လက်ရှိ ဖြစ်ပွားနေတဲ့ ကိုးကန့်ဒေသတိုက်ပွဲတွေနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ဖေဖော် ဝါရီ ၂၁ ရက်က နေပြည် တော်မှာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) က ဒု-ဗိုလ်ချုပ်ကြီး မြထွန်းဦး ဦးဆောင်ပြီး သတင်းစာ ရှင်းလင်းပွဲတစ်ရပ် ကျင်းပပြုလုပ်ခဲ့ပါတယ်။ သူက ဖုန်ကြားရှင်နဲ့ ကိုးကန့်ဒေသသမိုင်း နောက်ခံ၊ လက်ရှိတိုက် ပွဲတွေ ဖြစ်ပွားခဲ့သည်အထိ ဖြစ်စဉ်၊ တရုတ်နိုင်ငံဘက်က ပါဝင်ပါတ်သက်မှုရှိမရှိ၊ လက်နက်ကိုင် တိုင်းရင်းသား တပ်ဖွဲ့တွေဘက်က ပါဝင်ပတ်သက်မှု ရှိမရှိစတဲ့ အချက်တွေ ရှင်းပြခဲ့ပါတယ်။ တဆက်တည်း သူက ဖုန်ကြားရှင်ရဲ့ ကိုးကန့်တပ်ဖွဲ့တွေ အဲဒီဒေသမှာ ခြေကုတ်ယူလို့ မရနိုင်အောင် အပြတ်တိုက် ခိုက်ချေမှုန်း သွားမယ်လို့လည်း ကြေငြာခဲ့ပါတယ်။
တိုက်တိုက်ဆိုင်ဆိုင် အဲဒီနေ့မှာပဲ ကေအိုင်အို ဦးဆောင်တဲ့ ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ် ကောင်စီ UNFC ကလည်း ကိုးကန့်တိုက်ပွဲ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ရှင်းလင်းတဲ့ ကြေငြာချက် တစ်စောင် ထုတ်ပြန်ခဲ့ပြီး အစိုးရအနေနဲ့ ဦးဖုန်ကြားရှင်ရဲ့ ကိုးကန့်တပ်ဖွဲ့ကို အသိအမှတ်ပြု၊ အပစ်အခတ်ရပ်စဲရေး ကနေ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာရေး ဆီသွားပါလို့ တိုက်တွန်းထားတာ တွေ့ရပါတယ်။ နေပြည်တော်မှာ တပ်မတော်ဘက်က ဘယ်လိုရှင်းလင်းခဲ့သလဲ၊ တိုင်းရင်းသားတွေဘက်က တောင်းဆိုချက်ကို တပ်မတော်ဘက်က လိုက်လျောနိုင်ပါ့မလား၊ ရှေ့ဘာဆက်ဖြစ် လာနိုင်မလဲဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြ သွားပါ့မယ်။
ဒု-ဗိုလ်ချုပ်ကြီး မြထွန်းဦး နေပြည်တော်မှာ ရှင်းလင်းခဲ့တာ အပိုင်း (၃) ပိုင်း ပါပါတယ်။ ပထမ အပိုင်း ကတော့ ဦးဖုန်ကြားရှင်နဲ့ ကိုးကန့်ဒေသအကြောင်းပါ။ ဒါကတော့ အရင်ကတည်းက အစိုးရနဲ့ တပ်မတော် ဘက်က ပြောဆိုခဲ့သလို ၂ဝဝ၉ မှာ ဦးဖုန်ကြားရှင်က မူးယစ်ဆေးဝါးနဲ့ လက်နက်စက်ရုံ ပြဿနာတွေရှိလို့ တပ်မတော်ဘက်က အရေးယူဖို့ကြိုးစားတယ်၊ ဒါကို လက်မခံတဲ့အတွက် တိုက်ထုတ်လိုက်ရတော့ ထွက် ပြေးသွားရတယ်။ အခု လူသူစုဆောင်း၊ အခြားလက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး ကိုးကန့်နယ်မြေ ပြန်ရအောင် အချုပ်အခြာအာဏာကိုထိပါး တိုက်ခိုက်လာတယ်ဆိုတာမျိုး ဖြစ်ပါတယ်။ ဒါကြောင့် ဦးဖုန်ကြားရှင်ရဲ့ တပ်ဖွဲ့ ကိုးကန့် နယ်မြေမှာ ခြေကုတ်မရအောင် အပြတ်တိုက်မယ်လို့ ရာဇသံ ပေးပါတယ်။
