Saturday, February 28, 2015

UPWC နှင့်တွေ့မည့် ခုနစ်ကြိမ်မြောက် အစည်းအဝေးအတွက် NCCT အကြိုဆွေးနွေး

ချင်းမိုင် (မဇ္ဈိမ) ။ ။ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ မတ်လလယ်တွင် ပြန်လည် တွေ့ဆုံမည့် ခုနစ်ကြိမ်မြောက် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းဆွေးနွေးပွဲအတွက်  အကြို လုပ်ငန်းအကြို ဆွေးနွေးမှုကို NCCT က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အစည်းအဝေး ကျင်းပနေပြီ ဖြစ်သည်။

အဆိုပါ အစည်းအဝေးမှာ NCCT အဖွဲ့ဝင်များအတွင်း ၁၇ ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပနေခြင်း ဖြစ်သည်။ 

NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ဒီနေ့က အရင်တွေ့ဆုံဆွေးနွေးချက်တွေအပေါ် သုံးသပ်တာ။ အခြေအနေတွေကို သုံးသပ်တာလောက်ဘဲ”ဟု ပြောသည်။

NCCT ဒုတိယခေါင်းဆောင် ပဒိုကွယ်ထူးဝင်းက ခရီးလွန်နေသဖြင့် ပထမနေ့ အစည်းအဝေးသို့ တက်ရောက်ခြင်း မရှိသော်လည်း ဖေဖော်ဝါရီ ၂၈ ရက်မှ စတင်၍  အစည်းအဝေး တက်ရောက်မည် ဖြစ်ပြီး အဓိကအားဖြင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် ညှိနှိုင်းရန် ကျန်နေသည့်အချက်များကို ပြန်လည် ညှိနှိုင်းကြမည် ဖြစ်ကြောင်း ပဒိုကွယ်ထူးဝင်းက ပြောသည်။

“အဓိက နောက်ထပ်တွေ့မဲ့ ခုနှစ်ကြိမ်မြောက် ဆွေးနွေးပွဲအတွက် NCA နဲ့ပတ်သက်လို့ ညှိနှိုင်းလို့ မပြီးသေးတဲ့ အကြောင်းအရာတွေ ကျွန်တော်တို့ ဒီဖက်က ပြန်ညှိနှိုင်းပြီး သဘောထားချမှတ်မယ်”ဟု ၎င်းက မဇ္ဈိမကို ပြောသည်။

ဆွေးနွေးပွဲတွင် လက်ရှိ အစိုးရနှင့် ကိုးကန့်လက်နက်ကိုင်အဖွဲ့တို့အကြား ဖြစ်ပွားနေသော တိုက်ပွဲနှင့် ပတ်သက်၍လည်း ထည့်သွင်းဆွေးနွေးသွားမည် ဖြစ်ကြောင်း ပဒိုကွယ်ထူးဝင်းက ပြောသည်။

NCCT ၏ အစည်းအဝေးသို့ မြန်မာ့ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုဌာန (MPC) မှ ကိုယ်စားလှယ်များလည်း လာရောက်၍ ပြန်လည် တွေ့ဆုံဆွေးနွေးနိုင်ရေး ရက်သတ်မှတ်မည် ဖြစ်ကြောင်း သိရသည်။ ထိုအစည်းအဝေးကို ဖေဖောါဝါရီလ ၂၇ ရက်မှ လာမည့်မတ်လ ၁ ရက်ထိ သုံးရက်ကြာ ကျင်းပကြမည် ဖြစ်သည်။

NCCT နှင့် UPWC တို့သည် လာမည့် မတ်လလယ်တွင် ရန်ကုန်မြို့တွင် ၇ ကြိမ်မြောက် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းတွေ့ဆုံဆွေးနွေးပွဲ ကျင်းပရန် ဖေဖော်ဝါရီလ ၂၁ ရက်က ဆွေးနွေးပွဲတွင် နှစ်ဖက် သဘောတူထားသည်။

နှစ်ဖက် ဆွေးနွေးညှိနှိုင်းရန် ကျန်နေသောအချက်များမှာ လိုင်ဇာတွင် ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်များ ထပ်မံ မဖြစ်ပေါ်စေရန် ဆွေးနွေးပွဲများ ပြုလုပ်ရန်၊ အပစ်အခတ် ရပ်စဲထားစဉ် အတွင်း နှစ်ဖက် လိုက်နာရမည့် ကျင့်ဝတ် စည်းကမ်းနှင့် ယင်းကျင့်ဝတ်စည်းကမ်းများ ဖောက်ဖျက်မှုကို တားဆီးရန် ပူးတွဲစောင့်ကြည့် ကြီးကြပ်ရေး ကော်မတီ ဖွဲ့စည်းရန်တို့ ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် စက်တင်ဘာလက UPWC နှင့် NCCT တို့ ၆ ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပြီးနောက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ချို့နှင့် တိုက်ပွဲ ပြန်လည် ဖြစ်ပွားခဲ့သလို၊ လိုင်ဇာသို့ အစိုးရ စစ်တပ်က လက်နက်ကြီး ပစ်ခတ်ခဲ့သဖြင့် ဗိုလ်လောင်း ၂၃ ဦးသေဆုံးမှုများ ဖြစ်ပွားခဲ့သဖြင့် ပြန်လည် တွေ့ဆုံဆွေးနွေးနိုင်ခြင်း မရှိခဲ့ပေ။


Credit - Mizzima News

 
 

No comments:

Post a Comment