Wednesday, April 8, 2015

ဝှိုက်ကတ်အပ်နှံထားသူများ နိုင်ငံသားဖြစ်ခွင့်ပြန်လျှောက်ရမည်

ရန်ကုန် (မဇ္ဈိမ) ။ ။ ရခိုင်ပြည်နယ်ရှိ ဝှိုက်ကတ်အပ်နှံထားသူများ အနေဖြင့် နိုင်ငံသားအသိအမှတ်ပြုကတ်  ပြန်လည် လျှောက်ထားရမည် ဖြစ်ပြီး ၎င်းတို့ကို ၁၉၈၂ နိုင်ငံသားဖြစ်ခွင့်ဥပဒေအရ ပြန်စိစစ်မည်ဟု ရခိုင်ပြည်နယ် လ.၀.က ဦးစီးဌာနမှူး ဦးခင်စိုးက ပြောသည်။

ဧပြီ ၁ရက်မှ  မေ ၃၁ ရက် အထိ ဝှိုက်ကတ်အပ်နှံမှုကို လက်ခံသွားမည်ဖြစ်ပြီး လက်ခံပြီးစီးပါက ၁၉၈၂ နိုင်ငံသားဖြစ်ခွင့်ဥပဒေအရ စိစစ်နိုင်ရန် လျှောက်လွှာပြန်တင်ရမည် ဖြစ်သည်

"ဇွန်လ ဆန်းမှာ အပ်ထားတဲ့သူတွေက လျှောက်လွှာပြန်တင်ရမယ်။ ဒါကို မြို့နယ် အဆင့်၊ပြည်နယ် အဆင့် ၊ပြည်ထောင်စုအဆင့် စိစစ်ပြီးတော့ အသိအမှတ်ပြု ကတ်တစ်ခုခုထုတ်ပေးမှာဖြစ်ပါတယ်"ဟု ဦးခင်စိုးက ပြောသည်။

လက်ရှိတွင် ၀ှိုက်ကတ်အပ်နှံထားသူများ ကို ပြည်နယ် လ.ဝ.က ဦးစီးဌာန မှ ၀ှိုက်ကတ်လက်ခံရရှိကြောင်း ပြေစာ စာရွက်များထုတ်ပေးထားပြီး ထိုကတ်များဖြင့်သွားလာနိုင်သည်။

ဝှိုက်ကတ် အပ်နှံခြင်းနှင့် ပတ်သက်၍ ဝှိုက်ကတ်ကိုင်ဆောင်သူ ဦးအဒူလာ(ခေါ်) ဦးညွှန့်တင်က "လက်ထဲမှာကိုင် ထားရင်လည်း ဒါက သက်တမ်းကုန်နေပြီလေ၊ သွားအပ်ပြီးမှ နိုင်ငံသား ဖြစ်ခွင့်ပြန် လျှောက်ရမယ်ဆိုရင်တော့ အပ်ထားတဲ့သူတွေအားလုံးပြန်ရဖို့ မလွယ်ဘူးခင်ဗျ။ လာပြန်မလျှောက်လို့ ဆုံးရှုံးတာမျိုးလည်း ဖြစ်နိုင်တယ်"ဟု ဆိုသည်။

ဧပြီ ၁ ရက်မှ ၇ ရက်အထိ ရခိုင်တစ်ပြည်နယ် လုံးအတိုင်းအတာဖြင့် ဝှိုက်ကတ်အပ်နှံသူ ရှစ်သောင်း နှစ်ထောင်ကျော် (၈၂၆၅၄) ထိ ရှိသည် ဟု လ.၀.က ဦးစီးမှူးက ဆိုသည်။

"သူတို့အနေနဲ့ ဒီကတ်က သက်တမ်းကုန် ဆုံးပြီဖြစ်တဲ့အတွက် အားလုံးလာအပ်ကြမယ်လို့ ထင်တယ်"ဟု ဟု ဦးခင်စိုးကပြောသည်။

"ကျွန်တော်တို့က နိုင်ငံသားဖြစ်ခွင့်ကိုပဲ အလိုရှိတယ်၊ ကျွန်တော်တို့ အပ်တယ် ၊ကျွန်တို့ကို မှန်မှန်ကန်ကန် ပြန်စစ်ပေးပါ၊ပြန်ထုတ်ပေးပါ၊ဟို့ရွှေ့ဒီရွှေ့လုပ်တာတွေကြောင့်ကြာသွားရင် နစ်နာစရာတွေဖြစ်လာနိုင်တယ် "ဟု အဖြူကတ်အပ်နှံထားသူ ဦးအောင်ဝင်းက ဆိုသည်။

ရခိုင်တစ်ပြည်နယ် လုံးအတိုင်းအတာဖြင့် ၀ှိုက်ကတ် ကိုင်ဆောင်သူ ခြောက်သိန်းခြောက်သောင်း ကျော်ရှိပြီး အထောက်အထားမရှိသေးဘဲ နေထိုင်သူများလည်း တစ်သန်းဝန်းကျင်ရှိသည် ဟု လ.၀.က ဦးစီးမှူး ဦးခင်စိုးကပြောသည်။

ရခိုင်ပြည်နယ်တွင် ၁၉၈၂ နိုင်ငံသားဖြစ်ခွင့်ဥပဒေအရ စိစစ်မှုများပြုလုပ်ခဲ့သော်လည်း  လာရောက် လျှောက်ထားသူ တစ်ထောင်ဝန်းကျင် သာရှိသည်ဟုဆိုသည်။


Credit - Mizzima News

No comments:

Post a Comment