Monday, February 23, 2015

ရှမ်းမြောက်တွင် ကေအိုင်အေနှင့် အစိုးရတပ် တိုက်ပွဲပြန်ဖြစ်၊ ရွာသား ၇၀၀ခန့် တိမ်းရှောင်နေရ

 ဖနိဒါ

ချင်းမိုင် (မဇ္ဈိ) ။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း မုံးဂိုးမြို့နယ်အတွင်းရှိ အစိုးရနှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အပါအဝင် တပ်ပေါင်းစုတို့ တိုက်ပွဲ နေ့စဉ် ဖြစ်ပွားခဲ့သဖြင့် ရွာသား ၇၀၀ ခန့် ထွက်ပြေး တိမ်းရှောင်နေရသည်ဟု မူဆယ်ခရိုင် မုန်မောင်ဇုံနယ် ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် KBC ၏ စစ်ပြေးဒုက္ခများ ကယ်ဆယ်ရေးမှ တာဝန်ခံ ဆရာဆွမ်းလွတ်ဘရန်ဆန်က မဇ္ဈိမကို ပြောသည်။

သံလွင်မြစ် နောက်ဘက်ခြမ်းတွင် ဖောင်းဆိုင်ဒေသအနီး အစိုးရ စစ်တပ်နှင့် KIA၊ တအာင်းတပ်မတော်(TNLA)နှင့် ရခိုင်တပ်မတော်(AA) တို့နှင့် တိုက်ပွဲ ဖြစ်ပွားနေသဖြင့် မုံးဂိုးမြို့နယ် ဖောင်ဆိုင် အနီးတဝိုက်ရှိ ကျေးရွာ ၈ ရွာမှ ရွာသားများ ဖေဖော်ဝါရီ ၂၁ရက်မှစတင်၍ တရုတ်-မြန်မာနယ်စပ်သို့ ထွက်ပြေး တိမ်းရှောင်နေရသဖြင့် လက်ရှိ အစားအသောက် အခက်အခဲနှင့် ကြုံတွေ့နေရသည်ဟု ဆရာ ဆွမ်းလွတ်ဘရန်ဆန့်က ပြောသည်။

“ဖောင်းဆိုင်တောင်အနားက ပဝမ်ရွာတွေ ၈ ရွာလောက်ရှိတဲ့ အဲဒီရွာသားတွေ ၇၀၀ လောက်ရှိပြီ။ မနေ့ကနေ ထွက်ပြေးလာတာ။ အခုက ဖောင်ဆိုင်ခလွမ်ခရက် တရုတ်နယ်စပ်ရောက်နေကြတယ်။ တရုတ်တွေလည်း လက်မခံဘူး။ ဟိုဘက်ကမ်းမှာလည်း တရုတ်ရဲတွေ စောင့်နေတယ်။ အစားအသောက်ကူညီဖို့ မကူညီနိုင်ဘူး”ဟု သူက ပြောသည်။

အဆိုပါ စစ်ပြေးဒုက္ခသည်များက တရုတ်နိုင်ငံဘက်ခြမ်းသို့ ခိုလှုံရန် တရုတ်အစိုးရက ခွင့်မပြုသဖြင့် မြန်မာ-တရုတ်နယ်စပ် ခလွမ်ခရက်တွင်သာ ခိုလှုံနေသည်ဟု သူက ပြောသည်။

“ကျနော်တို့ သွားခေါ်ဖို့ သူတို့ကို ဆက်သွယ်ကြည့်တော့ လမ်းမှာ တိုက်ပွဲတွေ ဖြစ်နေတော့ သွားခေါ်ဖို့ ခက်နေတယ်။ မုန်ဂိုးဘက် ခေါ်ယူဖို့လည်း ခက်နေတယ်။ အခု လောလောဆယ် နေဖို့နဲ့ အစားအသောက်တွေ မရှိလို့ ဒုက္ခရောက်နေတယ်လို့ သိရတယ်”ဟု သူက ပြောသည်။

ဖေဖော်ဝါရီလ ၂၁ ရက်က သံလွင်မြစ်အရှေ့ဘက်ခြမ်း လောက်ကိုင်ဒေသဘက်တွင်လည်း မြန်မာအမျိုး သားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) လှုပ်ရှားနေသော ဖုန်းရွှေးရှန်းတွင် အစိုးရ စစ်တပ်က တိုက်လေယဉ် နှစ်စီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေဆဲ ဖြစ်သည်ဟု MNDAA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်းက ပြောသည်။

“တိုက်ပွဲက ဒီမနက် ၁၁ နာရီလောက်ကတည်းကနေ ဖုန်းရွှေးရှန်းဘက်မှာ အစိုးရဘက်မှ လေယာဉ်နဲ့ ဗုံးလာကျဲသွားတယ်။ စက်သေနပ်နဲ့ ပစ်တယ်။ ဟတ်စကီးနှစ်စီး၊ တိုက်လေယဉ်နှစ်စီး လာကျဲသွားတယ်။ တိုက်ပွဲက ခုထိ ညနေ ၄ နာရီထိ ဖြစ်နေတုန်းဘဲဗျ တိုက်ပွဲက ပြင်းထန်တယ်။ အကျအဆုံးက မသိရသေးဘူး။ ကျနော်တို့ကတော့ ခုခံရုံဘဲ ရှိမှာပါ”ဟု သူက ပြောသည်။

ဖေဖော်ဝါရီလ ၉ ရက်မှစတင်၍ ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့အနီးတွင် မြန်မာအမျိုး သားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) အပါအဝင် တအာင်းတပ်မတော်(TNLA)နှင့် ရခိုင်တပ်မတော်(AA) တို့ ပူးပေါင်းတပ်များနှင့် တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သဖြင့် စစ်ပြေးဒုက္ခသည် ၄၀၀၀၀ ဝန်းကျင်သည် တရုတ်နယ်စပ် နမ်ဆန်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်။

တိုက်ပွဲအတွင်း နှစ်ဖက် ကျဆုံးမှု အများအပြားရှိခဲ့ပြီး လောက်ကိုင်ဒေသကို ဖေဖော်ဝါရီလ ၁၂ ရက်က ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့ပြီးနောက် စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ထားသည်။


Credit - Mizzima News

No comments:

Post a Comment