Written by
ငြိမ်းဝေ(ကဗျာ့အိုးဝေ)
သူသည် လမ်းကလေးရဲ့ ဘယ်တဖက် ညာတဖက် အဆင်ပြေသလိုရပ်ထားတဲ့ ကားကလေးများကိုကွေ့ ကာကောက် ကာရှောင်ကာ တိမ်းကာလျှောက် လာခဲ့ သည်။
တခါတရံ စက်ဘီးခေါင်းလောင်းသံ၊ ဆိုက်ကားခေါင်းလောင်းသံ များကြောဘက်မှကြားလိုက်ရလျှင် သူ့ခြေထောက်များက အလိုလိုသံပတ်ပေးသလို လမ်းဘေး သို့ အလျင်အမြန် တိုးကပ်ပေးလိုက်သည်နှင့်တပြိုင်နက် ဆိုက်ကားသို့မဟုတ် စက်ဘီးတစ်စီးက သူ့ဘေးမှ ကပ်လျက် ပွတ်ကာသီကာကျော် တက်သွားသည်။
လမ်းကလေးထဲ သူမြင်ရ ကြားရသမျှမြင်ကွင်းများမှာ သည်လမ်းကလေးထဲ သူရောက်လာကာစ လွန်ခဲ့သည့် တစ်လလောက်ကတည်းက ယခုအချိန်အထိ ဘာ တစ်ခုမျှ သိသိသာသာ ပြောင်းလဲမသွားသေး။ ဆောက်လက်စ ကန်ထရိုက်တိုက်တချို့ရှေ့အုတ်ပုံများ၊ သဲပုံများ၊ ပျဉ်တိုပျဉ်စများဘေးမှ လူတွေ ကခေါင်း ငိုက် စိုက် ချကာလျှောက် သွားကြသည်။
ရေမြောင်းများမှာ မည်းနက်ညိုပုတ်သော ရေဆိုးရေညစ်များ ပိတ်ဆို့ရပ်တန့်လျက် လမ်းပေါ် မရောက်တရောက် ဖြစ်နေသည်။ နွားမွေးသည့် တဲသာသာ အိမ် တစ်လုံးသည်ပင် သည်လမ်းကလေးထဲက အိမ်တွေ တိုက်တွေကြားတွင် ပုဝင်ပုန်းအောင်လျက်မည်းမှောင်ငြိမ်သက်စွာ ရှိနေသည်။ ကလေးတချို့ကလမ်းကျဉ်း ကလေးပေါ်တွင် ပင်ဘော်လုံး ကန်နေကြသည်။
ကြားရသည့်အသံများမှာ လည်းပြောင်းလဲမ သွားသေး။ ရုတ်စွ အဆုံးနေ့လယ် အချိန်လောက် ကတည်းက ည ကိုးနာရီလောက်အထိ လမ်းကြား၊ လမ်းသွယ်ဟူ သမျှ တစ်ခုမကျန် လှည့်လည်သွား လာရင်းဈေးရောင်းနေသည့် အသုပ်စုံ လှည်းလေး ၏ဈေးအော်ရောင်းသည့် အသံသည်ပင် ပုံစံမပျက် ထပ်ကာ ထပ်ကာ ကြားနေရဆဲ။ တချို့ဈေးသည်များရဲ့ ဈေးအော်ရောင်း သံများကိုမူ လုံးစေ့ပတ်စေ့ သူနားမလည်။ ပစ္စည်းအဟောင်း လိုက်ဝယ်သည့် လက်တွန်းလှည်း များက လည်း သူတို့ ဝယ်ချင်သည့် ပစ္စည်းတစ်ခုချင်းဆီ အော်ဟစ်ဝယ်ယူကြသည်မှာ နားထောင်လို့ပင် သာယာသလို ရှိသည်။
ပဲပြုတ်သည်၊ ကောက်ညှင်းပေါင်းသည်၊ ဟင်းသီးဟင်းရွက်သည်တို့ ရဲ့ဈေးအော်ရောင်းသည့် အသံများ ကိုလည်း ဘာအော် လိုက်သည် ဆိုသည်ကို သူ့မှာ ရုတ် တရက် သဲကွဲစွာ နားမလည်နိုင်သေး။ သူရောက်လာရာ ရပ်ကွက် ကလေး၊ သူနေထိုင်ရာ လမ်းကလေးထဲ အကြိမ်ကြိမ် အထပ်ထပ်ရောက် လာတတ်သည့် အမျိုးနှစ် ဆယ်လောက် ရှိသည့်ဈေးသည် အမျိုးမျိုး ရဲ့ဈေးအော်ရောင်းသံ အမျိုးမျိုးသည် ယခုအခါ မတော့ သူ့အဖို့ တမနက် ခင်းလောက် မကြားရဘူးထင် လျှင်ပင် အလိုလို နားစွင့်နေမိ သည်အထိ အညှို့ခံ လာရသည်။
