနဲ့ သူတို့လာတယ်ပေါ့။ လာတော့ လက်ပံတန်းရောက်တဲ့ အခါကျတော့ ကြားထဲမှာ ၀င်ပြီးဆွေးနွေး တာတွေ ဖြစ်လာတယ်ပေါ့။ ကျောင်းသား သမဂ္ဂအဖွဲ့က ကိုယ်စားလှယ်တွေပါသလို၊ ကျောင်းသားကွန်ရက်က ပါသလို၊ NNER ကပုဂ္ဂိုလ်တွေပါသလို စသည်ဖြင့် ကျောင်းသား တာဝန်ရှိတဲ့ သူတွေကလည်း သူတို့ ဆွေးနွေးမယ်ဆိုတော့ ဘာများဆွေးနွေးမလဲ ဆိုပြီးတော့ ပါဝင်ဆွေးနွေးပြီးတော့၊ ဒါပေမဲ့ ဆွေးနွေးတယ် ဆိုတာကလည်း ဆွေးနွေးတဲ့ကိစ္စက ထိထိရောက်ရောက် မဟုတ်တဲ့အပြင် သူလုပ်ချင်တဲ့ လုပ်ငန်းကို ဖျက်ဆီးတယ် မြင်လာတဲ့အခါကျတော့ ဆက်ပြီးလျှောက်မယ်။ ဆွေးနွေးတဲ့အခါ ရလဒ်ကို ကြည့်ပြီးတော့ သွားကြမယ် စီစဉ်ထားတယ်၊ မူလအစီအစဉ်အတိုင်း သွားကြမယ်။ ဒါကတော့ ထုံးစံအတိုင်း ရည်မှန်းချက်ရှိပြီးသား ရန်ကုန်ရောက်မယ် ဆိုပြီးတော့။ ရန်ကုန်လာမယ် ဆိုတော့လည်း ဘေး က မော်လမြိုင်တို့လို၊ ပုသိမ်တို့လို၊ ဧရာဝတီတို့လို၊ ဒီဘက်ကလည်း မကွေးတို့လိုပေါ့၊ ကျောင်းသားတွေကလည်း ရန်ကုန်မှာ စုမယ်ဆိုတော့ ကျောင်းသားတွေကတော့ စုမယ်ပေါ့။ စုသည့်တိုင်အောင်လည်း ဒါနဲ့ပတ်သက်တာ အားလုံးကို ရမ်းကားတယ်ပြုတယ်။ အေးအေးချမ်းချမ်း ငြိမ်းငြိမ်းချမ်းချမ်းနဲ့ဆိုရင် ဒါနဲ့ပတ်သက်တာ အားလုံးက စောင့်ရှောက်ရမယ်။ ဒါနဲ့ပတ်သက်တာ အားလုံးကို ထိန်းရမယ်။ စောင့်ရမယ်။ ထိန်းရမယ် ဆိုတဲ့နေရာမှာ လက်နက်နဲ့တားဖို့ ရိုက်ဖို့ မဟုတ်ဘူးပေါ့။ သဘောကတော့ ပြောရမယ်ဆိုရင် ညှိနှိုင်းတာလည်း မပြေလည်ဘူး။ ၆ ပွင့်ဆိုင်၊ ၄ ပွင့်ဆိုင် ကိစ္စ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်လို့လည်း ရှေ့ဆက်ရမယ့် ၂၀၁၅ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အားလုံးပါဝင်ပြီး ဆောင်ရွက်နိုင်ဖို့ ဆိုတဲ့စကား၊ ဒါက ၁၀ ရက်နေ့ ဆွေးနွေးမယ်လို့ ပြောတယ်။ အခု ၄ ဦးနဲ့ လုပ်တဲ့ဟာကတော့ ပညာရေး သက်သက်ပေါ့လေ။ အဲဒါကို ဆွေးနွေးတဲ့ အခါကျတော့ ကလေးတွေက သူတို့တောင်းဆိုတာက ရန်ကုန်အထိသွားမယ်။ အဲဒီကနေ မော်တော်ကားနဲ့ ရွှေတိဂုံ သွားကြမယ်။ ရွှေတိဂုံ ကုန်းတော်ပေါ်ကို သူတို့အနေနဲ့ တက်ခွင့် မပေးဘူးဆိုတော့ မှန်ကန်တာပေါ့။ အဲဒါကတော့ နားလည်ရမှာပေါ့။ ဘာကြောင့်လဲဆိုတော့ ရွှေတိဂုံ ကုန်းတော် ဆိုတာ အထွတ် အမြတ်ထားတဲ့နေရာ၊ ဘာသာရေးအရ ရှိခိုးကန်တော့မယ့် နေရာမှာ၊ သူတို့တက် မယ်ဆိုရင်လည်း ဘုရားရှိခိုး ပြီးတော့ ဆုတောင်းဖို့သက်သက် အေးအေး ချမ်းချမ်း လုပ်မယ်ဆိုရင်လည်းပဲ ဒါကလည်းပဲ စောင့်ရှောက် ကာကွယ် ပေးမယ်ဆိုရင် ညှိလိုက်မယ်ဆိုရင် ရတာပါပဲ။ တစ်ဖက်ကလည်း အစိုးရိမ်လွန်ပြီးတော့ ဒါတွေဟာ ဘယ်ပယောဂတွေ ပါလာတယ်၊ အခုတော့လည်း နောက်ဆုံး ပယောဂနဲ့ ပတ်သက်တာ NLD ပေါ့။ တမင် သက်သက် မပြောဘူးလေ NLD က။ NLD က မပါဘူးမဟုတ်ဘူး ပါတယ်။ NLD ပါပုံပါနည်းက တံဆိပ်ကြီးတွေ တပ်ပြီးတော့ ၀ိုင်းအော်ပြီးတော့ ပါတာမဟုတ်ဘူး။ သူတို့နဲ့ ပတ်သက်တဲ့အပိုင်းမှာ ကိုယ့်နယ်ကို ဖြတ်တဲ့ အခါမှာ ချောချောမောမော၊ အေးအေးဆေးဆေးလေး ဖြတ်နိုင်ပြီးတော့ သူတို့နဲ့ ပတ်သက်တဲ့ လိုအပ်တဲ့ စားစရာ သောက်စရာ ပစ္စည်း၊ နေထိုင် မကောင်းဘူးဆိုရင် စောင့်ရှောက်ဖို့၊ ဒါကတော့ သာမန် လုပ်ရိုးလုပ်စဉ် ကိုယ့် ဒေသမှာရှိတဲ့ အဖွဲ့ဝင်တွေချည်းပဲ။

