အစိုးရက သောင်းကျန်းသူအဖြစ်သတ်မှတ်ထားသည့် ကိုးကန့် ဒေသလက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့ဖြစ်သော မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA သည် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ထိန်းချုပ်ရာဒေသတွင် ကျင်းပရန်ရှိသည့် တိုင်းရင်းသား ခေါင်းဆောင်များ ညီလာခံသို့ တက်ရောက် ဆွေးနွေးမည်ဟု MNDAA ပြောခွင့်ရ ဦးထွန်းမြတ်လင်းက ပြောသည်။
"တိုင်းရင်းသား ထိပ်သီးညီလာခံကို တက်မှာပါ။ တစ်နေ့တုန်းက ဖိတ်စာရပါတယ်။ တက်ဖို့တော့ ဆုံးဖြတ်ထားပါတယ်။ ဘယ်နေ့ဘယ်မှာလုပ်မယ်ဆိုတာကတော့ UWSA (၀ပြည်သွေးစည်း
ညီညွတ်ရေးတပ်မတော်)ကိုသာ မေးပါ။ သူတို့က သတင်းမထုတ်ပြန်သေးတော့ ကျွန်တော် ပြောလို့အဆင်မပြေဘူး" ဟု ပြောသည်။
ညီလာခံကို လက်ရှိနိုင်ငံတွင် ဖြစ်ပွားနေသည့် ဖြစ်စဉ်များနှင့် ငြိမ်းချမ်းရေးအမြင်များကို ဆွေနွေးရန် ခေါင်းစဉ်ဖြင့် ဖိတ်ကြားထားသည်ဟု ဆိုသည်။ MNDAA သည် ဆွေးနွေးမည့် အကြောင်းအရာများကို အဖွဲ့အတွင်းပြန်လည်ဆွေးနွေးကာ ညီလာခံတွင် ထပ်မံဆွေးနွေးမည်ဖြစ်သည်။
လက်ရှိအခြေအနေတွင် အစိုးရတပ်မတော်နှင့် ကိုးကန့်တပ်ဖွဲ့တို့ ဧပြီလ ၈ ရက် နံနက် ၅ နာရီက တိုက်ပွဲများပြင်းထန်နေခဲ့ပြီး နေ့လည် ၂ နာရီအချိန်အထိ တိုက်ပွဲများ ဖြစ်နေဆဲဟု ဦးထွန်းမြတ်လင်းက ဆိုသည်။
တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် နောက်ဆုံးမူကြမ်းကို တိုင်းရင်းသားခေါင်းဆောင်များက ပြန်လည်ဆွေးနွေးမည့် ညီလာခံသို့ တက်ရောက်ရန် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNFC အဖွဲ့ဝင် MNDAA ဖိတ်ကြားခံရခြင်းဖြစ်သည်။ ညီလာခံကို ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆန်းမြို့တွင် ကျင်းပရန် လျာထားသည်ဟု တအောင်းတပ်မတော် အထွေထွေ အတွင်းရေးမှူး(၂)တာဝံရ်ချိုဝ်းက ဆိုသည်။
လောက်ကိုင်ဒေသအတွင်း ဖေဖော်ဝါရီလ ၉ ရက်က စတင်ကာ ဦးဖုန်းကြားရှင် ဦးဆောင်သော ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ MNDAA နှင့် အစိုးရ တပ်မတော်တို့ ဖေဖော်ဝါရီ ၉ ရက်က စတင်၍ တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
MNDAA ခေါ် ကိုးကန့် တပ်မတော်သည် ၁၉၈၉ ခုနှစ်က မြန်မာအစိုးရ စစ်တပ်နှင့် အပစ်အခတ် ရပ်စဲခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် ကိုးကန့်တပ်မတော်၏ မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် လက်နက်ထုတ်လုပ်မှုကို ဓါတ်ပုံအထောက်အထားနှင့်တကွ မြန်မာအစိုးရ စစ်တပ်က ထောက်ပြပြောဆိုခဲ့သည်ကို ငြင်းဆိုခဲ့သည်။
ယင်းနောက် စုံစမ်းရန် ရောက်ရှိလာသည့် ရဲဝန်ထမ်း ၁၄ ဦးကို ကိုးကန့်တပ်မတော်က သတ်ဖြတ်ပြီးနောက် မြန်မာအစိုးရ စစ်တပ်က
မူးယစ်ဆေးဝါး ထုတ်လုပ်မှုကို ၀င်ရောက်ရှာဖွေရာမှ တိုက်ခိုက်ခဲ့သဖြင့် ကိုးကန့်တပ်မတော် ခေါင်းဆောင် ဦးဖုန်းကြားရှင်သည်
အိမ်နီးချင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး ဖေဖော်ဝါရီလအတွင်း တိုက်ခိုက်မှုများဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
Credit - Mizzima - News in Burmese
No comments:
Post a Comment