ရန်ကုန် (မဇ္ဈိမ)။ ။ လုပ်ခလစာတိုးရန် တောင်းဆိုနေသည့် ရွှေပြည်သာစက်မှုဇုန်
အထည်ချုပ်အလုပ်သမားများ သပိတ်စခန်းမှ ခေါင်းဆောင်တစ်ဦးကို ဖေဖော်ဝါရီ ၂၄
ရက်ညက နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ- ၅၀၅(ခ) ဖြင့် ထပ်မံ
ဖမ်းဆီးလိုက်ပြီဖြစ်ကြောင်း ရွှေပြည်သာမြို့နယ် အလုပ်သမားသမဂ္ဂ အမှုဆောင်
ကိုကျော်လွင်ဦးက မဇ္ဈိမကို ပြောသည်။

ရွှေပြည်သာမြို့နယ်တွင်းရှိ
စက်ရုံ ၃ ရုံက အနိမ်းဆုံး လုပ်ခလစာအတွက် အင်းစိန်မြို့နယ်ရှိ
မြောက်ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ရုံးတွင် အလုပ်သမား
ကိုယ်စားလှယ် အယောက် ၃၀ နှင့် အလုပ်ရှင် အလုပ်သမား ညှိနှိုင်းရေးအဖွဲ
ရန်ကုန်တိုင်း ဝန်ကြီး ဦးမြင့်ဆွေတို့ ညှိနှိုင်းဆွေးနွေးစဉ်။ (ဓာတ်ပုံ -
သက်ကို၊ မဇ္ဈိမ)
ဖေဖော်ဝါရီ ၂၀ ရက်က အဆိုပါ သပိတ်စခန်းမှ အလုပ်သမားခေါင်းဆောင်နှစ်ဦးကို ဖမ်းဆီးပြီးနောက် လေးရက်အကြာတွင် အလုပ်သမားခေါင်းဆောင် တစ်ဦးဖြစ်သူ ကော့စတစ် အထည်ချုပ်စက်ရုံမှ ကိုနိုင်ကျော်ကြည်လင်းကို လှိုင်သာယာမြို့နယ်အတွင်းရှိ သူ၏ နေအိမ်နှိုက် ညနေ ၄ နာရီ တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
ကိုကျော်လွင်ဦးက "ကိုနိုင်ကျော်ကြည်လင်းကို လှိုင်သာယာက သူ့အိမ်မှာပဲ ညနေလေးနာရီလောက် လူနှစ်ဆယ်လောက်နဲ့ လာဖမ်းသွားတယ်။ ၅၀၅ (ခ)နဲ့ပဲ လှိုင်သာယာရဲစခန်းမှာ အမှုဖွင့်ထားတယ်” ဟု ပြောသည်။
ရွှေပြည်သာမြို့နယ် အထည်ချုပ်စက်ရုံများမှ နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မဖြင့် ဖမ်းဆီးခံထားရသည့် အလုပ်သမားခေါင်းဆောင်နှစ်ဦး အမြန်ဆုံး ပြန်လွတ်ပေးရန် အလုပ်သမား ၉၀၀ ကျော် က ဖေဖော်ဝါရီ ၂၃ ရက်က ပင်မသပိတ်စခန်းဖြစ်သည့် E-Land Myanmar အထည်ချုပ်စက်ရုံဘေး တွင် ဆုတောင်းပွဲပြုလုပ် တောင်းဆိုခဲ့ပြီးနောက် တစ်ရက်အကြာတွင် အလုပ်သမားခေါင်းဆောင်တစ် ဦးကို ထပ်မံဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ဖေဖော်ဝါရီ ၂၀ရက်က ဖမ်းဆီးခံထားရသော အလုပ်သမားခေါင်းဆောင်နှစ်ဦးမှာ နှစ်ဦးမှာ E-Land Myanmar အထည်ချုပ်စက်ရုံမှ ကိုမျိုးမင်းမင်းနှင့် Ford Glory အထည်ချုပ်စက်ရုံမှ ကိုနိုင်ဌေးလွင်တို့ ဖြစ်သည်။
ရွှေပြည်သာမြို့နယ်တွင် လုပ်ခလစာတိုးမြှင့်ပေးရန် COSTEC၊ E-Land Myanmar နှင့် Ford Glory အထည်ချုပ်စက်ရုံမှ အလုပ်သမား အင်အားထောင်ချီက လုပ်ခလစာတိုးမြှင့်ပေးရေး ဆန္ဒထုတ်ဖော် တောင်းဆိုနေခြင်းဖြစ်ပြီး ညှိနှိုင်းအကြိမ်ကြိမ် ပြုလုပ်ခဲ့သော်လည်းပြေလည်မှု မရရှိသေးပေ။
ဖေဖော်ဝါရီ ၁၇ ရက်က တိုင်းအစိုးရက စက်ရုံများ ရှေ့ပိတ်ဆို့ဆန္ဒပြမှုများကို ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း သတိပေးထုတ်ပြန်ခဲ့ပြီး ဖေဖော်ဝါရီ ၂၀ ရက် ညတွင် အလုပ်သမားများနှင့် အစိုးရလုံခြုံရေးတို့ အကြား အဓိကရုဏ်းဖြစ်ပွားခဲ့သည်။ ရန်ကုန်တိုင်းအစိုးရကလည်း ဖေဖော်ဝါရီ ၂၃ ရက်က ဆူပူမှုခြင်းနှင့် အကြမ်းဖက်မှုများ လုပ်ဆောင်ပါက တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတိပေးထုတ်ပြန်ထားသကဲ့သို့ ဖေဖော်ဝါရီ ၂၅ ရက်တွင် အလုပ်သမားများအနေဖြင့် ရန်ကုန်တိုင်း အလုပ်သမားရေးရာ ညှိနှိုင်းရေးအဖွဲ့နှင့် အမြန်ဆုံးဆက်သွယ်ကာ လာရောက်ညှိနှိုင်းရန် မေတ္တာရပ်ခံကြောင်းကိုလည်း ထပ်မံထုတ်ပြန်ခဲ့သည်။
Credit - Mizzima News
No comments:
Post a Comment