နောက်တစ်ပိုင်းကတော့ တရုတ်ပါဝင် ပတ်သက်မှုကိစ္စပါ။ ဒု-ဗိုလ်ချုပ်ကြီး မြထွန်းဦးက ဒီကိစ္စမှာ တရုတ် အစိုးရ ပါဝင်ပတ်သက်တယ်လို့ မပြောပေမယ့် ဖုန်ကြားရှင်ဟာ တရုတ်ကြေးစား တပ်သားတွေကို အသုံး ပြုတယ်၊ တရုတ်နယ်မြေထဲက ဆေးရုံကို အသုံးပြုတယ်၊ တရုတ်နယ်မြေထဲက ဟိုတယ်မှာ တည်းခိုတယ် ဆိုတာလောက်တော့ စွပ်စွဲပါတယ်။ ပြောရရင် အောက်ခြေအဆင့်လောက်က ပါဝင်ပတ်သက်မှု ရှိတယ်ဆိုပြီး စွပ်စွဲတာပါ။
သူပြောတဲ့အထဲမှာ အရေးအကြီးဆုံး တစ်ချက်ကတော့ ဦးဖုန်ကြားရှင်ရဲ့ MNDAA တပ်ဖွဲ့ ကိုးကန့်နယ် မြေထဲ ဝင်တိုက်နိုင်ရေးကိစ္စမှာ လက်နက်ကိုင် တိုင်းရင်းသားအုပ်စု တွေဖြစ်တဲ့ ဝ၊ မိုင်းလား၊ ကေအိုင်အေ၊ SSA ဝမ်ဟိုင်းတပ်ဖွဲ့နဲ့ တအောင်းပလောင်တပ်ဖွဲ့တွေက ကူညီတယ်ဆိုတဲ့ အထောက်အထားတွေ ရထား တယ်၊ ဒါနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းတွေက တာဝန်ယူရမယ် ဆိုတာကိုသတိပေးထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ တပ်မတော်ဘက်က ဘယ်လိုအရေးယူမယ် ဆိုတာကိုတော့ ဖော်ပြမထားပါဘူး။
ကေအိုင်အို ဦးစီးတဲ့ UNFC တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ ထုတ်ပြန်ချက်ကတော့ ဒု-ဗိုလ်ချုပ် ကြီး မြထွန်းဦး ထုတ်ပြန်တာနဲ့ ခြားနားပါတယ်။ ဦးဖုန်ကြားရှင်ရဲ့MNDAA တပ်ဖွဲ့ဟာ တိုင်းရင်းသားတွေ ပေါင်းစည်းထားတဲ့ UNFC အဖွဲ့ဝင်ဖြစ်တယ်။ ဒါတင်မက အစိုးရနဲ့ တစ်တိုင်းပြည်လုံး ဆိုင်ရာ အပစ်ရပ်စာ ချုပ်ရရေး ဆွေးနွေးနေတဲ့ NCCT အဖွဲ့ဝင်လည်း ဖြစ်တယ် ဒါကြောင့် မဟာမိတ် အဖွဲ့တချို့က ကိုးကန့် တပ်ကို ကူညီတာဖြစ်တဲ့ အကြောင်း၊ ၂ဝဝ၉ ခုနှစ်က ဦးဖုန်ကြားရှင်ဟာလည်း အခြားတိုင်းရင်းသား တပ်ဖွဲ့တချို့လိုပဲ နယ်ခြားစောင့် တပ်ဖွဲ့တာကို လက်မခံခဲ့လို့ စစ်အစိုးရရဲ့ အကြမ်းဖက် တိုက်ခိုက်တာခံရပြီး ကိုယ့်နယ်မြေကို ကိုယ်စွန့်ခွာခဲ့ရတာဖြစ်ကြောင်း၊ စစ်အစိုးရကို နာကျည်းစိတ်၊ မဟုတ်မခံ စိတ်မွေးပြီး ကိုယ့်ဒေသကို ပြန်လာနိုင်အောင် အားမွေးပြီး ပြန်တိုက်ခိုက်ရယူတာဖြစ်ကြောင်း ဖော်ပြထားပါတယ်။ နောက်ဆုံးအနေနဲ့ MNDAA ကိုးကန့်တပ်ဖွဲ့ကို အသိအမှတ်ပြု၊ အပစ်ရပ်၊ ငြိမ်းချမ်းရေး ဆွေးနွေးစေလိုကြောင်း ဖော်ပြထားပါတယ်။
ပြောရရင် လက်ရှိသမ္မတ ဦးသိန်းစိန် တက်လာပြီးနောက်ပိုင်း အရင် ၁၇ နှစ်ကြာ အပစ်ရပ်ထားတဲ့ ကေအိုင်အေနဲ့ တိုက်ပွဲတွေပြန်ဖြစ်၊ ဒုက္ခသည် သိန်းဂဏန်းနီးပါး ဖြစ်ပေါ်လာတာပါ။ ဒီနောက်ပိုင်း ဦးသိန်းစိန် အစိုးရဟာ တစ်တိုင်းပြည်လုံး အပစ်ရပ်ရေး၊ နိုင်ငံရေး ဆွေးနွေးပွဲပေါ်ပေါက်ရေး၊ အဲဒီ ဆွေးနွေးပွဲရလဒ်နဲ့ အညီ ငြိမ်းချမ်းရေးတည်ဆောက်ရေး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။ အဓိက အစိုးရဘက် က ကြိုးစားတာကတော့ တစ်တိုင်းပြည်လုံး အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးရေးပါ။
