လွှတ်တော်ကကော နိုင်ငံပိုင်မဟုတ်လားဟု တန်ပြန်မေးခွန်းထုတ်ခံရ
နိုင်ငံပိုင် အဆောက်အဦးများတွင် နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်ခြင်းသည် ဥပဒေနှင့် ညီညွတ်မှုမရှိဘဲ ပါတီဖျက်သိမ်းခံရသည်အထိ အရေးယူနိုင်ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ၀န်ကြီးက ပြောဆိုလိုက်ရာ နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနေသည့် လွှတ်တော်သည်ကော နိုင်ငံပိုင် မဟုတ်လားဟု ဧပြီ ၈ ရက်က ကျင်းပသည့် လွှတ်တော်တွင် အမတ် တစ်ဦး၏ တန်ပြန်မေးခွန်းထုတ်လိုက်သည်။
လွှတ်တော်အမတ်အချို့ တည်းခိုနေထိုင်သည့် စည်ပင်ဧည့်ရိပ်သာတွင် နိုင်ငံရေးဆွေးနွေးပွဲများ မလုပ်ရန် ပိတ်ပင်ခံရပြီးနောက် လွှတ်တော် အမတ်များအတွက် တည်းခိုဆောင်များ နိုင်ငံတော်စရိတ်ဖြင့် တည်ဆောက်ပေးရန် အမျိုးသားလွှတ်တော်အမတ် မန်းတင်အောင်မြင့်က
တင်သွင်းသည့် အဆိုကို ဝန်ကြီး ဒေါက်တာကံဇော်က ဖြေရှင်းရာမှ မေးခွန်းထုတ်ခံရခြင်းဖြစ်သည်။
ဒေါက်တာကံဇော်က စည်ပင်ဧည့်ရိပ်သာများတွင် လွှတ်တော်အမတ်များ နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်သည်ကို ရည်ညွှန်းလျက် ဥပဒေနှင့် မညီသည့် လုပ်ဆောင်မှုဟု အဆိုကို ဆွေးနွေးခဲ့ရာ အမျိုးသားလွှတ်တော်အမတ် ဒေါက်တာ ဗညားအောင်မိုးက တန်ပြန်မေးခွန်းထုတ်ခဲ့ခြင်းဖြစ်သည်။
"နိုင်ငံပိုင် အဆောက်အဦးတွေမှာ နိုင်ငံရေးဆွေးနွေးမှုတွေ လုပ်လို့မရဘူးဆိုရင် အခု လွှတ်တော်ကြီးထဲမှာ နိုင်ငံရေးဆွေးနွေးမှုတွေ
လုပ်နေတယ်။ လွှတ်တော်ကြီးကရော နိုင်ငံပိုင်အဆောက်အဦး မဟုတ်ဘူးလား" ဟု မေးခွန်းထုတ်ခဲ့ကြောင်း ဗညားအောင်မိုးက မဇ္ဈိမကိုပြောသည်။
ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်ကလည်း အဆိုပါ အဆောက်အဦးများ ဆောက်လုပ်မည်ဆိုပါက ကျပ်ဘီလီယံ ၂၀ ခန့် ကုန်ကျမည်ဟု ဆိုသည်။ ထို့ကြောင့် ဘဏ္ဍာငွေ မလုံလောက်ခြင်းကြောင့် ငြင်းဆိုခဲ့သည်။ မန်းတင်အောင်မြင့်၏ အဆိုသည် အရေးကြီးအဆို အင်္ဂါရပ်နှင့် မညီဟုလည်းဆိုသည်။ သက်ဆိုင်ရာ ပါတီများက ဘဏ်များတွင် ငွေချေးကာ မိမိတို့ဘာသာ ဆောက်လုပ်ရန်လည်း ဦးဝင်းရှိန်က တိုက်တွန်းခဲ့သည်။
ဦးဝင်းရှိန်၏ အကြံပြုချက်နှင့် ပတ်သက်၍ အမျိုးသားလွှတ်တော်အမတ် ဦးလှဆွေကမူ "ဆိုတဲ့အတိုင်း ဆောက်ကြပါပြီ ထားဦး ဘယ်ပါတီက အမတ်ဘယ်နှစ်ယောက် ဘာရွေးကောက်ပွဲလုပ်လုပ် အဲ့အရေအတွက်အတိုင်း အမြဲပုံမှန်ကြီး အရွေးခံရမယ်လို့ ထင်နေတာလား ၊ ဒါဆို ဥာဏ်နည်းတဲ့ အတွေးအခေါ်လို့ ပြောရမှာပေါ့ ဘယ်ပါတီမှ အမတ်ဦးရေ ဘယ်လောက်နိုင်မယ်ဆိုပြီး အပြတ်မပြောနိုင်ပါဘူး" ဟု မှတ်ချက်ပေးသည်။
လွှတ်တော်အမတ်များနှင့် ဝန်ကြီးနှစ်ပါးတို့ အခြေအတင်ဆွေးရာ အခြားလွှတ်တော်အမတ်များကလည်း ဆွေးနွေးရန် မိုက် အလုအယက် တောင်းခံပြီးနောက် ပြည်ထောင်စုလွှတ်တော်နာယက ဦးရွှေမန်းက ဆွေးနွေးမှုကို ရပ်ဆိုင်းရန် မှတ်ချက်ပေးကာ အဆိုကို မှတ်တမ်းတင်ခြင်းဖြင့်သာ ပြီးဆုံးခဲ့သည်။
လွှတ်တော်ကိုယ်စားလှယ်များသည် စည်ပင်ဧည့်ရိပ်သာတွင် ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းအထိ နိုင်ငံရေးဆွေးနွေးပွဲများပြုလုပ်ခဲ့ပြီး ၂၀၁၅
ခုနှစ် ဇန်န၀ါရီလကုန်ခန့်တွင် စည်ပင်အုပ်ချုပ်ရေး အဖွဲ့က စည်ပင်ဧည့်ရိပ်သာတွင် နိုင်ငံရေးဆွေးနွေးပွဲများ မပြုလုပ်ရန် တရားဝင်
ကြေညာစာ ထုတ်ပြန်ခဲ့သည်။
Credit - Mizzima - News in Burmese
No comments:
Post a Comment