Friday, April 10, 2015

ရွှေစင်စင်္ကြာကို MNTV ပြန်တောင်းပန်

ရန်ကုန်၊ ဧပြီ ၁၀။       ။ ယာဉ်တိုက်မှု သတင်းကို ယာဉ်လိုင်း အမည်မှားဖေါ်ပြခြင်းကြောင့် နစ်နာကြေး သိန်းပေါင်း တစ်သောင်းပေး ရန်ရွှေစင်စင်္ကြာ ယာဉ် လိုင်းကတောင်းခံပြီးနောက် MNTV ရုပ်သံလိုင်းက ဧပြီလ ၁၀ ရက်တွင်ပြန် လည်တောင်းပန် လိုက်သည်။

ဧပြီ ၅ ရက် ညပိုင်း ရန်ကုန်၊ မန္တလေး အမြန်လမ်းတွင် ခရီးသည်ယာဉ်နှစ်စီးတိုက်မိရာ "ရွှေစင်္ကြာ" အစား "ရွှေစင်စင်္ကြာ" ဟု ဖေါ်ပြခဲ့ရာ နစ်နာမှုများရှိသည်ဟု "ရွှေစင်စင်္ကြာ" က လျော်ကြေးတောင်းမှုအပေါ် MNTV ကပြန်လည်တောင်းပန် လိုက်ခြင်းဖြစ်သည်။

ရွှေစင်္ကြာ ယာဉ်လိုင်း မန်နေဂျာချုပ် ဦးတင်ဦးက “ မလေ့လာလို့ ဒီလိုအမှားတွေဖြစ်တာ ပါ။လေ့လာပြီးမှ လုပ်ရမှာပါ။ ပထမ မသိချင်ယောင်ဆောင်နေ ပါသေး တယ်။ ရက်ဆက်လာလို့ ဒီလိုမျိုးလျော်ကြေးတောင်း ရတာပါ” ဟုပြောသည်။

"သတင်းနှင့် ပတ်သက်၍ ထပ်မံအတည်ပြုချက်များ ရယူသောအခါ ဖြစ်စဉ်ဖေါ်ပြချက် သတင်း၌ ပါဝင်သွားခဲ့သည့် "ရွှေစင်စင်္ကြာ" ကုမ္ပဏီ လီမိတက်မှ ယာဉ် တစ်စီးမဟုတ်ဘဲ "ရွှေစင်္ကြာ" ယာဉ်လိုင်းမှ ယာဉ်တစ်စီးသာဖြစ်ကြောင်း သိရသည်နှင့် သတင်းစာသားကို ပြင်ဆင်၍ ပြန်လည်ထုတ်လွှင့်ခဲ့ပါသည်" ဟု ဧပြီ ၈ ရက်ထုတ်ကြေးမုံ သတင်းစာ တွင်ကြေညာသည်။

ယင်းကဲ့သို့ ယာဉ်လိုင်းနာမည်ကို ထင်ယောင်ထင်မှား ဖော်ပြမှုကြောင့် ယာဉ်လိုင်းအပေါ် ခရီးသည်များ၏ ယုံကြည်မှု သည်လျော့ပါး လာနိုင်ပြီး စီးပွားရေး ထိ ခိုက်လာနိုင်သည်ဟု ယာဉ်လိုင်းမန်နေဂျာချုပ် ဦးတင်ဦးက ဆိုသည်။

ထိုသို့ထုတ်လွှင့်ခဲ့သည်ကို "မစဉ်းစား မဆင်ချင် ပေါ့ဆပျက်ကွက်မှုများအပေါ် ကျွန်ုပ်အမှုသည် ကုမ္ပဏီ၏အရပ်ရပ် နစ်နာမှုအတွက် အထွေထွေလျှော်ကြေးငွေ ကျပ်သိန်းပေါင်း တစ်သောင်းတိတိကို ဤကြေညာသည့်နေ့မှ ခုနှစ်ရက်အတွင်းပေးအပ်ရန်တောင်းဆိုလိုက်ပါသည်" ဟု"ရွှေစင်စင်္ကြာ" က ဧပြီ ၈ ရက်တွင်ကြေ ညာချက် ထုတ်တောင်း ဆိုခဲ့သည်။

"ယခုကဲ့သို့ မဟာသင်္ကြန်ကာလ နီးကပ်ချိန်တွင် များပြားလာသော ခရီးသည်များ၏ မယုံကြည်မှုပြစ်တင် ဝေဖန်မှုများ ခါးစည်းခံနေရပါသည်" ဟုလည်းကြေ ညာချက် တွင်ဖေါ်ပြခဲ့သည်။

MNTV ၏ပြန်လည် ရှင်းလင်း ချက်တွင်မူ "ရွှေစင်္ကြာ" အစား "ရွှေစင်စင်္ကြာ" ဟူ၍စော လျင်စွာဖေါ်ပြ ခဲ့ခြင်းနှင့် ပတ်သက်ပြီး မိမိတို့သတင်းအဖွဲ့ အနေဖြင့် "ရွှေ စင်စင်္ကြာ" ကုမ္ပဏီလီမိတက်၏ ဂုဏ်သတင်းကို တစ်စုံတစ်ရာ ထိခိုက်စေလိုသည့် ရည်ရွယ်ချက်မရှိဘဲ ရိုးသား စွာဖေါ်ပြခဲ့ခြင်း သာဖြစ်ပါသည် ဟုပြန်လည်ရှင်း လင်းထားသည်။

နောက်နောင်တွင် အလားတူဖြစ်ရပ်မျိုး မဖြစ်ရန်လည်း အလေးထား ဆောင်ရွက်သွားမည်ဟု MNTV က ဆိုသည်။ ဧပြီ ၅ ရက် ည ၁၁ ခွဲအချိန် က ရွှေစကြာင်္ ခရီးသည်တင်ကားနှင့် မန်းရာဇာ ခရီးသည်တင်ကားတို့  နေပြည်တော် အမြန်လမ်း မိုင်တိုင် ၁၂၀/ ၂ နှင့် ၃ကြားတွင်  ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သည်။


Credit - Mizzima News

No comments:

Post a Comment