● လူထုအနေနဲ့ ၀ိုင်းရံပေးတဲ့သဘောပေါ့။

ဒါပေါ့။ ဒီကလေးတွေနဲ့ ပတ်သက်ပြီး အားလုံးက စာနာတယ်။ ထောက်ထားတယ်။ ဖျားမယ်။ နေမကောင်းဘူး။ စားရတဲ့ အစားအသောက်တွေ ဆိုရင်တော့ ကိုယ့်ဒေသ ဖြတ်သွားတဲ့အတွက်ကို လိုအပ်ချက်ဆိုတော့ သူတို့ သဒ္ဓါတရားရှိသလို ပေးမယ်၊ ကမ်းမယ်၊ လှူမယ်။ ဒါတွေလုပ်လို့ NLD က မြှောက်ပေးတယ် ဆိုရင်လည်း ဒါပြောရင်လည်း ပြောပေါ့။

● အစိုးရဘက်က ကျောင်းသားအရေး ကိစ္စနဲ့ပတ်သက်ပြီးတော့ ပညာရေးဥပဒေ ပြင်ဆင်မှု အကြောင်း က ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ကြားကာလကို တည်ငြိမ်မှုပျက်ပြားအောင် လုပ်ဆောင်မယ့် လူတွေရှိတယ် ဆိုတာ NLD ကို ရည်ရွယ်ပြောနေတာလား။