ဒါကတော့ ရေရောင်းသည့်အသံ၊ ခပ်လှမ်းလှမ်း ဟိုဘက်က အော်လိုက်သည့်အသံက ရွှေရင်အေး မုန့်လက်ဆောင်းသည်အသံ၊ ဒါကတော့ခေါက်မုန့်သည်အသံ အစရှိသဖြင့်အော်သံသရုပ် ခွဲသည့် အလုပ် ကိုလည်း သူ့မှာ မသိမသာ လုပ်မိ လာသည်။ ဈေးသည်များမှာ တချို့တောင်း ကိုယ်စီ ရွက်လျက်၊ တချို့ လက်တွန်း လှည်း၊ တချို့ စက်ဘီးနှင့် တွဲထားသော လှည်းဖြင့် ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် လှည့်ပတ်သွား လာနေကြ၏။
အသုပ်စုံ လက်တွန်း လှည်းကလေး ကိုတော့ သူတော်တော် အံ့သြသည်။ လှည်းကလေးမှာ သူနေထိုင်သည့် လမ်းကလေးထဲ ဝင်လာ လိုက်၊ဘေး လမ်းတွေ ထဲရောက် သွားလိုက်၊ လမ်းကြို လမ်းကြား ကလေးထဲမှ ရုတ်တရက် ထွက်လာ လိုက်နှင့်တော်တော်လည်း သွားနိုင်သည့်ဈေး သည်ကလေး။ သူ့မှာ အသုပ်စုံ သယ်လေးရဲ့ တစာစာ လှည့်ပတ်အော်ဟစ် ဈေးရောင်းနေသည့် အသံသေးသေးလေးကို နားထောင်ကာ သနားနေ မိပြန်သည်။
လမ်းကလေးထဲတွင် ပျဉ်ထောင်အိမ်ထက် ဆောက်လက်စ တိုက်ခန်းများက ပိုပြီး အရေအတွက် များသည်။ သို့သော် တိုက်တစ်ခုလုံး အချော သပ်ဆောက်လုပ် ပြီးသွားသည့် တိုက်ခန်းဟူ၍မူ တစ်ခုမျှမရှိသေး။ မိသားစုတချို့ကမူ ဆောက်လက်စ တိုက်ခန်းများတွင် တက်ထိုင်နေကြ ပြီဖြစ်သည်။ဆောက် လုပ်ရေး အလုပ် သမားများသည်လည်း ဆောက်လက်စ တိုက်ခန်းများတွင် နေနေကြသည်။ သူသည်ပင်လျှင် အချောသပ် ဆေးသုတ်ခြင်း၊ အပြင်ဘက်က အချောကိုင်ခြင်း မပြု ရသေးသည့် တိုက်ခန်းတစ်ခန်းတွင် လစာပေး၍ လာရောက်နေထိုင်ခြင်း ဖြစ်သည်။
လမ်းကလေးထဲ တွင်ဈေးဆိုင်လေးများရှိသည်။ ဆံပင်အလှပြင်ဆိုင်၊မိတ္တူဆိုင်၊ အသုပ်စုံဆိုင်၊ကုန်စုံဆိုင်နှင့် နွားနို့အထုပ်ကလေးများ လမ်းပေါ်မှေး တင်ရောင်း သည့်ဆိုင်အထိ ရှိသည်။ ယင်း နွားနို့ရောင်းသည့် အိမ်ဆိုင်မှာ အိမ်ရှေ့မှ ဖြတ်လျှောက်သွားလျင် နွားချေးနံ့များရသည့် အိမ်ဖြစ်သည်။ သူက တခါတရံ အိမ်ရှေ့ မှဖြတ်လျှောက် သွားရင်း အိမ်ထဲသို့ အကဲခတ်သလို လှည့်ကြည့်တတ်သည်။ ထိုအခါ အိမ်ကလေးမှာ မည်းမှောင်နေ လျက်ငြိမ်သက်နေ တတ်သည်။နွား တစ်ကောင်ကိုမူ အိမ်အဝင်ဝတွင် ချည်နှောင်ထားသည်ကို တွေ့ရတတ်သည်။ ယင်းအိမ်သည်ကား သည်လမ်းကလေး ထဲတွင် နွားမွေး ပြီး နွားနို့ရောင်း စား သည့် တစ်ခုတည်းသော အိမ်ကလေးဖြစ်သည်။