ဒါပေမယ့် တိုင်းရင်းသားအများစု ဘက်ကတော့ အပစ်ရပ်တာ သက်သက်မလိုချင်ပါဘူး။ နိုင်ငံရေးအရ အာမခံချက် လိုချင်ပါတယ်။ တစ်နည်းပြောရရင်နိုင်ငံရေး အရပြေလည်မှု မရသေးခင် စပ်ကြားကြား ကာလ အာမခံချက်လိုချင်ကြတာပါ။ ဒါပေမယ့်လည်း အစိုးရဟာ တစ်တိုင်းပြည်လုံး အပစ်ရပ်ရေးကိစ္စ နှစ် နဲ့ချီ ဆွေးနွေးခဲ့ပေမယ့် နောင်အရှည်သဖြင့် တိုင်းရင်းသားတွေနဲ့ တကယ့်စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရလို ကြောင်း သက်သေသာဓကတစ်ခု တလေမှ ဖော်ပြနိုင်ခဲ့ခြင်း မရှိပါဘူး။ ဖက်ဒရယ် ပြည်ထောင်စုနဲ့ ကိုယ် ပိုင် ပြဋ္ဌာန်းခွင့်ကို လက်ခံတယ်၊ လာမယ့် နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ ခွဲထွက်တာနဲ့ တို့တာဝန်အရေးသုံး ပါး ထိခိုက်မှာက လွဲရင်အားလုံး ဆွေးနွေးနိုင်တယ်လို့ နှုတ်က တဖွဖွ ပြောနေပေမယ့် တကယ့်လက်တွေ့ မှာတော့ ဖွဲ့စည်းပုံမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အဆင့်လောက်ကိုတောင် ပြင်ပေးဖို့ စေတနာ မပြခဲ့ပါဘူး။ ဒီလို နည်းနဲ့ပဲ ပဋိပက္ခတွေ တစ်ခုပြီး တစ်ခုဖြစ်၊ အခုနောက်ဆုံး ကိုးကန့်တိုက်ပွဲ ပြဿ နာ ပေါ်လာရတာပါ။
ခုဆိုရင် တပ်မတော်ဟာ ကိုးကန့်တပ်ဖွဲ့ကို အပြတ်ချေမှုန်းမယ်လို့ ဆိုထားတဲ့အပြင် တိုင်းပြည်ထဲက အင်အားကြီး လက်နက်ကိုင်တွေဖြစ်တဲ့ ဝ၊ မိုင်းလား၊ ကေအိုင်အေ၊ SSA ဝမ်ဟိုင်း အဖွဲ့တွေကို ရာဇသံပေးထား ပါပြီ။ အစိုးရနဲ့ တပ်မတော်ဘက်က နဂိုကိုင်စွဲထားတဲ့ တစ်တိုင်းပြည်လုံး အပစ်ရပ်ရေး၊ အဲဒီကတဆင့် နိုင်ငံရေး ဆွေးနွေးပွဲကြီးစပြီး နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာရေး လမ်းကြောင်းကနေ သွေဖီသွားတော့မှာလား ဆိုတာကတော့ မသေခြာသေးပါဘူး
တကယ်တော့ ခုလို စစ်ရေးပဋိပက္ခတွေ တစ်ခုပြီးတစ်ခု ပြန်ဖြစ်လာတာကိုက နိုင်ငံရေးအရ ယုံကြည်မှုမရှိ၊ ပြေလည်မှု မရကြလို့ပါ။ အိမ်နီးချင်း တရုတ်နိုင်ငံက ပြည်တွင်းရေး ဝင်ရောက်စွက်ဖက် အမြတ်ထုတ် နိုင်တာကလည်း ကိုယ့်တိုင်းရင်းသား ညီအစ်ကို အချင်းချင်းပြေလည်မှု မရှိလို့၊ စည်းလုံးညီညွတ်မှု မတည် ဆောက်နိုင်လို့ပါ။ တိုင်းပြည် တည်ငြိမ်အေးချမ်းဖို့နဲ့ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေး နည်းနဲ့ ဖြေရှင်းရုံမှတစ်ပါး အခြားမရှိပါဘူး။ နိုင်ငံရေးအရ ပြေလည်ဖို့ ဆိုတာကလည်း တစ်ဖက်နဲ့တစ်ဖက် တကယ့်နိုင်ငံရေးအရ ပြေလည်ချင်ကြောင်း၊ ငြိမ်းချမ်းရေးကို လိုလားပါကြောင်း သက်သေပြကြမှသာ ဖြစ်နိုင်ပါလိမ့်မယ်လို့ သုံးသပ်တင်ပြလိုက်ရပါတယ်။
Credit - Mizzima News

No comments:
Post a Comment