NLD ရယ်လို့တော့ တိုက်ရိုက်မပြောဘူး။ ကလေးတွေ ပြောနေတာတော့ ဦးဉာဏ်ဝင်းလား မသိဘူး။ သူ့ဖေ့စ်ဘုတ်မှာတော့ NLD လုပ်တယ်လို့ တိုက်ရိုက်စွပ်စွဲတယ်။ ဦးရဲထွဋ်လည်း ပြောတယ်။ ပဲခူးက လက်ပံတန်း ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဦးဉာဏ်ဝင်း၊ တိုင်းဒေသကြီး ၀န်ကြီးချုပ် သူ့ရဲ့ဖေ့စ်ဘုတ်မှာလည်း ပါတယ်ပြောတယ်။ NLD က လုပ်တယ်လို့ ပြောတယ်။ ကလေးတွေက တံဆိပ်တောင်မတပ်ပါဘူး။ အလုပ်သမားဖြစ်ဖြစ်၊ လယ်သမားဖြစ်ဖြစ် သူတို့ရဲ့မူက ကျောင်းသား ကိစ္စ ကျောင်းသားပဲလုပ်ပါ။ လယ်သမား ကိစ္စ လယ်သမား ပဲလုပ်။ ဘေးက ပါတီအဖွဲ့အစည်း ပါလာလို့ရှိရင် သူ့အဖွဲ့အစည်း၊ ကိုယ့်အဖွဲ့အစည်း အသုံးချပြီးလုပ်ရင် လယ်သမား အသုံးချမယ်။ အလုပ်သမားအသုံးချမယ်။ အဲဒီလို အသုံးချရင် အလုပ်သမား လည်းကွဲ၊ ကျောင်းသား ကလည်းကွဲ၊ အကွဲတွေ။ အရင်တုန်းက တော်လှန်ရေး အတွေ့အကြုံအရ အဲဒါတွေ ဖြစ်ခဲ့ဖူးလို့ ဒီနေ့ထိ ဆိုးဆိုးဝါးဝါး ဖြစ်တာပေါ့။ လယ်သမားကို ကိုင်ပြီးတော့ အစိုးရက အာဏာအဖြစ် အသုံးချ တဲ့အခါကျတော့ တစ်ဖက်ကလည်းမခံဘူး။ အနီကလည်း အကွဲတွေဖြစ်လာတာ။ ဖဆပလခေတ် အဲဒီလို ကွဲကုန်ကြပြီးေ တာ့ နောက်ဆုံး အလုပ်သမားကလည်း BDUC ဟိုဘက်က တောထဲက အင်အားစုနဲ့အပြင်နဲ့ ပေါင်းပြီးတော့ BDUC ရိုက်ကြ သတ်ကြ။ သူရင်သူချ။ ငါရင်ငါချဆိုတော့ ဦးနုက ဦးနေ၀င်းကို ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပါတဲ့အဆင့်ကို ဖျက်ပြီးတော့ ပြဿနာဖြစ်တော့ သူ့ထက်အဆင့်ကြီးတဲ့ ထိပ်ကလူတွေ အားလုံးကို စစ်ဗိုလ်ချုပ်တွေကို ခန့်လိုက်တာပဲ။

● တိုင်းပြည်က အခုအချိန်မှာ တော်တော်ကို ဆူပူနေတယ်။ ဟိုတစ်စ ဒီတစ်စနဲ့ အရမ်းရှုပ်ထွေးနေပြီ။ ဒီအစိုးရနဲ့ စစ်တပ်နဲ့က ဦးနုနဲ့ဦးနေ၀င်း အာဏာအပ်သလို လွှဲဖို့ပုံစံများ ဖန်တီးနေတာလား။

