Thursday, April 9, 2015

ရဲနှင့် အချုပ်တန်းစီးပူးပေါင်း၊ အချုပ်ဝင်ကြေး ၂၅၀၀၀ ပေးရသည့် အပြင်

ရဲနှင့် အချုပ်တန်းစီးပူးပေါင်း၊ အချုပ်ဝင်ကြေး ၂၅၀၀၀ ပေးရသည့် အပြင် ခြေလွန်လက်လွန် နှိပ်စက်ခံရ၊ ပြင်းထန်စွာ ဒဏ်ရာရရှိ၊ ခွဲစိတ်ကုသမှုခံခဲ့ရသည့် အပြစ်မဲ့ပြည်သူတစ်ဦး – ပေးစာ

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

နေပြည်တော်ကောင်စီနယ် မြေဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ မကျီးကုန်းအုပ်စု၊ မကျီးကုန်း ကျေးရွာအတွင်း ရိုးသားစွာ တောင်သူ လုပ်ကိုင်းစားသောက်နေသည့် အဖ ဦးဖိုးစိန်၏သား၊ မှတ်ပုံတင်အမှတ် ၉/တကန(နိုင်) ၁၁၂၉၈၃ ကိုင်ဆောင်သူ ဦးမောင်ဝင်းဖြစ်ပါသည်။

နေပြည်တော် ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့၊ မြို့မရဲတပ်ဖွဲ့စခန်းမှ ရဲတပ်ဖွဲ့ဝင် နယ်ထိန်းရဲ မောင်မောင် ဆိုသူသည် ၂၆-၁၀-၂၀၁၄ နေ့၊ ညနေ ၆ နာရီခန့်တွင် ကျွန်တော် မောင်ဝင်းအား တရားခံပြေးအဖြစ် စွပ်စွဲ၍ ရာထူးအာဏာကို အသုံးပြုကာ တပ်ကုန်းရဲစခန်းသို့ ခေါ်ယူပြီး ဖမ်းဆီး ချုပ်နှောင်ခဲ့ပါသည်။

အချုပ်အတွင်း၌ ဖမ်းဆီးချုပ်နှောင်ခံရပြီး နာရီဝက်ခန့်အကြာတွင် အချုပ်အတွင်းမှ အချုပ်သား အချင်းချင်းကို အုပ်ချုပ်သည့် တန်းစီး/တန်းကြပ် ဆိုသူတို့က အချုပ်စည်းကမ်းကို ပြောပြပြီးငွေ ၂၅၀၀၀ စပေးဆောင်ရ မည်ဟု ပြောသဖြင့် အပြင်တွင် အချုပ်သားများကို စောင့်သည့်ရဲအရာရှိနှင့် အစောင့်ရဲများကို ကျွန်တော့် နောက် လိုက်လာသည့် မကျီးကုန်းကျေးရွာမှ ဦးမြင့်ဆွေနှင့် ဦးဇော်ဦးတို့က ၎င်းက ၂၅၀၀၀ကို အချုပ်ဝင်ကြေး အဖြစ် ပေးဆောင်ခဲ့ရပါသည်။

အချုပ်အတွင်း၌ ည ၉နာရီ မထိုးမီ ကျွန်တော့်ကို ဖမ်းချုပ်ထားသည့် နယ်ထိန်းရဲမောင်မောင်နှင့် အစောင့် အလှည့်ကျရဲတို့မှ ကျွန်တော် မောင်ဝင်းကို အချုပ်စည်းကမ်းအတိုင်း ပုံစံပြ၍ ““စစ်စမ်းကွ”” ဟုပြောပြီး အချုပ်အတွင်းရှိ လူပေါင်း ၃၀ ကျော်အထဲမှ အချုပ်သား ၂ယောက်တို့သည် ကျွန်တော့်အား လက်သီးဖြင့် ထိုးခြင်း၊ ခြေဖြင့် ကန်ခြင်း၊ ခြေဖနှောက်ဖြင့် ပေါက်ခြင်းစသည့် နည်းမျိုးစုံဖြင့် ၅ မိနစ်ခန့် ကြာသည်ထိ မညှာမတာ ထိုးကြိတ် ကန်ကျောက်ပြီး ချေး/သေးများ ထွက်ကျကာ သတိလစ် မေ့မြောသွားခဲ့ပါသည်။