လမ်းကလေးထဲတွင် သစ်ပင်ဟူ၍ မယ်မယ်ရရမရှိ။ တချို့သော အိမ်ခြံများထဲတွင်မူ သစ်ပင် ခပ်ငယ်ငယ်များကိုတွေ့ ရတတ်သော်လည်း သန်သန်မာမာ မရှိ ကြ။ လမ်းကလေးမှာ ကျဉ်းမြောင်း လွန်းသည့်အတွက် ကားငယ်နှစ်စီး တဖြေးဖြေးချင်း ကပ်ရှောင်မှရသည်။ လူသွားပလက်ဖောင်းလည်းမရှိ မြေအလွတ် လက်ကျန်ကလည်း မရှိ။ ထို့ကြောင့် သစ်ပင်စိုက် ရန် မြေမရှိ။ ထို့ကြောင့် ဆောက်လက်စ တိုက်ခန်းများ၊ ပျဉ်ထောင်အိမ် သေးသေးလေးများ၊ လမ်းပေါ် ဥဒဟို အဆင်ပြေသလို သူ့လမ်း ကိုယ့်လမ်းမရွေး နားလည်မှုဖြင့် သွားလာနေကြသော စက်ဘီး၊ ဆိုင်ကယ်၊ ဆိုက်ကား၊ စီတီးတက္ကစီ ကားလေးများဖြင့်ဝေစည် လျက် ရှိသည်။
သူက သည်လမ်းကလေးထဲ သည်ရပ်ကွက်ထဲ ပြောင်းရွှေ့ရောက်လာကတည်းက စာတိုပေ စကလေး များရေး လို့ရနိုင်ကောင်း ရဲ့ဟုတွေး ထားခဲ့ သည်။တွေး သည့်အတိုင်းလည်း စာရေးရန် နှိုးဆော်သည့် အကြောင်းအရာများကိုလည်း ရွေးချယ်ထားပြီး ဖြစ်သည်။ သူ့မှာ ရေးလက်စ ဝတ္တုရှည်ကြီးတစ်ပုဒ် ဆက်ရေးရန် ရှိသည်။ သူချစ်သောဖေ့စ်ဘွတ်ပေါ် ကဗျာများ အလျဉ် မပြတ်ရေး တင်ရန် ရှိသည်။ ဓာတ်ပုံရိုက် ဝါသနာ ပါသဖြင့်နေရာအနှံ့ သွားကာ ဓာတ်ပုံရိုက်ရန် ရှိနေ သည်။ အထူးဖြင့် ရုံးတက်လျှင် ရထားစီး၊ ရုံးပြန်လျင် ဘတ်စ်ကားစီးရသည်ကို အလွန်အမင်း စွဲလန်းနှစ်သက် လာနေမိသည်။
သည်ကြားထဲကမှ သည်လမ်းကလေးထဲက အသံဗလံများ၊ အနံ့အသက်များ၊ လူများ၊ ဈေးဆိုင်ကလေးများ၊ကလေးများ၊ခွေးများကအစ သူ့မှာ လိုက်လံ ထိတွေ့ ခံစားလို့ မဝနိုင်အောင် ဖြစ်နေသည်။ အထူးသဖြင့် လမ်းကလေးရဲ့ ဖြားယောင်းမှုနောက် နေ့တိုင်းလိုလို တကောက်ကောက် လိုက်ပါနေခြင်းဖြင့် သူဆက်ရေး ရန်ရှိသော ဝတ္တုရှည်ကြီးကိုလည်း ဆက်မရေးနိုင်။ ကဗျာလည်း ဟုတ်တိပတ်တိ မရေးနိုင်။ လမ်းကလေးမှ လမ်းကလေး ဖြစ်ကာ လမ်းကလေးအကြောင်းကိုပဲ အမှတ်မထင် တွေးနေမိခဲ့သည်။
မနေ့တုန်းကမူ လမ်းကလေးထဲ လျှောက်လာနေစဉ် အခိုက် သူ့မှာ အတွေးတစ်ခု ကောက်ရ လိုက်ရ ပြန်သည်။ သူသည် လက်ဘက်ရည်ဆိုင် ထိုင်တတ်သူဖြစ် သည်။ သူနေသော လမ်းကလေးနှင့် အတန်ငယ်ဝေးသည့် ဧကရာဇ် လဘက်ရည်ဆိုင်ဆီ နေ့တိုင်း သွားထိုင်သူဖြစ်သည်။ လမ်းကလေးထဲတွင် သူ အလွန်ထိုင် ချင်သည့် လက်ဘက်ရည်ဆိုင် မရှိသည်ကို သွားပြီး တွေးမိသွားသည်။ ထိုအခါ သူသည် ထိုလစ်ဟာချက်ကိုတွေးမိကာ သူ့လမ်းကလေးထဲ လက်ဘက်ရည် ဆိုင် ကလေးတစ်ခု ရှိလျင် မည်မျှကောင်းမည်နည်းဟု တွေးမိလာရသည်။ အကယ်၍များ သည်လမ်းကလေးထဲ လက်ဘက်ရည်ဆိုင်လေးတစ်ဆို ရှိလာခဲ့မည်ဆို လျှင်သူသည် ဆိုင်နာမည်လေး ခွင့်တောင်းပြီး ရွေးပေးရန်ပင် နာမည်ရွေးထားလိုက်မိသည်။ သူ့စိတ်ကူးနှင့် သူ ရွေးချယ်ထားသည့် လက်ဘက်ရည်ဆိုင်လေး၏ နာမည်မှာ The Stranger ဟူ၍ ဖြစ်ပါသည်။
Credit - Mizzima News
No comments:
Post a Comment