ဒီလူတွေမလုပ်ပါဘူး။ ဦးနုက နိုင်ငံရေးဝါရင့်။ တကယ့်ကို ထုသားပေသားကျတဲ့ နိုင်ငံရေးပဲ။ နောက်ဆုံး ဦးနေ၀င်းက သူလုံခြုံရေး ၀တ္တရားများ ထမ်းဆောင်ပြီးတာနဲ့ ၆ လ အတွင်းမှာ ပြန်ပြီး အာဏာအပ်ဖို့အတွက် ရွေးကောက်ပွဲ လုပ်ပေးပါ့မယ်ဆိုပြီး သူလုပ်မှမလုပ်ပေးဘဲ။ နောက်ဆုံး မလုပ်ပေးရင် ငါ့အကြောင်းသိမယ်လို့ ပြောလိုက်တဲ့ အခါကျတော့ ဦးနုကို ဦးနေ၀င်းက နိုင်ငံရေးအားဖြင့်တော့ ရှိန်တယ်။ ဟိုက တကယ့်သမ္ဘာ ရှိတာကိုး။ ဦးနေ၀င်းက ဖွဲ့စည်းပုံအခြေခံဥပဒေမူမှာ ဖက်ဒရယ်မူပေါ့။ တိုင်းရင်းသားတွေက လုပ်ပြီးတော့ ခွဲထွက်မယ့် အဲဒီကစပြီးတော့ အာဏာသိမ်းတာ။ အဲဒါတွေကိုနားလည်ဖို့ ဒီကျောင်းသားတွေနဲ့ ပတ်သက်ပြီး ကျောင်းသားတွေပဲလုပ်ပါ။ နိုင်ငံရေး အဖွဲ့အစည်းက သူ့နည်းသူ့ဟန်နဲ့ လျှိုပြီးပါတဲ့ကောင်တွေ ရှိတယ်။ မလုပ်ကြပါနဲ့။ ကျောင်းသားလေးတွေက ရိုးရိုးသားသားလေးတွေ။ အင်မတန်ဖြူစင်တဲ့ စိတ်နဲ့ သူတို့ရဲ့ပညာရေး ကိစ္စလုပ်တာပါ။ အဲဒီပညာရေးကိစ္စကို ပါးစပ်ကထည့်ပြီးတော့ နောက်ကလှုပ်ရှားမှုကိစ္စက လာတဲ့ အာဏာပိုင် အဖွဲ့အစည်းကို ကလန်ကဆန်လုပ်။ အမှန်ကတော့ မကျော်ရဘူးလို့ တားထားရင် မကျော်နဲ့ပေါ့။ အခုက တားထားတာတွေကို ချိုးတယ် ဘာညာပေါ့။ စပြီးတွန်းတာ ဖယ်တာတွေ လုပ်တယ်ဆိုတော့ တစ်ဖက်ကလည်း စလာပြီးဆိုတည်းက ဒီကောင်တွေ နှိမ်ပလိုက်မယ်။ ဒီလိုလုပ်လို့တော့ မရဘူးလေ။ အစိုးရဘက်က ထိခိုက် နစ်နာမှု အနည်းဆုံးဖြစ်အောင် ကိုယ်ကိုယ်က လုပ်တာမျိုး မဖြစ်ရတဲ့ အသွင်အပြင်ပြဖို့ မဟုတ်ဘဲနဲ့ လိုအပ်တဲ့ နည်းလမ်းတွေနဲ့ ဒါတွေကို လူစုခွဲအောင် လုပ်လို့ရတယ်။ နည်းတွေအများကြီးရှိတယ်။ ဒေါ်အောင်ဆန်း စုကြည် တို့ဆိုရင် လူအုပ်ကြီးမကွဲလို့ရှိရင် ၅ မိနစ်အတွင်းမှာ ပစ်ခတ်ပြီးတော့ နှိမ်နင်းရမယ်လို့ ကြေညာတာပဲ။ သူကပြောတယ်။ စောစောက ခင်ဗျားတို့ပြောတာ ရပ်လိုက်ပါ။ အခု အပေးအယူ လုပ်ကြရအောင်။ ကျွန်မ ၅ မိနစ်ဟောမယ်။ ၄မိနစ်ဟောပြီးရင် ကျွန်မ အားလုံးရပ်ပြီးတော့ တစ်ယောက်မှစကား မပြောဘဲနဲ့ လူစုခွဲ ပေးမယ်။ ဟိုက အော်တာရပ်လိုက်တယ်။ နောက်ဟော လို့လည်းပြီးတော့ လူစုအေးဆေး ကွဲသွားတယ်။ အဲဒါမျိုးကို ညှိလို့ရှိရင်လည်း ရနိုင်ပါတယ်။ သူတို့သွားချင်တဲ့ နေရာတစ်ခုကို သွားဖို့တော့ အတိုင်းအတာ တစ်ခု ပေးလိုက်မယ်။ ပြီးရင် မင်းတို့အားလုံး