နောက်နေ့ ၂၇-၁၀-၂၀၁၄ ရက်နေ့ ၁၁ နာရီခန့်တွင် တပ်ကုန်းမြို့နယ်၊ တရားရုံးတော်သို့ အခြားတရားခံ များနှင့်အတူ ကျွန်တော့်ကို ရမန်ယူမည်ဆိုကာ အချုပ်အတွင်းမှထုတ်၍ တရားရုံးတော်သို့ အရောက် ခေါ်ဆောင် သွားခဲ့ပါသည်။

တရားရုံးတော်ရှိ တရားသူကြီးနှင့်လည်း မတွေ့ရဘဲ နေ့ ၂ နာရီခန့်တွင် ကျွန်တော့်ကိုဖမ်းသည့် နယ်ထိန်းရဲ မောင်မောင်သည် တရားရုံးချုပ် အတွင်းမှ ကျွန်တော့်အား ထုတ်ယူ၍ ရဲစခန်းသို့ ပြန်ခေါ်သွားပြီး စခန်းရုံးတွင် ဘယ်မှ မသွားရဟု ပြောကာ ၂၇-၁၀-၂၀၁၄ ရက်နေ့ ညနေ ၆ နာရီ ထိုးသည့်အထိ ရဲစခန်းတွင် ထိုင်ခိုင်း ထားပြီး ပြန်လွှတ်ရန်အတွက် အာမခံ ၂ ယောက်မှ လက်မှတ်ထိုးရန် ပြောပြီး ပြန်လွှတ်လိုက်ပါသည်။

နေအိမ်သို့ ပြန်ရောက်လာကြပြီး ည ၁၀ နာရီခန့်တွင် အချုပ်ခန်း အတွင်း၌ ညဉ်းပမ်း နှိပ်စက်လိုက်သည့် ဒဏ်ရာကြောင့် မခံမရပ်နိုင်အောင် နာကျင်ခြင်း၊ အသက်ရှုမ၀အောင် အောင့်ခြင်းများ ခံစားရပြီး နှိပ်စက် ဒဏ်ရာ ပြင်းထန်မှုကြောင့် တပ်ကုန်းမြို့ ကုတင် ၁၀၀ ဆေးရုံသို့ သွားခဲ့ရပါသည်။

ကုတင် ၁၀၀ ဆေးရုံ အရောက်တွင် ကျွန်တော်၏ဖြစ် ပျက်ခဲ့ပုံကို ဆရာဝန်မှမေး၍ ပြောပြပြီး ဆရာဝန်ကြီးမှ ကျွန်တော်၏ ရောဂါ ဝေဒနာ သည် ပြင်းပြင်းထန်ထန် နှိပ်စက်ထားသည့် ဒဏ်ရာများ ရရှိထား မှုကြောင့် နေပြည်ေ တာ် ကုတင်၁၀၀၀ ဆေးရုံသို့သွားရန် ညွှန်ကြားပြီး လွှဲပေးလိုက်ပါသဖြင့် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံသို့ ရောက်ရှိ ခဲ့ပါသည်။ ဆရာဝန်မှ ကျွန်တော်၏ ဝေဒနာသည် ခွဲစိတ်ကုသ ရမည် ဖြစ်ပါသောကြောင့် ကျွန်တော် မောင်ဝင်းနှင့် ဇနီးဒေါ်မာညိုတို့က ခွဲစိပ်ကုသရန် လက်မှတ်ရေးထိုးပေးပြီး ကုသလိုက်ရာ မြို့မရဲတပ် ဖွဲ့စခန်းမှ ရဲတပ်ဖွဲ့ဝင် နယ်ထိန်းရဲမောင်မောင်ဆိုသူ၏ ခိုင်းစေချက်ဖြင့် အချုပ်သား၂ ဦးတို့၏ နှိပ်စက် ညှဉ်းပမ်း မှုကြောင့် သရက်ရွက်ကွာ၍ ဘေလုံးပျက်စီး သွားကြောင်း၊ ရရှိထားသော ဒဏ်ရာသည် အတွင်း အပြင် ပြင်းပြင်း ထန်ထန် ရရှိကြောင်း ပြောပြပြီး ဘေလုံးကိုထုတ်၍ ကုသရပါသဖြင့် အသက်မသေဘဲ ပြန်လည် ကျန်းမာလာပါသည်။