မဆူမပူ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ခွဲရမယ်။ ဒီလိုမျိုး အပေးအယူ လုပ်လိုက် ပြီးတော့ ထားပါတော့။ ဒါတွေက အသေးစိတ်လည်း ကျပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဆိုးဆိုးဝါးဝါး ဖြစ်သွားတယ်။ နောက်တစ်ခုကလည်း ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လာနေတဲ့ ကလေးတွေ၊ နောက်ပြီး လက်နက် ကိရိယာလည်း မပါဘူး။ အဲဒါကို တွေ့တာနဲ့ ရိုက်နှက်။ ဖြစ်လာပြီဆိုရင် တော့ အပြန်အလှန် ပြောကြတာ။ မြန်မာနိုင်ငံမှာ လွတ်လပ်ရေး ရပြီးတာနဲ့ မြေအောက် ရောက်သွားတဲ့လူနဲ့ အပေါ်ရောက် သွားတဲ့လူနဲ့ ဒီလိုပဲ အပြန်အလှန်ပြောတာပဲ။ မပြီးနိုင်ဘူး။ အခုတိုက်ခိုက်နေတာလည်း ဟိုဘက် ဒီဘက် ဆဲဆိုပြီးတော့ ဘယ်သူ တွေ ဘယ်လောက်သေတယ်။ ဘယ်လိုတွေလုပ်တယ်။ မပြီးနိုင်ဘူး။ ကေအိုင်အေကလည်း တိုက်လာတယ်။ တအာဝ်းလည်း တိုက်တယ်။ ပလောင်တို့ဆိုတာလည်း တစ်သက်လုံးနေလာတာပဲ။ အင်မတန်ရိုးသားပြီး၊ အင်မတန် ကြောက်တတ်ပြီး အင်မတန်ငြိမ်နေတဲ့လူမျိုးပဲ။ သူတို့တောင် ဖြစ်လာပြီဆိုရင် မကောင်းဘူးလေ။ နယ်တွေမှာ တပ်တွေက ဘယ်လောက် ဖိစီးပြီးတော့ နှိမ်နင်းနေလဲ မသိဘူးလေ။ မပြောနိုင်ဘူး။ အဲဒီလိုတွေ ဖြစ်တဲ့အတွက်ကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးနေကြတာပေါ့။ ဒါပေမဲ့ ငြိမ်းချမ်းရေး ဆွေးနွေးတာက ပါတဲ့လူ ပါတယ်။ မပါတဲ့လူ မပါဘူးပေါ့။ မပါတဲ့လူက ကေအိုင်အေတချို့မပါဘူး။ တအာဝ်းမပါဘူး။ မိုင်းလားမပါဘူး။ နောက် ၀, ကိုးကန့်တွေ မပါဘူးပေါ့။ အဲဒါတွေကတော့ မပါတဲ့အတွက် ကျန်တဲ့အဖွဲ့တွေနဲ့ လုပ်ကိုင်တဲ့ အမူအရာတွေပြပြီးေ တာ့ အေးချမ်းတယ်တဲ့ ဟာကိုဖြစ်လို့ရှိရင် ပါလာရမှာပဲလေ။ လေယာဉ်ပျံတွေဝဲပြီးတော့ ပျံလာတယ်။ ဗုံးချ တယ်။ တောင်းပန်ရတယ်။ ဒါတွေက မကောင်းဘူး။ နိုင်ငံရဲ့သိက္ခာလည်း ကျတယ်။ နောက်ပြီးတော့ သူတို့ကပစ်တာ။ ဟိုက ပစ်သလိုလို ဘာလိုလို ပြောပြီးတော့မှ နောက်ဆုံးကျတော့ သွားပြီးတော့ တောင်းပန် တယ်။ လျော်ကြေးပေးမယ်။ ဒါတွေက နိုင်ငံအတွက်လည်း သိက္ခာကျတယ်။ ကိုးကန့်ဘက်မှာဖြစ်တဲ့ ကိစ္စတွေက အဓိပ္ပာယ်ရှိတယ်။

အံ့ခေါင်မင်း

ဆက်လက်ဖော်ပြပါမည်

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

 

 
 

No comments:

Post a Comment