နယ်ထိန်းရဲမောင်မောင်နှင့် အချုပ်စောင့်သည် ရဲဝန်ထမ်း တို့သည် ဖော်ပြပါအတိုင်း လူတစ်ဦးကိုဖမ်း၍ အချုပ်အတွင်းသို့ ချုပ်ထားပြီး အနိုင်ကျင့် နှိပ်စက်မှုမျိုးသည် အစဉ်အလာဖြစ်ကြောင်း၊ အချုပ်အတွင်းမှ အချုပ်သားများ ပြောပြ၍ သိရပြီး၊ ကျွန်တော့်အား အမှန်တကယ် ““ပြစ်မှု ကျူးလွန်ထားခြင်းမရှိဘဲ မတရား ဖမ်းဆီးချုပ်နှောင် ညှဉ်းပမ်းနှိပ်စက်မှု”” တို့ကို ကျေနပ်မှု မရှိပါသောကြောင့် အရေးယူ ဆောင်ရွက် ဖြေရှင်း ပေး ပါရန် သက်ဆိုင်ရာဌာန တိုင်ကြားပါသည်။

ကျွန်တော် မောင်ဝင်းအား တပ်ကုန်းမြို့မရဲစခန်း နယ်ထိန်း ရဲမောင်မောင်၏ မတရားစွပ်စွဲဖမ်းဆီး ချုပ်နှောင် ညှဉ်းပမ်း နှိပ်စက်မှုတို့ကြောင့်(က) တပ်ကုန်းမြို့ ကုတင် ၁၀၀ ဆေးရုံမှ နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံ သို့ ပြောင်းရွှေ့ပြီး ညှဉ်းပမ်းနှိပ်စက်မှု ဒဏ်ကြောင့် သရက်ရွက်နှင့် ဘေလုံး ပျက်စီးကာ ခွဲစိတ်ကုသခဲ့ရခြင်း။ (ခ) ၎င်းဒဏ်ရာ ခွဲစိတ်ကုသမှုဒဏ်ကြောင့် စားဝတ်နေရေးအတွက် လုပ်ကိုင်စားသောက်နေ ရသည့် တောင်သူ ထွန်ယက်စိုက်ပျိုး လုပ်ငန်းများကို မလုပ်ကိုင်နိုင်တော့ခြင်း။ (ဂ) ရဲဆိုသော ဂုဏ်ပုဒ်အာဏာကို အသုံးပြု၍ အပြစ်မဲ့ပြည်သူ တစ်ဦးအား မတရားဖမ်းဆီး ချုပ်နှောင်ထားခြင်း။ (ဃ) ကျွန်တော့်အား အချုပ်အတွင်းရှိ အချုပ်တန်းစီးနှင့် တပည့်တို့မှ ခြေလွန်လက်လွန် ညှဉ်းပန်းနှိပ်စက်မှုတို့နှင့် ငွေ ၂၅၀၀၀ တို့ကို အချုပ်ဝင်ကြေး အဖြစ် တောင်းယူမှုတို့အား မိဘပြည်သူများခင်ဗျား ဟု အစဉ်အမြဲ ပြောလေ့ရှိသော သမ္မတကြီး၏ မိန့်ခွန်း စကား ပြောကြားချက် အရ သန့်ရှင်းသောအစိုးရ၊ မှန်ကန်သော အုပ်ချုပ်ရေး၊ အမှန်တရား ဖြစ်စေရ မည်။ မိမိတို့ အခက်အခဲများ ဖြစ်နေပါက နိုင်ငံတော်သို့ တင်ပြပါ။ တိုင်ကြားပါ။ အကူအညီတောင်းပါ။ ဤသို့ ပြောကြား သွားသည့် သမ္မတကြီး၏ မိန့်ခွန်းစကားအတိုင်း အမှန်တရား ဖြစ်စေရန်အတွက် လိုအပ်သလို ဆက်လက် အရေးယူ ဆောင်ရွက် ပေးစေလိုပါကြောင်း မရားစွပ်စွဲ ညှဉ်းပမ်းနှိပ်စက်ခံရသူ ကျွန်တော် ဦးမောင်ဝင်းမှ အသနားခံရိုသေစွာ တင်ပြ တိုင်ကြား လိုက်ရပါသည်။

ဦးမောင်ဝင်း

နေပြည်တော်ကောင်စီနယ်မြေ

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

No comments:

Post a Comment